ရှောင်ဖို့မလို... လျှော့ဖို့သာလိုပါသည်


၁၉၈၄ ခုနှစ်က အမေရိကန်ပြည်ထောင်စု၌ သွေးအတွင်း အဆီဓာတ်များနေသော အစမ်းသပ်ခံ စေတနာ့ဝန်ထမ်း ၄ဝဝဝ ကို ဆယ်စုနှစ်တစ်စုကြာအောင် သုတေသန ပြုလုပ်ခဲ့ချက်အရ ခန္ဓာကိုယ်တွင်း လှည့်ပတ်နေသည့် သွေးအတွင်းရှိ အဆီတစ်မျိုး ဖြစ်သော ကိုလက်စထရော(Cholesterol)ကို လျော့ကျ သွားအောင်ပြုလုပ်ခြင်း ဖြင့် နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ကြောင်း တိကျစွာဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါ သုတေသနပြုတွေ့ရှိချက်သည် သွေးထဲရှိ ကိုလက်စထရောကို လျှော့ချ နိုင်ရေးအတွက် ဆီစားသုံးမှုကိုဆင်ခြင်ကြရန် တွန်းအားတစ်ရပ်ဖြစ်လာခဲ့သည်။


ကိုလက်စထရောကို အသားများစားသုံးခြင်းဖြင့် ရရှိနိုင်သလို...အခြားသော အစားအစာများတွင် ပါဝင်နေသော ပြည့်ဝဆီများကို အသည်းက ပြုပြင်ထုတ်လုပ် ပေးလိုက်ခြင်းအားဖြင့်လည်း ရရှိနိုင်သည်။ ကိုလက်စထရောကို လူ့ခန္ဓာကိုယ်က မရှိမဖြစ်လိုအပ်သည်။ ဖိုမဟော်မုန်းဓာတ်များ ထုတ်လုပ်ခြင်း၊ နေရောင်ခြည်ကို စုပ်ယူပြီး ဗီတာမင်ဒီအဖြစ် ပြောင်းလဲပေးခြင်း၊ အာရုံကြောမျှင်များကို အမြှေးပါး များဖြင့် ရစ်ပတ်ဖုံးအုပ်ပေးထားခြင်းစသော လုပ်ငန်းစဉ်များတွင် ကိုလက်စထရော သည် အရေးကြီးသော အခြေခံပစ္စည်းတစ်ခု ဖြစ်သည်။

ယေဘုယျအားဖြင့် လူတစ်ဦးအတွက် နေ့စဉ် ကိုလက်စထရော ၅ဝဝ မီလီဂရမ် ခန့် လိုအပ်ပြီး ယင်းလိုအပ်ချက်ကို အစားအသောက်များမှတစ်ဆင့် အလုံ အလောက်မရရှိခဲ့လျှင် အသည်းက ဖြည့်စွက်ထုတ်လုပ်ပေးသည်။ သို့ရာတွင် ကိုလက်စထရောပါဝင်နေသော အစားအစာများဖြစ်ကြသည့် အသား၊ အသည်း၊ ဝမ်းတွင်းကလီစာများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဥအနှစ်များ စသည်တို့ကို အလွန် အကျွံစားသုံးမိခြင်းကြောင့် ခန္ဓာကိုယ်ကလိုအပ်သည်ထက် ကိုလက်စထရော ပမာဏက များပြားနေမည်ဆိုပါကမူ နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ စသော ရောဂါများ ဖြစ်ပွားလာနိုင်သည်။

သို့ဖြစ်၍ သွေးတွင်းအဆီဓာတ်ဖြစ်သော ကိုလက်စထရောပမာဏ အလွန်အကျွံ မြင့်တက် မလာစေရေး အတွက် ဆီနှင့်တကွ အဆီဓာတ်ပါသောအစားအစာများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် စားသုံးကြရန် သတိပေးနှိုးဆော်ချက်များ ထွက်ပေါ်လာရ ခြင်းဖြစ်သည်။ ထိုသို့သော သတိပေးနှိုးဆော်ချက်များကြောင့် ဆီနှင့်အဆီဓာတ် ပါသော အစားအသောက်များကို နှိုင်းနှိုင်းချိန်ချိန်ဖြင့် စားသုံးလာကြသူများရှိသလို ဆီနှင့် အဆီဓာတ်ပါသည့် အစားအသောက်များကို လုံးဝပစ်ပယ်ရှောင်ကြဉ်ကြသူ များလည်း ရှိလာသည်။ ကြော်ချက်ထားသောဟင်းများကိုပင် စားသောက်ခြင်း မပြုတော့ဘဲ၊ ပြုတ်ထားသောဟင်းများနှင့် ပေါင်းထားသောဟင်းများကိုသာ ရွေးချယ်စားသုံးလာကြသူများကိုလည်း တွေ့ရှိနေရသည်။

ဤတွင် အဆီဓာတ်သည် ခန္ဓာကိုယ်အတွက် မည်ရွေ့မည်မျှအရေးကြီးသည်ကို ပြန်ပြောင်း၍ သတိတရရှိကြဖို့ လိုအပ်လာပြန်သည်။ လူတို့ နေ့စဉ်စားသုံးနေသော အစားအသောက်များမှာ အများအပြားရှိသော်လည်း ယင်းတို့ကိုခွဲခြမ်းစိတ်ဖြာကြည့် လျှင် အဓိကအားဖြင့် သုံးမျိုးသာ တွေ့ရှိရမည်ဖြစ်သည်။ ယင်းတို့မှာ ပရိုတိန်း၊ ကာဗို ဟိုက်ဒရိတ်နှင့် အဆီတို့ ဖြစ်ကြသည်။
ယင်းသုံးမျိုးထဲတွင် အဆီဓာတ်သည် ပရိုတိန်းနှင့် ကာဗိုဟိုက်ဒရိတ်တို့ထက် အာဟာရစွမ်းအင်ကို နှစ်ဆ ပေးနိုင်စွမ်းရှိသည်။ ပရိုတိန်း သို့မဟုတ် ကာဗိုဟိုက်ဒရိတ် တစ်ဂရမ်စားသုံးလျှင် အာဟာရစွမ်းအင် ၄ ဒသမ ၅ ကယ်လိုရီမျှသာ ရရှိနိုင်သော် လည်း ဆီတစ်ဂရမ်ကို စားသုံးခဲ့လျှင်မူ အာဟာရစွမ်းအင် ၉ ကယ်လိုရီ အထိ ရရှိနိုင်သည်။ ဆီကို တိုက်ရိုက်စားသုံးခြင်းအားဖြင့် အဆီဓာတ်ကိုရရှိနိုင်သလို ... အမဲသား၊ ဝက်သား၊ ဆိတ်သား၊ ကြက်သား၊ ဘဲသား စသော အသားများနှင့် ငါး၊ ပုစွန်၊ ဂဏန်း စသော ရေထွက်ပစ္စည်းများကို စားသုံးခြင်းအားဖြင့်လည်း အဆီဓာတ် ကိုရရှိနိုင်သည်။ ဆီထွက်သီးနှံများ၊ ဆီထွက်အစေ့အဆန်များ၊ ဆီထွက်ဟင်းသီးဟင်း ရွက်များကို စားသုံးခြင်းအားဖြင့်လည်း အဆီဓာတ်ကို ရရှိနိုင်သည်။

၁၉၁၂ ခုနှစ်က ပိုလန်လူမျိုးသိပ္ပံပညာရှင် ဒေါက်တာကာစီမီယာဖန့်က ဗီတာ မင်ကို စတင်ဖော် ထုတ်တွေ့ရှိခဲ့ပြီးချိန် မှစ၍ ဆေးသိပ္ပံပညာရှင်များနှင့် ဓာတုဗေဒ ပညာရှင်တို့သည် ရာစုနှစ် တစ်စုအတွင်း ဗီတာမင်အမျိုးပေါင်း ၁၄ မျိုးကို တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့ကြသည်။ ယင်းတို့အနက် ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနှင့် ဗီတာမင်ကေတို့သည် အဆီတွင်ပျော်ဝင်သောဗီတာမင်များ ဖြစ်ကြပြီး ကျန်ဗီတာ မင်များသည် ရေတွင်ပျော်ဝင်သောဗီတာမင်များ ဖြစ်ကြသည်။
ဗီတာမင်အေသည် လူ့ခန္ဓာကိုယ်အတွင်းရှိတစ်ရှူးများ ခြောက်သွေ့မသွားအောင် အထောက်အကူပေးရုံမျှမက မျက်စိအမြင်အားကောင်းစေရန်အတွက်လည်း အဓိကအားဖြင့် အထောက်အပံ့ပေးသည်။ ဗီတာမင်ဒီကမူ သွေးထဲ၌ ကယ်လစီယမ် ဓာတ်ရရှိစေရန်၊ အာရုံကြောနှင့်ြ<ွကက်သားကလပ်စည်းများ အားကောင်းစေရန်နှင့် ကလေးများအတွက် အရိုးပျော့ရောဂါကို ကာကွယ်ပေးရန် အထောက်အကူပြုသည်။

အလားတူပင် ဗီတာမင်အီးကလည်း အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းဖြစ်ပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိသည်။ ထို့အတူပင် ဗီတာ မင်ကေကလည်း ထိခိုက်ဒဏ်ရာရသည့်အခါ ခန္ဓာကိုယ်သွေးခဲမှု နှေးကွေးခြင်းမှ ကောင်းစွာကာကွယ်ပေးပြီး သွေးထွက်မလွန်အောင် အဓိကအားဖြင့် အထောက် အကူပြုပေးသည်။
ယင်းကဲ့သို့သော လူ့ခန္ဓာကိုယ်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ဗီတာမင်လေးမျိုး ကိုရရှိနိုင်ရန် လုပ်ဆောင်ပေးနိုင်သော အဓိကအရာမှာ ဆီနှင့် အဆီဓာတ်ပါသော အစားအစာများပင်ဖြစ်သည်။ ဆီ သို့မဟုတ် အဆီဓာတ်ပါသော အစားအစာများကို စားသုံးခြင်းမပြုမိပါက သို့တည်းမဟုတ် လုံးဝရှောင်ကြဉ်ခဲ့မည်ဆိုပါက အဆီတွင် ပျော်ဝင်ပြီးမှ ရရှိနိုင်သော အဆိုပါဗီတာမင်လေးမျိုးကို လူ့ခန္ဓာကိုယ်က လက်ခံရရှိ နိုင်တော့မည် မဟုတ်ပေ။
ဆီနှင့် အဆီဓာတ်ပါသော အစားအစာများကို စားသုံးခြင်းအားဖြင့် အအေး ဒဏ်ကိုလည်း ကောင်းစွာ ခံနိုင်ရည်ရှိသည်။ အပူဓာတ်စီးကူးမှု အလွန်ညံ့ဖျင်းသော ပစ္စည်းများထဲတွင် ဆီနှင့်အဆီတို့သည် ထိပ်ဆုံးက ပါဝင်နေသည့်အတွက် ဆီကို ပုံမှန်စားသုံးနေသူသည် ဆီလုံးဝမစားသူထက် အအေးဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသည်။ ဝင်ရိုးစွန်းဒေသတွင်နေထိုင်ကြသော အက်စကီးမိုးလူမျိုးတို့သည် ခိုက်ခိုက်တုန် အောင်အေးမြလှသော ရာသီဥတုဒဏ်မှ ကာကွယ်နိုင်ရန်အတွက် ခန္ဓာကိုယ်တစ်ခု လုံးကို ဝေလငါးမှထုတ်ယူထားသော အဆီများဖြင့် လိမ်းကျံထားကြရသည်။ ဤသည် မှာကား အအေးဒဏ်ကို ကောင်းစွာကာကွယ်နိုင်သော ဆီ၏အစွမ်းသတ္တိပင်ဖြစ်သည်။
ဆီနှင့် အဆီဓာတ်ပါဝင်သော အစားအစာများကို စားသောက်ပြီးသည့်အခါ ခန္ဓာကိုယ်တွင်းရှိ အစာချက်လုပ်ငန်းစဉ်ကြောင့် အာဟာရစွမ်းအင်ဖြစ်သော ကယ်လိုရီနှင့်အတူ ရေတို့ပါ ထွက်ရှိလာသည်။ တစ်နည်းဆိုရသော် ဆီနှင့်အဆီဓာတ် ပါဝင်သော အစားအစာများကို စားသုံးခြင်းသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော ရေဓာတ်ကိုပါ တစ်ပါတည်းရရှိစေသည်။
ထို့ပြင် ခန္ဓာကိုယ်က စားသုံးလိုက်သော အဆီဓာတ်သည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအား ပူးကပ်ဝန်းရံထားသော အမြှေးပါးများကို ကြံ့ခိုင်စေသည်။ ထိုအမြှေး ပါးများ ကြံ့ခိုင်တောင့်တင်းမှု ရှိနေမှသာလျှင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ကျန်းမာကြံ့ခိုင်မှုနှင့် ပြည့်စုံမည်ဖြစ်သည်။ ထို့အတူပင် လူတစ်ဦး၏ စဉ်းစားတွေး ခေါ်လှုပ်ရှားဆောင်ရွက်မှုကို အဓိကထိန်းချုပ်ထားသည့် ဦးနှောက်ဆဲလ်များ သည်လည်း ပုံမှန်လုပ်ငန်းများကို ထမ်းဆောင်နိုင်ရန် အဆီဓာတ်ကိုလိုအပ်သည်။ အာရုံကြောများ အစဉ်ရှင်သန်နိုးကြားစေရန်အတွက်လည်း အဆီဓာတ်ကပင် ကောင်းစွာ အထောက်အကူပြုပေးလျက်ရှိသည်။
လူ့ခန္ဓာကိုယ်၏ အသားအရေ စိုပြည်ဝင်းပစေရေးအတွက်ကိုလည်း အဆီဓာတ် က ထောက်ပံ့ကူညီ ပေးနိုင်သည်။ ဆီနှင့် အဆီဓာတ်ပါသော အစားအစာများကို စားသုံးမှုမရှိပါက အသားအရေ ခြောက်ခန်းခြင်း၊ အရေပြားယားယံခြင်း စသည်တို့ ကို ခံစားရမည်ဖြစ်သလို အဆီနှင့် အဆီဓာတ်တို့ကို ပုံမှန်စားသုံးမည်ဆိုပါကမူ စိုပြည်ချောမွေ့သောအသားအရေမျိုးကို ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်သည်။
ဆီနှင့် အဆီဓာတ်ပါဝင်သော အစားအစာများကို လိုအပ်သည်ထက် ပိုမိုစားသုံးမိ သည့်အခါ ပိုလျှံနေသောအဆီအချို့ကို ခန္ဓာကိုယ်က အရန်ရိက္ခာအဖြစ် သိုလှောင် ပေးထားနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် အစာမစားရသည့်အခါ သို့တည်း မဟုတ် ငတ်မွတ်ခေါင်းပါးမှုဘေး ဆိုက်ရောက်သည့်အခါမျိုး၌ ခန္ဓာကိုယ်တွင်းအင်္ဂါ များ ဆက်လက်ရှင်သန်လှုပ်ရှားနိုင်ရေးအတွက် သိုလှောင်ထားသောအဆီများက ပြန်လည်ထောက်ပံ့ပေးခြင်းဖြင့် ရုတ်တရက် အစာငတ်၍သေဆုံးခြင်း မဖြစ်ရအောင် လုပ်ဆောင်ပေးသည်။
လူတို့၏ ခန္ဓာကိုယ်သည် ဆီနှင့် အဆီဓာတ်ပါဝင်သော အစားအစာတို့ကို စား သောက်ခြင်းအားဖြင့်လည်း အဆီကိုရရှိနိုင်သလို ဆန်နှင့်ဂျုံကဲ့သို့သော ကာဗိုဟိုက် ဒရိတ်ကို အများအပြားစားသုံးခဲ့လျှင်လည်း လိုအပ်သည်ထက်ပိုမိုလာသော ကာဗို ဟိုက်ဒရိတ်များကို အဆီအဖြစ်ပြောင်းလဲ၍ သိုလှောင်ပေးထားနိုင်စွမ်းရှိသည်။

သို့ရာတွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဖက်တီးအက်စစ်ကိုမူ ဆီနှင့် အဆီဓာတ်ပါဝင်သော အစားအစာများကို တိုက်ရိုက်စားသုံးခြင်းဖြင့်သာ ရရှိနိုင် သည်။ ကျန်းမာရေးလောကတွင် လူပြောများနေသော Omega-3 နှင့် Omega-6 တို့သည် လူ့ခန္ဓာကိုယ်အတွက်အရေးကြီးသော မရှိမဖြစ် ဖက်တီးအက်စစ်အချို့ ဖြစ်ကြသည်။ Omega-3 လုံလောက်မှုမရှိပါက ဦးနှောက်နှင့် ဗဟိုနာဗ်ကြောတို့၏ ပုံမှန်လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သည်။ Omega-3 ကို အလုံအလောက် ရရှိပါက နှလုံးကို ကျန်းမာသန်စွမ်းစေခြင်း၊ အဆစ်အမြစ်များရောင်ရမ်းနာကျင်မှုကို သက်သာစေခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ခြင်း စသော ကောင်းကျိုးများကို ရရှိစေနိုင်သည်။ ပုစွန်၊ တူနာငါး၊ ဆော်လမွန်ငါး၊ ငါးကြင်း၊ ငါးမြင်း စသည်တို့ကို စားသုံးခြင်းအားဖြင့် Omega-3 ကို ရရှိနိုင်သလို ဟင်းသီးဟင်းရွက်ဆီ၊ ပဲပုပ်စေ့ဆီ၊ နှမ်းဆီ စသည်တို့နှင့်တကွ အခွံမာအသီးများ၏ အစေ့အဆန်များကို စားသုံးခြင်းအားဖြင့်လည်း Omega-3 ကို ရရှိနိုင်သည်။
လူ့ခန္ဓာကိုယ်အတွက်လိုအပ်သော မရှိမဖြစ် ဖက်တီးအက်စစ်များသည် ခန္ဓာကိုယ်တွင်း၌ ဇီဝယန္တရားကြီး စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် လိုအပ် သော ဟော်မုန်းဓာတ်များကို ထုတ်လုပ်ပေးသလို အဆိုပါ ဟော်မုန်းဓာတ် များကြောင့်လည်း သွေးတွင်းအဆီဓာတ်များကို လျှော့ချပေးနိုင်ပြီး သွေးလှည့်ပတ် မှုနှင့် သွေးဖိအားတို့ကို ကောင်းမွန်မျှတစေသည်။
ဤသည်တို့ကို ထောက်ရှုခြင်းအားဖြင့် လူတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် ဆီနှင့်တကွ အဆီဓာတ်ပါသော အစားအစာများကို ပစ်ပယ်ထား၍မရနိုင်ကြောင်း သတိပြုကြရမည် ဖြစ်သည်။ ဆီနှင့်အဆီဓာတ်တို့သည် လူ့ခန္ဓာကိုယ်အတွက် အရေး ကြီးသော သက်စောင့်ပစ္စည်းများဖြစ်သည့်အတွက် သင့်တင့်မျှတစွာ စားသုံးသွား ကြရမည်သာဖြစ်သည်။ ဆီကို အတိုင်းအဆမဲ့စွာဖြင့် လွန်ကဲစွာ စားသုံးခြင်းသည် သာလျှင် ကျန်းမာရေးအတွက် ဆိုးကျိုးများကို ဖြစ်ပေါ်လာစေနိုင်သည်။
ကမ္ဘာပေါ်ရှိ အရပ်ဒေသအသီးသီး၌ နေထိုင်လျက်ရှိကြသော လူမျိုးအသီးသီး တို့သည် စားသောက်နေထိုင်မှုပုံစံများ အမျိုးမျိုး ကွဲပြားခြားနားလျက်ရှိနေကြသည်။ အမေရိကန်နှင့် ဥရောပတိုက်သားတို့သည် ဆီနှင့်အဆီဓာတ်ပါဝင်သော အစား အစာများကို နှစ်ခြိုက်ခုံမင်စွာဖြင့် အများအပြား စားသုံးလေ့ရှိကြသော်လည်း ဂျပန် လူမျိုးတို့၏ဟင်းလျာများ၌မူ ဆီပါဝင်မှုပမာဏ အလွန့်အလွန်နည်းပါးကြောင်း တွေ့ရှိနိုင်သည်။ ထို့ကြောင့်ပင်လျှင် အမေရိကန်နှင့် ဥရောပတိုက်သား အများစု တို့သည် အဝလွန်ခြင်းနှင့် သွေးတိုး၊ ဆီးချို၊ နှလုံးစသော ရောဂါဝေဒနာများကို ခံစားနေကြရခြင်း ဖြစ်သည်။
ထို့အတူပင် မြန်မာလူမျိုးတို့၏ အိမ်ထောင်စုတစ်စုက တစ်လလျှင် ပျမ်းမျှအားဖြင့် ဆီနှစ်ပိဿာခန့် သုံးစွဲနေကြချိန်တွင် ဂျပန်လူမျိုးတို့၏ အိမ်ထောင်စုတစ်စုက တစ်နှစ်ပတ်လုံးအတွက် ဆီ ၆၅ ကျပ်သား ခန့်သာ သုံးစွဲလျက်ရှိနေကြသည်။ ဆီကို စနစ်တကျဖြင့် မျှတစွာစားသုံးလေ့ရှိကြခြင်း၏ ရလဒ်အဖြစ် ဂျပန်လူမျိုးမှန်လျှင် လူငယ်လူရွယ်များမှစ၍ သက်ကြီးရွယ်အိုများအထိတို့သည် အဝလွန်ခြင်းမရှိကြဘဲ၊ ခန္ဓာကိုယ်ကျစ်လျစ်ပြီး ကျန်းမာကြံ့ခိုင်ကြသူများဖြစ်ကြောင်းတွေ့ရှိနိုင်သည်။ ''ဆီ ကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ''ဟူသော ရှေးမြန်မာတို့၏ဆိုရိုးစကားမှာ ဆန်ရေစပါးပေါများမှုကို ရည်ညွှန်းခြင်းသာဖြစ်ပြီး ဆီကို အလျှံအပယ်စားသုံးရမည် ဟု ဆိုလိုခဲ့ခြင်းမဟုတ်ပေ။

ဆီနှင့် အဆီဓာတ်ပါဝင်သော အစားအစာများကို လွန်ကဲစွာစားသုံးခြင်းသည် ရောဂါဘယများကို ထူပြောစေပြီး လူဖြစ်ရကျိုးမနပ်သော ဘဝမျိုးဖြင့်သာ ရှင်သန် နေထိုင်သွားကြရနိုင်သည်။ ဆီနှင့်အဆီဓာတ်ပါဝင်သော အစားအစာများကို လုံးဝ စားသုံးခြင်းမပြုဘဲ ပစ်ပယ်ထားခြင်းမျိုးကလည်း ခန္ဓာကိုယ်၏ဇီဝယ္တရား လည် ပတ်နေမှုကို တုံ့ဆိုင်းအားပျော့စေကာ ဖွံ့ဖြိုးကြီးထွားမှုနှင့် ဉာဏ်ရည်ထက်မြက် မှုတို့တွင် အများတကာထက် နောက်ကျကျန်နေခဲ့လိမ့်မည်ဖြစ်သည်။ ဆီကို သင့် တင့်မျှတစွာဖြင့် စနစ်တကျစားသုံးခြင်းကမူ တစ်သက်တာလုံး ကျန်းမာပျော်ရွှင် သောဘဝကို ပိုင်ဆိုင်ရရှိစေလိမ့်မည်ဖြစ်ပေသည်။ ။

သိပ္ပံစာရေးဆရာကိုကိုအောင်
Myanmaalinn
https://www.facebook.com/pg/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ