အသီးအရွက် များများ ကြိုးစား စားကြပါစို့


ကျွန်ုပ်တို့နေ့စဉ် စားသုံးသည့် အစားအစာတွင် အသီးအရွက် အတော်အသင့် ပါဝင်သင့်ကြောင်း သိရှိပြီးဖြစ်ပါသည်။ ၎င်းမှာ ၄ဝဝ ဂရမ်ခန့်ဟု နားလည်ထားပါသည်။ သို့ပါသော်လည်း အင်္ဂလန်နိုင်ငံ အင်ပီးရီးယယ် ကောလိပ်မှ သုတေသန တွေ့ရှိချက်အရ နေ့စဉ် စားသုံးနေသည့် အသီးအရွက်ကို ၈ဝဝ ဂရမ်ထိ တိုး၍စားလျှင် ပိုကောင်းကြောင်း သုတေသန တွေ့ရှိချက်များက အတည်ပြု လိုက်ပါသည်။

ယင်းသုတေသီတို့၏ ယူဆချက်မှာ တစ်ကြိမ်စားလျှင် အသီးအရွက် ၈ဝ ဂရမ် ပါဝင် သင့်ကြောင်းနှင့် တစ်နေ့လျှင် အသီးအရွက် ၈ဝဝ ဂရမ်စားသုံးလျှင် နှလုံးသွေးကြော ပိတ်ခြင်း၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါများဖြစ်ခြင်းကို သိသိသာသာ လျော့ကျစေသည်ဟု တင်ပြထားပါသည်။ ထို့ပြင် ဤသို့ စားသုံးခြင်းဖြင့် တစ်နှစ်လျှင် ရှစ်သန်းခန့်သော လူများ သက်တမ်းမစေ့မီ သေဆုံးခြင်းကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။

ယင်းသုတေသီတို့သည် လူပေါင်း နှစ်သန်းပါဝင်သော သုတေသန ၉၅ ခုကို စနစ်တကျ လေ့လာပြီး သုတေသနပေါင်းချုပ် အနှစ်ချုပ်အဖြစ် အဖြေထုတ်ခဲ့ပါသည်။

ဤသုတေသန ပေါင်းချုပ်တွင် နှလုံးရောဂါသည် ငါးသောင်း၊ လေဖြတ်ရောဂါ ခံစားရသည့် ဝေဒနာရှင် ငါးသောင်း၊ သွေးတိုးရောဂါသည် ရှစ်သောင်း၊ ကင်ဆာရောဂါသည် တစ်သိန်းတို့ ပါဝင်ပါသည်။ ထို့ပြင် သေဆုံးသွားသူ တစ်သိန်းကိုလည်း လေ့လာခဲ့ပါသည်။

ဤသုတေသနတွင် အသီးအရွက် လုံးဝမစားသူများအုပ်စု၊ အသီးအရွက် တစ်နေ့လျှင်၂ဝဝ ဂရမ် စားသည့်အုပ်စုနှင့် အသီးအရွက် တစ်နေ့လျှင် ၈ဝဝ ဂရမ်စားသည့်အုပ်စုဟူ၍ အုပ်စုကြီးသုံးစု ခွဲကာလေ့လာခဲ့ပါသည်။

အသီးအရွက်တစ်နေ့လျှင် ၂ဝဝ ဂရမ် စားသုံးသည့် သူများသည် လုံးဝ မစားသုံးသူများနှင့် ယှဉ်သော် နှလုံးရောဂါနှင့် လေဖြတ်ရောဂါကို ၁၅ ရာခိုင်နှုန်း လျော့ကျ စေနိုင်ကြောင်း၊ ကင်ဆာရောဂါ ဖြစ်ခြင်းကို ၄ ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်းနှင့် သက်တမ်းမစေ့မီ သေဆုံး စေနိုင်ခြင်းကို ၁၅ ရာခိုင်နှုန်း ကျဆင်းစေနိုင်ကြောင်း တွေ့ရှိရပါသည်။

သို့ပါသော်ငြားလည်း နေ့စဉ်အသီးအရွက် စားသုံးမှုကို ၈ဝဝ ဂရမ်အထိ တိုးလိုက်သောအခါ နှလုံးရောဂါနှင့် လေဖြတ်ရောဂါကို ၃ဝ ရာခိုင်နှုန်းထိ ထပ်မံ လျော့ကျစေနိုင်ကြောင်း၊ ကင်ဆာရောဂါ ဖြစ်ခြင်းကို ၁၃ ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်းနှင့် သက်တမ်း မစေ့မီ သေဆုံး စေနိုင်ခြင်းကို ၃ဝ ရာခိုင်နှုန်း ကျဆင်းစေသည်အထိ တွေ့ရှိရပါသည်။

နှလုံးရောဂါ၊ လေဖြတ်ရောဂါနှင့် သက်တမ်းမစေ့မီ သေဆုံးစေနိုင်ခြင်းကို ကာကွယ် နိုင်သည့် အကောင်းဆုံး အသီးအရွက်များမှာ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ ဂရိတ်ဖရုသီး စသော ချဉ်သော အရသာရှိသည့် အသီးများ၊ ပန်းသီးအမျိုးမျိုး၊ ဆလတ်ရွက်၊ ဂေါ်ဖီထုပ်၊ မုန်ညင်းရွက်၊ မုန်လာရွက် စသည့် အစိမ်းရောင်ရှိသည့် အရွက်များနှင့် ပန်းဂေါ်ဖီ၊ ပန်းစိမ်းတို့ ပါဝင်ပါသည်။

ကင်ဆာဖြစ်နှုန်းကို လျော့ကျစေသည့် အသီးအရွက်များမှာ ဆလတ်ရွက်၊ ဂေါ်ဖီထုပ်၊ မုန်ညင်းရွက်၊ မုန်လာရွက် စသည့် အစိမ်းရောင်ရှိသည့် အရွက်များ၊ အဝါရောင်ရှိသည့် ငရုတ်ပွနှင့် ပန်းဂေါ်ဖီ၊ ပန်းစိမ်းတို့ ဖြစ်ပါသည်။

အသီးအရွက်များသည်ကျွန်ုပ်တို့ ၏ သွေးအတွင်းရှိ ကိုလက်စထရောကို လျော့ကျစေပါသည်။ သွေးကြောများကို ပိုမိုကျယ်စေပြီး သွေးတိုးခြင်းမှလည်း ကာကွယ်ပေးပါသည်။

ထို့ပြင် ကျွန်ုပ်တို့ သွေးကြောများ၏ သန်စွမ်းကောင်းမွန်မှုကို အထောက်အကူဖြစ်စေပါသည်။ ကိုယ်ခံစွမ်းအားကိုလည်း တက်စေပါသည်။ အသီးအရွက်များတွင် ဓာတ်မတိုးပစ္စည်းများ ပါဝင်သဖြင့် ဆဲလ်များ၏ ဒီအင်န်အေ ပျက်စီးမှုကို လျော့နည်းစေပြီး ကင်ဆာဖြစ်ပွားခြင်းကို ဟန့်တားပေးခြင်းဖြစ်ပါသည်။

အသီးအရွက်များတွင် ဖော်ပြပါ တန်ဖိုး မဖြတ်နိုင်သည့် အစွမ်းသတ္တိများရှိသဖြင့် တတ်နိုင်သရွေ့ များများ စားသုံး သင့်ပါသည်။

ထို့ပြင် ဟင်းသီးဟင်းရွက်များကို လတ်လတ်ဆတ်ဆတ်သာ စားသုံးသင့်ပါသည်။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အားလုံး နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါများကို ကာကွယ်ပြီး အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် အသီးအရွက်ကို နေ့စဉ် ၈ဝဝ ဂရမ်ခန့်စားသုံးသင့်ကြောင်း တင်ပြအပ်ပါသည်။

သက်ရှည် ကျန်းမာနေထိုင်ဖို့ အသီးအရွက် များများ စားကြပါစို့။ ။

(Ref: News Medical Life Sciences, Feb. 23, 2017)

ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ
မြဝတီ
https://www.facebook.com/pg/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ