နိုက်ဂျီးရီးယား နိုင်ငံတွင် ဦးနှောက် အမြှေးရောင် ရောဂါ ပျံ့နှံ့မှုကြောင့် ၇၄၅ ဦး သေဆုံး


နိုက်ဂျီးရီးယားနိုင်ငံ၌ ဦးနှောက်အမြှေးရောင်ရောဂါ ပျံ့နှံ့မှုကြောင့် သေဆုံးသူ စုစုပေါင်း ၇၄၅ ဦးအထိ ရှိလာပြီ ဖြစ်ပြီး ရက်သတ္တပတ်အတွင်း သေဆုံးသူ ထက်ဝက်ကျော် မြင့်တက်လာခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဧပြီ ၁၉ ရက်တွင် ပြောသည်။

ကလေးသူငယ် အများစု ကူးစက်ခံရကာ သေဆုံးမှုများ ရှိနေကြောင်း အစိုးရ တာဝန်ရှိသူများက နောက်ဆုံးကြေညာချက် ထုတ်ပြန်ပြီးနောက် ၎င်းတို့အားလုံး အနေဖြင့် အဆိုပါရောဂါပျံ့နှံ့မှုနှင့် ပတ်သက်၍ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်ကြောင်း နိုက်ဂျီး ရီးယား ရောဂါထိန်းချုပ်ရေးဌာန ဥက္ကဋ္ဌ ချီကွေးအိုင်ဟီကွီဇူက ပြောသည်။ အဆိုပါ ဦးနှောက်အမြှေးရောင် ရောဂါသည် နိုက်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် အဆိုးဝါးဆုံး ကူးစက်ခံနေရခြင်းဖြစ်ပြီး ဒေသတွင်းရှိ မျိုးနွယ်စု ခေါင်းဆောင်များနှင့် မြို့တော်ဝန်များက စုရုံးဆွေးနွေးတိုင်ပင်နေကြောင်း အစိုးရ၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားချက် အရ သိရသည်။ ပြီးခဲ့သည့် ငါးလအတွင်း နိုင်ငံ တစ်ဝန်း၌ ဦးနှောက်အမြှေးရောင် ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၈ဝဝဝ ကျော် ရှိကြောင်း သတင်း ပေးပို့မှုများ ရရှိထားပြီး ၎င်းတို့အနက် ၉၃ ရာခိုင်နှုန်းမှာ နိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်ငါးခုမှ ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းမှာပင် သေဆုံးသူ စုစုပေါင်း ၄၈၉ ဦး အထိရှိကာ ရာခိုင်နှုန်းအားဖြင့် ၅၂ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ ဦးနှောက်အမြှေးရောင် ရောဂါသည် အမျိုးမျိုးသော ဗက်တီးရီးယားပိုးများကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ၎င်းတို့အနက် ခြောက်မျိုးမှာ ကူးစက်ရောဂါများ အထိ ဖြစ်ပွားနိုင်သည်။ ရောဂါ ကူးစက်ပုံမှာ ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် ရောဂါပိုးရှိသူနှင့် ရင်းနှီးနွေးထွေးစွာ လက်ပွန်းတတီး နေထိုင်ခြင်းမှ တစ်ဆင့် ကူးစက်ခြင်း ဖြစ်သည်။ အဆိုပါ ကူးစက်မှုကြောင့် ဦးနှောက်၏ အပြင်လွှာများနှင့် အာရုံကြောမကြီး ပြင်းထန်စွာ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပြီး ရောဂါလက္ခဏာများ အနေဖြင့် ဖျားခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ဇက်ခိုင်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

မြဝတီ
https://www.facebook.com/mwdwebportal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ