Cod liver oil ငါးကြီးဆီ


၁။ မင်္ဂလာပါ ဆရာဗျ။ အသက် ခုနှစ်ဆယ်ကျော်ဆိုရင် ငါးကြီးဆီကို ဆက်ပြီး စားသင့်ပါသလားဆရာ။ ကောင်းကျိုး ဆိုးကျိုးကိုလည်း ပြောပြပေးပါ။ ကျေးဇူးတင်ပါသည်။

၂။ ဆရာရှင့် ကျွန်မ၏သမီးလေး တနှစ်နဲ့ ခုနှစ်လရှိပါပြီ။ သမီးလေးကို cod liver oil capsule တနေ့တစ်လုံး တိုက်ပါသည်။ အသိဆရာဝန်မှ တိုက်ခိုင်းလို့ပါဆရာ။ ကျွန်မတို့က့ တွင်နေပါသည်။ တိုက်လို့ရပါသလားဆရာ။

၃။ ဆရာ ငါးကြီးဆီက ကျား မ အရွယ်သုံးပါးမရွေး စားလို့ရပါသလား။

၎။ ဆရာရှင့် ငါးကြီးဆီက နေ့တိုင်းသောက်ရင် ကောင်းပါသလား။

Cod liver oil ငါးကြီးဆီ နဲ့ Fish oil ငါးဆီတွေကဆင်တူပါတယ်။ ငါးကြီးဆီထဲမှာ ဗီတာမင် (အေ) နဲ့ (ဒီ) တွေ ပိုများတယ်။ လက်ဖက်ရည်ဇွန်း တဇွန်းထဲမှာ Retinol ဗီတာမင် (အေ) 4080 μg နဲ့ ဗီတာမင် (ဒီ) 34 μg ပါတယ်။ ယောက်ျားတွေ တနေ့လိုအပ်ချက်က ဗီတာမင် (အေ) 900 μg နဲ့ အမျိုးသမီးတွေ 700 μg ဖြစ်တယ်။ ဗီတာမင် (ဒီ) က15 μg ဖြစ်တယ်။ ဗီတာမင် (အေ) ဟာ အဖုံးလွှာတွေကောင်းနေစေအောင်လုပ်တာမှာ အသုံးကျတယ်။ ကြက်မျက်သင့်တာကို ကာကွယ်မယ်။ မျက်စိရောဂါတိုင်းကို မကောင်းစေတာ သတိထားပါ။ အရေပြားချောမွေ့စေမယ်။

ငါးတွေကနေရတဲ့အဆီထဲမှာ Omega-3 fatty acids (အိုမီဂါ-သရီး)၊ Eicosapentaenoic acid (အီး-ပီ-အေ) နဲ့ Docosahexaenoic acid (ဒီ-အိတ်ခ်ျ-အေ) DHA ဆိုတဲ့လူတွေအတွက် အာဟာရဖြစ်စေတဲ့ဓါတ်တွေပါတယ်။
အရင်ကတော့ ဗီတာမင် (အေ) နဲ့ (ဒီ) တွေလဲပါတာကို အဓိကထားပြီး အထူးသဖြင့် ကလေးတွေကို အားဆေးအဖြစ် ပေးခဲ့ကြတယ်။

သတိထားဘို့က (အိုမီဂါ သရီး) ကိုလိုချင်လို့ သောက်သူတွေဟာ အတူပါနေမဲ့ ဗီတာမင် (အေ) 3000 μg/day နဲ့ ဗီတာမင် (ဒီ) ကို 100 μg/day ထက် တနေ့မှာ မပိုသင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ငါးကြီးဆီပေးရင် အထဲကကလေးကို ငယ်စဉ်မှာဖြစ်တတ်တဲ့ ဆီးချိုအမျိုးအစား (၁) အဖြစ်နည်းတာတွေ့ရတယ်။ ဒါပေမဲ့ များလို့မကောင်းတာလဲ သတိထားရမယ်။ နို့တိုက်နေချိန်မှာ ကလေးအတွက် (အေ) ပိုရစေလို့ကောင်းတယ်။ (ဒီ) မှာတော့ မထူးပါ။ ကင်ဆာရှိနေတဲ့ အမျိုးသမီး ၆၈ဝဝဝ ယောက်ကို ငါးကြီးဆီနေ့တိုင်းပေးပြီး စမ်းတော့ သေဆုံးမှုနှုန်း သိသိသာသာ (ကင်ဆာအားလုံးရဲ့ ၂၅% နဲ့ အဆုပ်ကင်ဆာရဲ့ ၄၅%) နည်းတာတွေ့ရတယ်။

ငါးကြီးဆီရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကောင်းကျိုးတွေ
အဆစ်နာတာကနေ နှလုံးရောဂါအထိ ကောင်းလို့သောက်ကြတယ်။ ကင်ဆာရှိနေသူတွေ အသက်ပိုရှည်နိုင်တယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အဆုပ်၊ အူမကြီး၊ ရင်သား ကင်ဆာ ရှိနေသူတွေ။ ကလေးတွေမှာဖြစ်တဲ့ ဆီးချိုအမျိုးအစား (၁) ဖြစ်မှာကို နည်းစေနိုင်တယ်။ သူ့ထဲမှာပါတဲ့ ဗီတာမင် (ဒီ) ကြောင့် အဲလို အကျိုးရစေတာဖြစ်တယ်။ ရူမက်တစ်အဆစ်နာအတွက် ကောင်းတယ်။ ဆိုင်းနပ်စ်ရောဂါအတွက်လဲ ကောင်းမယ်။

သတိထားစရာတွေ
(အိုမီဂါ-သရီး) နဲ့အတူ ဗီတာမင် (အေ) နဲ့ (ဒီ) တွေလဲပါတယ်။ စားသောက်တာထဲမှာလဲ ဒီဓါတ်တွေပါနေတာမို့ များသွားရင်သာ သတိထားရမယ်။ သွေးခဲစနစ်ကို သက်ရောက်လို့ သွေးယိုနိုင်တယ်။ သွေးထွက်တတ်လို့ ဆေးသောက်နေရသူတွေ မသင့်ပါ။ ခွဲစိတ်ကုသမှု ခံယူစရာရှိရင် ဒီအားဆေးသောက်နေတာကို ၂ ပါတ်ကြိုတင်ပြီး မသောက်ဘဲနေရမယ်။ ကယ်လိုရီ အများကြီး ရစေတယ်။

ငါးကြီးဆီ လက်ဖက်ရည်ဇွန်း တဇွန်း (13.6 g) ထဲမှာ တနေ့တာ စားသုံးသင့်တဲ့ ဗီတာမင် (အေ) ထက် 136% ပါနေတယ်။ ပိုတဲ့ ဗီတာမင် (အေ) တွေက အသည်းမှာလာပြီးစုထားတယ်။ အဆင့်တခုရောက်လာရင် Hypervitaminosis A ဗီတာမင် (အေ) လွန်ကဲခြင်းရောဂါရလာမယ်။ ကိုယ်ဝန်ဆောင်မှာ များနေရင် ကလေးအင်္ဂါချို့ယွင်းတာဖြစ်နိုင်တယ်။ မိခင်ကိုလဲ သွေးတိုးတက်စေတယ်။ ဗီတာမင် (အေ) 25 000 IU/kg ဆိုရင် အဆိပ်သဘောဖြစ်တယ်။ ကီလို ၅ဝ ရှိသူတယောက်ဟာ 1.25 kg စားသောက်ရင် အဆိပ်ဖြစ်တယ်။ ယောက်ျားတွေမှာ (အိုမီဂါသရီး) လိုတာထက်ပိုစားသူတွေမှာ ဆီးအကျိတ်ကင်ဆာ ပိုဖြစ်တာ တွေ့ရတယ်။ အသက် ၂၅ နှစ်အရွယ် အတွက် တနေ့မှာ ဗီတာမင် (အေ) အများဆုံး 3,000 micrograms/day = 10,000 IU ဖြစ်တယ်။ များရင် ပျို့-အန်ချင်၊ အားယုတ်၊ ကိုယ်အလေးချိန်ကျ၊ မျက်စိကြည့်မကောင်း၊ ရာသီဆင်းမမှန်ဖြစ်မယ်။ ငါးတွေမှာသာမက အကောင်တွေရဲ့ အသည်းမှာလဲ ဒီဓါတ်ပါတယ်။ ဝင်ရိုးစွန်းနေ အကောင်တွေမှာ ပိုများတယ်။ (ပိုလာ) ဝက်ဝံအသည်း 30 - 90 grams စားလိုက်ရင် လူသေနိုင်တယ်။ စွပ်ဖါးဆွဲခွေးလဲ ရောဂါရမယ်။ (အေ) များလွန်းရင် အရိုးအားနည်းစေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တနေ့ ဗီတာမင် (အေ) 5,000 IU ထက်မပိုရပါ။ မွေးလာတဲ့ကလေးတွေမှာ (အေ) နည်းနေရင်လဲ မကောင်းပြန်ပါ။ မွေးပြီး ၂ ရက်အတွင်း (အေ) 50,000 IU (15 mg) ပေးရင် မွေးစကလေးသေနှုန်း သိသိသာသာ နည်းတယ်။

လူတယောက် တနေ့တာလိုအပ်ချက်
- Vitamin A 1250 IU
- Vitamin D 135 IU
- Cod Liver Oil 400 mg ဖြစ်တယ်။ အစားအသောက်ကနေ အဲလောက်ရနေရင် ဆေးမလိုပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ