Appendix အူအတက်


၁။ ဆရာရှင့် ကျမအသက် ၃၀ပါ။ အိမ်ထောင်ရှိပြီး ကလေးမရှိပါ။ လစဉ်ဓမ္မတာမှန်ပါတယ်(ရက်တော့မမှန်ပါ)။ မနေ့က ဗိုက်အရမ်းအောင့်ပါတယ်။ ဆီးစပ်အပေါ်ညာဘက်အခြမ်းပါ။ မျက်စိပြာပြီး ချွေးစေးပါပြန်ပါတယ်။ လျက်ဆား စားသော်လည်း မသက်သာ၍ ဆေးရုံသွားတော့ ဆရာဝန်မှစမ်းသပ်ပြီး အူအတက်ယောင်နေတယ်လို့ပြောပါတယ်။ဆေးရုံတက်ခိုင်းပါတယ်။ ကျမ မတက်ဖြစ်ပါ။ ဆေးတစလုံးထိုးပေးပြီး အာထရာဆောင်းရိုက်ခိုင်းပါတယ်။ အဖြေမှာတော့ အူအတက်မရောင်ဘူးထွက်ပါတယ်။ သောက်ဆေးပေးပါတယ်။ နေရတာမပျော်ပါဆရာ။ ဆီးစပ်အပေါ်ညာဘက်ကိုဖိရင် အောင့်ပါတယ်။ ကျမ ဝမ်းလဲအရမ်းချုပ်ပါတယ်။ ၂ ရက် ၃ ရက်မှ တခါသွားပါတယ်။ အူအတက်ပေါက်တဲ့လက္ခဏာပါလား ဆရာရှင့်။ အူအတက်ပေါက်တဲ့လ္ခဏာကရော ဘယ်လိုပြတတ်ပါသလဲရှင့်။

၂။ ဆရာ ဗိုက်အောင့်လို့ အာထရာဆောင်းရိုက်တာ remark မှာ acute appendicitis can't be excluded လို့ ရေးထားတာ ခွဲစိတ်ဖို့လိုပါသလားဆရာ စိုးရိမ်ရလား ပြန်ဖြေပေးပါဆရာ။

အူအတက်ရောဂါ ဘာလို့လာဖြစ်လဲ။ သူ့ကို လာပိတ်လို့ဖြစ်တယ်။ ပုံမှန်အစာဟောင်း၊ အစာထဲက မာတာတခုခု ဒါမှမဟုတ် ကင်ဆာကနေ ပိတ်တာကြောင့်ဖြစ်တယ်။ သန်ကောင်ကနေလဲ ဖြစ်နိုင်တယ်။ ဆို့နေတဲ့အစာက ကယ်လ်စီယမ်ဖြစ်စဉ် ဝင်လာတတ်တယ်။ ၁၅ ယောက်မှာ ၁ ယောက်လောက်ဖြစ်တယ်။ အရွယ်မရွေးဘူး။ ၂ နှစ် အောက်ကလေးမှာဖြစ်တာ မရှိသလောက်ဘဲ။

အူအတက်အခေါင်းပိတ်ရင် ရောင်မယ်၊ သွေးကြောတွေ အဖိခံရမယ်။ သွေးပြန်ရည် လည်ပတ်တာကို ထိခိုက်မယ်။ ရောင်ရမ်းဖြစ်စဉ် ဝင်လာမယ်။ သက်သာသွားတာလဲရှိမယ်။ သွေးမရတာလဲ ဖြစ်နိုင်တယ်။ ပိုးဝင်လာနိုင်တယ်။ ပြည်တည်လာနိုင်တယ်။ ပေါက်ထွက်နိုင်တယ်။ ဗိုက်ခေါင်းကို ပိုးဝင်တာ ဆက်ဖြစ်နိုင်တယ်။ သက်သာရာကနေ အခဲဖြစ် ကျန်ရစ်မယ်။ နောက်တခါ ပြန်နာနိုင်တယ်။

အူအတက်ရှိတဲ့နေရာကို အပြင်ကနေ အတိအကျသိချင်ရင် စိတ်ကူးမျဉ်းဆွဲရတယ်။ ချက်နဲ့ တင်ပါးဆုံရိုးပြား ထိပ်နေရာကို မျဉ်းတကြောင်းဆွဲပါ။ အဲဒီနေရာဆိုတာကခါးဘေးအောက်၊ ပေါင်အထက်မှာ လက်နဲ့စမ်းရင် အရိုးမာမာ ဘုကလေးလို ရှိနေတဲ့နေရာပါ။ ပိန်ပိန်-ဝဝစမ်းလို့ရတယ်။ တင်ပါးမှာဆေးထိုးတဲ့အခါ အဲဒီ အရိုးစွန်းလေးကို လက်မနဲ့ စမ်းပြီးထိုးတာ ကောင်းတဲ့သင်ကြားမှုကိုရထားသူဖြစ်တယ်။ ဆွဲထားတဲ့မျဉ်းကို သုံပိုင်းညီညီ စိတ်ထဲမှာဘဲ ပိုင်းကြည့်လိုက်ပါ။ ချက်ဘက်က ၂ ပိုင်းနဲ့ အရိုးစွန်းဘက်က ၁ ပိုင်း ဆုံရာနေရာရဲ့ အောက်တည့်တည့်မှာ အူအတက်ကရှိနေတယ်။ အူအတက်မှာတခုခုဖြစ်ရင် အများဆုံးနာတာကအဲဒီ (ပွိုင့်) မှာနာတာက အများဆုံး ဖြစ်တယ်။ နည်းနည်းလွဲတာလည်း ရှိတာပေါ့။

အူအတက်ရောဂါတွေမှာ Acute Appendicitis ရုတ်တရက်ရောင်တာရယ်၊ Sub-Acute Appendicitis ရက်ပိုကြာတာရယ်၊ Appendicular Abscess, Burst Appendix ပြည်တည်-ပေါက်ထွက်သွားတာရယ်၊ Appendicular Lump အစိုင်အခဲ ဖြစ်နေတာရယ် ဆိုပြီးရှိတယ်။ ရုတ်တရက်ရောင်ရင် ချက်ချင်းဖြစ်၊ ချက်ချင်းဆရာဝန်ဆီရောက်၊ ချက်ချင်းခွဲစိတ်ရတာမျိုး ဖြစ်တယ်။ နာရင်လဲခေတ်စကားနဲ့ဆိုအသားကုန်နာတာပေါ့။ ပေါက်သွားရင် ရုတ်တရက်ရောင်တာထက် ပိုနာတယ်။

သိပ်မဆိုးလို့ ဆရာဝန်ဆီလည်းမရောက်၊ ပေါက်လဲမထွက်သူတွေကရက် နည်းနည်းရှိမှ ရောက်လာတတ်တယ်။ ချက်ချင်းခွဲစရာလည်း မလိုဘူး။ ရက်နောက်ကျမှ လာသူတွေကိုပြောခဲ့တဲ့နေရာကိုသေခြာခြာစမ်းရင် အစိုင်အခဲကို တွေ့နိုင်တယ်။ ဒီလိုလူနာကိုလည်း ချက်ချင်းမခွဲဘူး။ ၂ လတန်သည်၊ ၃ လတန်သည် စောင့်ပြီး၊ အေးအေးဆေးဆေး လူနာလည်းအား ဆရာဝန်လည်း အလုပ်မများချိန်မှာ ရက်ရွေးပြီးခွဲစိတ်ရတယ်။

ပြောတဲ့နေရာမှာနာတိုင်း အူအတက် ဟုတ်ချင်မှ ဟုတ်တယ်။ အူအတက်ရောဂါဖြစ်တာကို ပိုသေခြာအောင် စမ်းရမယ်။ ဆေးခန်းလက်ထောက်ဆရာမတွေကို သင်ပေးသလိုရေးပါရစေ။ လူနာကိုပက်လက်ထား၊ ဗိုက်ကိုလက်ဝါးပြင်နဲ့ အသာအယာစမ်းပါ။ အူအတက်ရှိတဲ့နေရာကို တခါတည်းသွားမစမ်းသေးနဲ့အုံး။ စမ်းတဲ့လက်နဲ့ လူနာ့ဗိုက် ရင်းနှီး ကြွမ်းဝင်သွားအောင် စကားစမြီပြောရင်း စမ်းပါ။ ပိုင်ပိုင်နိုင်နိုင်၊ ကိုယ့်လက်ဝါးနဲ့ သူ့ဗိုက်သားနဲ့ အမျိုးတော်နေသလို ဖြစ်အောင်လုပ်ပြီး စမ်းပါ။ ခဏနေမှ အူအတက်ရှိရာတည့်တည့်ကို တပဲသားမှ လွဲမသွားအောင် စမ်းပါ။ နာ-မနာ ဆိုတာသိဘို့ ဖြစ်တယ်။ စမ်းနေရင်းလူနာကို နာသလားမေးစရာမလိုသေးဘူး။ လူနာ့ မျက်နှာကိုသာ ကြည့်နေပါ။ နာတာကို အမူအယာနဲ့ သိနိုင်တယ်။ မျက်နှာ ရှုံ့သွားမယ်။ လိုမှသာနာ-မနာမေးပါ။

နာတာကိုဘာသာပြန်ရင် Pain ပေါ့။ အမှန်ကခံစားရသူကနေ နာတယ်ဆရာလို့ ဆရာဝန်ကလက်နဲ့မထိခင် ပြောတာကိုသာ အဲလိုခေါ်တယ်။ စမ်းကြည့်တဲ့အခါ နာတာကို Tenderness လို့ ခေါ်ရတယ်။ အူအတက် ရောင်ရင် Pain ရော Tenderness ရောရှိတယ်။ လေနာသမားကိုစမ်းရင် Pain ရှိပေမဲ့၊ စမ်းတဲ့လက်ကြောင့် အနာတောင် သက်သာနိုင်တယ်။

နာတာသိယုံနဲ့ အူအတက်ကွလို့ ဆုံးဖြတ်ချက်ကို (ဂျမ့်ပ်) မလုပ်နဲ့အုံး။ ဆက်စမ်းရအုံးမယ်။ နာပါတယ်ဆိုတဲ့ အူအတက်နေရာကို အသာအယာဖိပေးထားပြီး၊ ရုတ်တရက် စမ်းတဲ့လက်ကို ၉ဝ ဒီဂရီ ပြန် မ, ပြစ်လိုက်ပါ။ အဲဒီအခါ လူနာ့မျက်နှာ တခါထပ်ရှုံ့လိမ့်မယ်။ မတတ်သာလို့ မရွှေတက် နှစ်ခါနာဖြစ်အောင်လုပ်ရတာ။ ဆောရီး။ ပိုသေခြာလာပြီ။ အဲ့ လူနာနားကမခွါနဲ့အုံး။

စမ်းတဲ့လက်ကို အူအတက် မရှိတဲ့ ဗိုက်အောက်ပိုင်း ဘယ်ဘက်ခြမ်းကို စမ်းပါ။ မေးရင် မနာဘူးပြောမယ်။ အဲဒီဘက်ကနေ အူအတက်ဆီ တွန်းပေးကြည့်လိုက်ပါ။ ရောင်နေတဲ့ အူအတက်ဆီတဖက်ကအူတွေကိုတွန်းဖိပေးလို့ နာပြန်ရတာ ဖြစ်တယ်။ မရွှေတက်ခင်မြာ တတိယမိနာတယ် ပြောလိမ့်မယ်။ ဒုတိယမိ ဆောရီး။

ပိုပိုသေခြာလာပြီ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးဘူး။ ကိုယ်ပူတယ် မပြောလည်း အဖျားတိုင်းပါ။ အပူချိန် မြင့်နေရင် ပြောပေတာ့။ ယူ့ အပဲန်ဒစ် တခုခုဖြစ်နေပြီလို့။

တော်တော့ဆရာက ဒါလောက်ဘဲသင်မယ်။ ကိုယ်သင်တဲ့ ဆရာမအကုန်အစင် ရစေချင်တယ်။ ဆက်မေးစရာ၊ စမ်းစရာ၊ ကျန်သေးတယ်။ လူနာတွေဟာတယောက်နဲ့ တယောက် အနာခံနိုင်တာမတူကြသလိုပညာခံလည်းကွာတယ်။ တချို့က သဲတယ်။ ပါလာတဲ့ အမျိုးတွေရှေ့ ချွဲချင်လို့ ဟိုနေရာစမ်းလည်းနာတယ်၊ ဒီနေရာလည်းနာတယ်၊ လုပ်တတ်တယ်။ တချို့က ပညာခံနည်းတော့ မပြောတတ်ဘူး။ တိတိပပသိရအောင်လုပ်ရမယ်။ Sympathy ကိုခဏထား Empathy နဲ့ စမ်းပါလေ။

လူနာကအမျိုးသမီးဆိုရင် ဆက်မေးစရာတွေ ရှိလာပြီ။ အဖြူဆင်းသလားမေးပါ။ ဆင်းရင် ယားသလားမေးပါ။ မွေးလမ်းကြောင်းရောင်တာလည်း ထည့်စဉ်းစားရမယ်။ သားအိမ်ပြွန် ညာဘက်ရောင်နေရင် အူအတက်နေရာနဲ့ သိပ်နီးလို့ နာတဲ့နေရာတူတယ်။ အူအတက်က သူချည်းဖြစ်ရင် အဖြူမဆင်းဘူး။ ဘယ်ဘက်ပါ နာချင်နာနေမယ်။ ဒါဆိုအူအတက် မဟုတ်နိုင်တော့ဘူး။ ရာသီမှန်-မမှန် မေးပါ။ မမှန်ရင် ထိန်သလား။ အိမ်ထောင်ရှိရင် ကိုယ်ဝန်ရှိလားမေးပါ၊ စစ်ပါ။ ကိုယ်ဝန်နုတုံး၊ သားအိမ်ပြင်ပ၊ ညာဘက်ပြွန်မှာကိုယ်ဝန်တည်ရင် ဆင်တူနေပြန်တယ်။

ကလေး-လူကြီး၊ အမျိုးသမီး-အမျိုးသား၊ သန်ကောင်ကိုလည်းထည့်စဉ်းစားပါ။ Pain ဘဲရှိမယ်။ Tenderness မရှိဘူး။ ဝမ်းကိုက်ဘူးတဲ့ ရာဇဝင်လည်းမေးပါအုံး။ (အမီးဗား) ဝမ်းကိုက်ပိုးက အူမကြီးအစပိုင်း၊ အူအတက် ထွက်တဲ့နေရာ Caecum မှာလာရောင်တတ်တယ်။ သူကလည်းဖျားနိုင်တယ်။ အစိုင်အခဲလိုလိုလည်းစမ်းလို့ရတယ်။ Appendicular lump နဲ့ ခွဲသိရမယ်။ ဆီးလမ်းကြောင်းမှာ ကျောက်ကပ်ကနေ ဆီးအိမ်ကိုဆင်းတဲ့ Ureter ဆီးပြွန် ညာဘက်ထဲမှာ ကျောက်က တနေရင်လည်း နာတယ်။ နာတာက အူအတက်ထက်တောင် နာတယ်လို့ ပြောနိုင်တယ်။ ချွေးပြန်တဲ့အထိ။ သူနာတာကို Pain လို့ မခေါ်ဘူး။ Agony လို့ ခေါ်မှ တိကျတယ်။

မေးခွန်း (၂) = ဆရာရှင့် ကျွန်မ အူအတက်ဖြတ်လို့ ဗိုက်ခွဲထားတာ တလပြည့်တဲ့နေ့ပါ။ အနာက အပေါက် မပိတ်သေးပါဘူး။ ဆန်စေ့လောက် ကျန်ပါသေးတယ်။ ခွဲထားတဲ့ဒဏ်ရာက နဲနဲနာနေပါတယ်။ မန်းရည်က နဲနဲထွက်သေးတယ်။ အထိုင်အထ မှာပေါ့ဆရာရယ်။ အဲ့ဒါ ဆရာဝန်က ပြီးခဲ့တဲ့ ၃ ရက်ကစပြီး ဆေးသောက် မခိုင်းတော့ဘူး။ အနာကို spirit နဲ့သုတ်ပြီး bioplacenton ပါးပါးပဲလူးခိုင်းပါတယ်။ ခွဲပြီးလို့ ၆ ပတ်ပြည့်မှ ခရီးထွက်လို့ ရပါမယ်။ ဒီကြားထဲ ချောင်းမဆိုးရပါတဲ့။ မကုန်းရပါတဲ့။ ဒီတော့ဆရာရယ် အနာနဲ့ပတ်သက်လို့ ဘာလုပ်ရမလဲ သိချင်ပါတယ်။ ပျောက်ချင်လှပါပြီ။ ဘာလို့များ ခုထက်ထိ အနာမပိတ် မကျက်သေးတာလဲဆရာ။ ဆီးချို မရှိပါ။ ဖြေပေးပါအုံးဆရာရှင့်။ အနာမကျက်ရင် ရေမထိရဘူးဆိုတာ ဟုတ်ပါသလား။

မစိုးရိမ်ပါနဲ့။ (၁) ကြိုးစလေးထွက်စရ ကျန်တာနဲ့ (၂) အနာကျက်ဘို့ လိုသေးတာဖြစ်မယ်။ ကြိုးစက ထွက်လာမယ်။ ရှိနေလို့ မထွက်သေးရင် ထုတ်ပေးလို့ရတယ်။ ဆေးကို အနာဘေးမှာသာ အရက်ပြန်သုတ်ပါ။ အထဲကို Betadine/Cipladine cream လိမ်းတာ အကောင်းဆုံးဖြစ်တယ်။ ဈေးမကြီးပါ။ ထိခိုက်ဒဏ်ရာ အနာမှန်သမျှအတွက် ကောင်းတယ်။ ကလေးမွေးစ ချက်ကိုပါထည့်လို့ရတယ်။ အိမ်တိုင်းမှာ ဆောင်ထားသင့်တယ်။ ၄-၆ ပါတ်ဆိုရင် အထဲက အနာကောင်းကောင်းကျက်နေပြီ။ အနာကျန်သေးရင် ပလပ်စတအုပ်ပြီးရောချိုးလို့ရလောက်ပါပြီ။ ချိုးပြီးတာနဲ့ ဆေးထည့်ပါ။

ဓါတ်ပုံ = ၁ဝ-၄-၂ဝ၁၃ ယမုန်နာဆေးခန်းမှာခွဲပေးရတဲ့ အူအတက်

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ