Food Safety အစားအစာလုံခြုံရေးဟူသည် လယ်တောမှသည် ပန်းကန်ပြားအထိ


စိတ်မချရတဲ့ အစားအသောက်တွေကနေ ဝမ်းပျက်တာကနေ ကင်ဆာအထိ ရောဂါဝေဒနာပေါင်း (၂ဝဝ) ဖြစ်စေနိုင်တယ်။ ဧပြီလ (၇) ရက်နေ့ဟာ ကမ္ဘာ့ကျန်းမာရေးနေ့ဖြစ်ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ၁၉၄၈ ကတည်းက နှစ်စဉ် ဦးစီးကျင်းပနေခဲ့တာပါ။ ၂ဝ၁၅ အတွက်ဆောင်ပုဒ်ကတော့ Food safety: From Farm to Plate အစားအစာလုံခြုံရေး။ လယ်တောမှသည် ပန်းကန်အထိလို့ အဆင့်တွေ သတ်မှတ်ထားပါတယ်။

စိတ်မချရတဲ့ အစားအသောက်တွေဟာ ကမ္ဘာလုံးဆိုင်ရာအန္တရာယ်ဖြစ်တယ်။ ပိုးမွှားတွေပါနေတဲ့ အစားအစာတွေကြောင့် ကမ္ဘာမှာ နှစ်စဉ် လူပေါင်း ဘီလီယန်တဝက်မက ရောဂါတွေရနေကြတယ်။ လူပေါင်း ၂ သန်းသေဆုံးနေရတယ်။ အများစုက ကလေးတွေဖြစ်ကြတယ်။ ၂ဝ၁ဝ ခုနှစ်တုန်းက လူပေါင်း ၃၅၁ဝဝဝ ယောက် အသက်သေဆုံးခဲ့ရတယ်။
စိတ်မချရတဲ့ အစားအသောက်တွေကနေ ဝမ်းပျက်တာကနေ ကင်ဆာအထိ ရောဂါဝေဒနာပေါင်း (၂ဝဝ) ဖြစ်စေနိုင်တယ်။ (ဗက်တီးရီးယား + ဗိုင်းရပ်စ် + ပါရာဆိုက်) ပိုးမွှားတွေနဲ့ အစားအစာထုတ်လုပ်ရာမှာ ဓါတုပစ္စည်းတွေနဲ့ မစင်တွေ၊ အဆိပ်အတောက်တွေ ပါနေနိုင်တယ်။ (ဆယ်လမိုနဲ့လား)၊ (အီးကိုလိုင်) နဲ့ (နိုရိုဗိုင်းရပ်စ်) တွေကြောင့် အစားအသောက်နဲ့ ရေကနေတဆင့်ရတဲ့ ကူးစက်ရောဂါတွေရစေတာပါ။

အာဖရိကတိုက်နဲ့ မြန်မာပြည်တည်ရှိရာ အရှေ့တောင်အာရှမှာ အဆိုးဆုံးဖြစ်တယ်။ သေဆုံးသူတွေထဲက ၄ဝ ရာခိုင်နှုန်းဟာ အသက် ၅ နှစ်အောက်ကလေးတွေဖြစ်ကြတယ်။ အဲလိုကြောင့် စီးပွားရေးလည်း ထိခိုက်တယ်။ စာရင်းဇယားထားတဲ့ ဂျာမဏီမှာ ၂ဝ၁၁ တုန်းက (အီးကိုလိုင်) ပိုးတွေ ကပ်ရောဂါလိုဖြစ်လို့ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုး စိုက်ပျိုးတောင်သူတွေနဲ့ စက်ရုံတွေမှာ အရှုံးပေါ်ခဲ့တယ်။

အစားအစာမကောင်းတာ စားမိရင် အရေးပေါ်ဖြစ်နိုင်တယ်။ အစားအစာထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေးနဲ့ စားသုံးမှုဆိုတဲ့ အဆင့်တိုင်းမှာ အစားအသောက်ကို မသန့်စေတာဖြစ်နိုင်တယ်။ ပတ်ဝန်းကျင်ပြောင်းလဲတာ၊ ပိုးမွှားအသစ်တွေ ဖြစ်ပေါ်လာတာ၊ ရှိပြီးပိုးတွေက ဆေးဝါးတွေကို ခံနိုင်ရည်ဖြစ်ပေါ်လာတာတွေကနေ အခက်အခဲတွေကို ပိုဆိုးစေတယ်။ အစားအစာတွေကို နေရာတခုကနေ တခြားနေရာဆီသယ်ယူပို့ဆောင်ရတာ အချိန်ယူလေလေ မသန့်ရှင်းတာ ဖြစ်နိုင်လေ ဖြစ်တယ်။ ကနေ့ခေတ်မှာ အစားအစာတွေကို တကမ္ဘာလုံးဖြန့်ချိနေကြလို့ အဲလိုဖြစ်လာတယ်။

အဆင့် (၅) ဆင့်လုံးမှာ လုံခြုံစိတ်ချဖို့လိုအပ်တယ်။
၁။ အစားအစာပြင်ဆင်မှု (လက် + ပန်းကန်ခွက်ယောက် + မျက်နှာပြင်) တွေကို ဆေးကြောသန့်စင်ပါ။

၂။ အစိမ်းတွေနဲ့ ချက်ပြုတ်ကျော်လှော်ထားတာတွေကို သီးခြားထားသိုပါ။

၃။ အစားအစာတွေကို ကျကျနနကျက်သည်အထိ ချက်ပြုတ်ကြော်လှော်ပါ။

၎။ အပူချိန်မှန်မှန်ကန်ကန် (အခန်းတွင်းအပူချိန်မှာ အလွန်ဆုံး ၂ နာရီ၊ မစားမီ အနည်းဆုံး ၆ဝ ဒီဂရီအထိ) မှာရှိပါစေ။

၅။ ချက်ပြုတ်၊ ဆေးကြောသန့်စင်ရာမှာ စိတ်ချရတဲ့ရေကိုသာသုံးပါ။

အဓိကကျတဲ့ အချက်အလက်တွေ ရှိပါတယ်။ စိတ်ချရပြီး အာဟာရ ပြည့်ဝတဲ့ အစားအသောက် လုံလောက် ပြည့်စုံရမယ်။ အသက်ငယ်ရွယ်တဲ့ကလေးတွေနဲ့ အသက်အရွယ် အိုမင်းသူတွေအပြင် ခရီးသွားလာနေသူတွေမှာ ဖြစ်ကြတယ်။ နွားနို့ကို (ပတ်စချာရိုက်စ်) ခေါ်တဲ့ သတ်မှတ်အပူချိန်အထိ အပူပေးမထားရာကနေ ရစေတယ်။ ရေခဲသေတ္တာထဲ ကြာကြာထားလို့လည်း ပိုးတွေ ပေါက်ပွားနိုင်တယ်။

ပိုးသေဆေးတွေ ဖြစ်တဲ့ (အင်တီဘိုင်အောတ) ဆေးတွေကို လိုတာထက် ပိုသုံးရင်။ တလွဲသုံးမိရင် ပိုးတွေက ပိုးသေဆေးကို ခံနိုင်ရည် ဖြစ်လာကြတယ်။ အဲလို ဆေးယဉ်တဲ့ပိုး တွေက အစားအသောက်ကနေလည်း ရလာနိုင်တယ်။ ဥပမာ ကြက်သားကနေ (ဆာလ်မိုနဲ့လား) ပိုး။

ပိုးမွှားတွေ -
Norovirus (နိုရိုဗိုင်းရပ်စ်)ကြောင့် ပျို့-အန်မယ်၊ ဝမ်းအရည်သွားမယ်၊ ဗိုက်နာမယ်။

Hepatitis A virus အသည်းရောင် (အေ) ဗိုင်းရပ်စ်ပိုးကြောင့် အသည်းရောင် အသားဝါ ဖြစ်စေတယ်။ အဖြစ်များတယ်။ ပါးစပ်ကနေ ဝင်တယ်။ အညစ်အကြေးထဲ စွန့်တယ်။ ယင်ကောင်၊ လက်၊ ပန်းကန်ခွက်ယောက်တွေကနေ နောက်တယောက်ကို ကူးစက်တယ်။

Parasites (ပါရာဆိုက်) ကပ်ပါးကောင်တွေလည်း အစားအသောက်နဲ့ ရေကနေ တဆင့် ကူးစက်တယ်။

Trematodes (ထရီမတုတ်) ကပ်ပါးက ငါးစားလို့ ဖြစ်တယ်။

Echinococcus spp (အီချင်နိုကေားကပ်စ် ဆက်ပ်) အကောင်က တိရိစ္ဆာ္ဆန်တွေကနေရော တိုက်ရိုက် ကိုင်တွယ်လို့ရောကနေ ကူးစက်တယ်။

Ascaris သန်ကောင်။ Cryptosporidium (ခရစ်တိုစပိုးရိးယန်း) Entamoeba histolytica (အမီးဘား)နဲ့ Giardia (ဂိုင်ယားဒီးယား) အကောင်တွေကလည်း ကူးစက်တာ မြန်မာပြည်မှာ အလွန် များတယ်။

Prions (ပရီယွန်) ဆိုတာက (ပရိုတင်း) ဖြစ်တယ်။ အာရုံကြောကို ပျက်စီးစေနိုင်တယ်။ Bovine spongiform encephalopathy ဆိုတာ နွားရူးရောဂါကို ခေါ်တယ်။ လူကိုပါ ကူးစက်နိုင်တယ်။

(ဗိုက်ဘရို ကိုလာရီယေး) ပိုးကနေ ကာလဝမ်းရောဂါ ရစေတယ်။ အစားနဲ့ ရေကနေ ကူးစက်တယ်။ ဗိုက်နာမယ်၊ အန်မယ်၊ ဝမ်းအရည်တွေ အများကြီးသွားမယ်။ ရေနဲ့ ဆားဓာတ် ခမ်းခြောက်လို့ ပြန်မဖြည့်နိုင်ရင် သေဆုံးနိုင်တယ်။ ကပ်ရောဂါ ဖြစ်မယ်။

မသန့်တဲ့အစာကနေ ဖြစ်စေတဲ့ (လစ်တာရီးယား)ပိုးကြောင့် ကိုယ်ဝန် ပျက်စေနိုင်တယ်။ မွေးလာတဲ့ကလေးလည်း သေစေနိုင်တယ်။ အစားအသောက်ထဲမှာ ပါလာနိုင်တဲ့ ဓာတုဆေးတွေကနေလည်း ရောဂါတွေ ရစေတယ်။ မှိုတွေထဲမှာ (မိုက်ကိုတောက်ဆင်)၊ (မရင်း ဘိုင်အိုတောက်ဆင်)၊ (ဆိုယနိုဂျဲနစ် ဂလိုက်ကိုဆိုက်) အဆိပ်အမျိုးအစားတွေ ဖြစ်တယ်။ မှိုဆိပ်သင့်တယ်ဆိုတာ အဲဒါတွေပါနေလို့ ဖြစ်တယ်။ လူအများစားနေကြ ပြောင်း၊ ပြောင်းဖူးတွေထဲမှာ (မိုက်ကိုတောက်ဆင်) ပါနိုင်တယ်။ တာရှည်ထိတွေ့ရာကနေ ကင်ဆာဖြစ်စေနိုင်သေးပါတယ်။

စက်မှုလုပ်ငန်းတွေကနေထုတ်တဲ့ (POPs) ဆိုတာတွေကနေ အဆိပ်သင့်နိုင်တယ်။ တကမ္ဘာလုံးကို ဖြန့်ချိနေတဲ့ အသားတွေထဲမှာ ပါနိုင်တယ်။ (ဒိုင်အောက်ဆင်) အဆိပ်ကြောင့် မျိုးပွါးလမ်းနဲ့ ဖွံ့ဖြိုးမှုကိုသက်ရောက်စေနိုင်တယ်။ ဟော်မုန်းပြောင်းတာနဲ့ ကင်ဆာအထိဖြစ်စေနိုင်တယ်။ အလေးစားသတ္တုခေါ်တဲ့ ခဲဓာတ်၊ (ကက်ဒီယမ်)၊ ပြဒါးတွေကနေ အဆိပ်သင့်နိုင်တယ်။ ကျောက်ကပ်ကိုထိခိုက်မယ်။ အစားအစာထဲ၊ လေထဲ၊ မြေထဲမှာပါနေရင် အဲလိုဖြစ်မယ်။

ဘာလုပ်ရမလဲ -
အစိုးရတွေကနေ အစားအသောက်နဲ့သောက်ရေ သုံးရေ လုံခြုံစိတ်ချရေး ပေါ်လစီချမှတ် အကောင်အထည်ဖော်ရပါမယ်။ ကျန်းမာရေးစနစ်မှာ ဓာတ်ခွဲခန်း၊ ဆေးဝါး၊ ကုသရေး၊ ကာကွယ်ရေးတွေကို ခေတ်မီ၊ လုံလောက်ပြီး အရည်အသွေး ပြည့်မီအောင် စီမံထားရမယ်။ အစားအစာထုတ်လုပ်ရာတိုင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ တင်သွင်းမှု စတာတိုင်းမှာ စနစ်ကျလုံလောက်တဲ့ စစ်ဆေးမှုအရေးယူမှုတွေ လုပ်ထားရမယ်။ လိုအပ်တဲ့ဥပဒေတွေပြုရမယ်။ ပြည်သူ့ကျန်းမာရေး၊ စိုက်ပျိုးရေး၊ တိမွေးကု၊ စက်မှုစတဲ့ကဏ္ဍအမျိုးမျိုး ပူးပေါင်ဆောင်ရွက်မှုကောင်းနေရမယ်။ နိုင်ငံတကာနဲ့လည်း ချိတ်ဆက် ပူးပေါင်ဆောင်ရွက်ရမယ်။ အစားအစာကိုင်တွယ်သူတွေ၊ စားသုံးသူတွေကလည်း အစားအစာကို ထုတ်လုပ်တာ၊ ထုပ်ပိုးတာ၊ တံဆိပ်မှာ တိတိကျကျရေးသားတာ၊ ကြေငြာတာတွေမှာ စံချိန်ကိုက် ဖြစ်နေရမယ်။

မြန်မာပြည်သားအားလုံး အစားအသောက်နဲ့ရေ လုံခြုံစိတ်ချရတဲ့ဘဝရောက်ကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ