ညအိပ်ရာဝင်ခါနီး မစားသင့်သော အစားအသောက် ငါး မျိုး


အစားအသောက်ကို လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ သို့သော် ညအိပ်ရာဝင်ခါနီး အစားအစာတွေ အများကြီးစားမိတဲ့အခါ အစာမကြေဗိုက်အင့်စေပြီး အိပ်စက်ခြင်းကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်
ပါတယ်။ အထူးသဖြင့် အောက်ပါအစားအသောက်ငါးမျိုးက အိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေနိုင်၍ အထူးသတိပြုရှောင်ရှားသင့်ပါတယ်-

(၁) အာလူးကြော်များ

အာလူးချောင်းကြော်၊ အာလူးအကြွပ်ကြော်၊ ပြောင်းဖူးပေါက်ပေါက် စတဲ့ဆီကြော်အစားအစာတွေထဲမှာဆီပါဝင်မှု လွန်စွာများပြားလှပါတယ်။ အကယ်၍ညအိပ်ရာမဝင်ခင် တီဗွီကြည့်ရင်း ၎င်းအစားအစာတစ်မျိုးမျိုးကို လက်တဆုပ်စာလောက်စားမိတယ်ဆိုရင်ပဲ ကြေညက်စေဖို့အတွက် အစာအိမ်ထဲမှာအချိန်တော်တော်ကြာအောင် အစာချေဖျက်နေရပါတယ်။ နံနက်မိုးသောက်၍ အိပ်ရာထတဲ့အခါမှာ မအီမလည်ဖြစ်ခြင်း၊ လေပွခြင်းတို့ ခံစားရပါလိမ့်မယ်။

(၂) လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာဖျော်ရည်များ

ကဖိန်းဓာတ်များတဲ့ လက်ဖက်ရည်၊ ကော်ဖီပြင်းပြင်းဖြစ်စေ၊ နို့ဓာတ်များတဲ့ လက်ဖက်ရည်၊ ကော်ဖီပျော့ပျော့ဖြစ်စေ၊ကိုလာအချိုရည်ပဲဖြစ်စေ ယင်းကဖိန်းဓာတ်များကို ညနေ ၄နာရီနောက်ပိုင်းကစ၍ မသောက်သင့်ပါဘူး။ ကဖိန်းဓာတ်က ဦးနှောက်နှင့်အာရုံခံအဖွဲ့အစည်းကို တက်ကြွအောင် လှုံ့ဆော်ပေးတာကြောင့် သင့်ရဲ့အိပ်စက်အနားယူချိန်ကို ဓားပြတိုက်ခံရတတ်ပါတယ်။

(၃) အပူအစပ် အစားအစာများ

ပူစပ်သော အစားအစာများကို စားပြီးတဲ့အခါအစာအိမ်မှ အက်ဆစ်တွေအထွက်များလာပြီးဘေးထွက်ဆိုးကျိုးအဖြစ် ရင်ပူခြင်း၊ လေပွခြင်း၊ လေချဉ်တက်ခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း ဖြစ်ရုံသာမကညအိပ်ပျော်နေစဉ် အာခြောက်၍ ရေငတ်ခြင်းတို့ကိုပါဖြစ်စေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ညစာဟင်းလျာကို အချိုချက်စားပေးနိုင်ရင် ပိုကောင်းပါတယ်။(၄) ရေခဲမုန့်၊ သကြားလုံးအပါအဝင် အချိုအစားအစာများအချိုကဲတဲ့အစားအစာတွေကို နံနက် (သို့မဟုတ်) နေ့ လည်မှာ စားပေးနိုင်ပါတယ်။ သို့သော် ညနေစောင်းမှစ၍ မစားသင့်တော့ပါဘူး။ အဘယ်ကြောင့်ဆိုသော် ၎င်းသရေစာမုန့်အချိုများက ဦးနှောက်ခွန်အားကို ကောင်းမွန်စွာလှုံ့ဆော်ပေးတာကြောင့် သွယ်ဝိုက်သောနည်းအားဖြင့် နှစ်ခြိုက်စွာအိပ်မောကျခြင်း ဇီဝဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေပါတော့တယ်။

(၅) အရက်သေစာများ

အရက်သောက်ပြီးနောက် ချက်ချင်းအိပ်ပျော်သွားတာကြောင့် လူအများစုက အရက်ကို ညအိပ်ရာဝင်ခါနီး သောက်သင့်တယ်လို့  ထင်မှတ်မှားနေကြပါတယ်။ အမှန်တကယ်မှာတော့ အရက်က အိပ်စက်ခြင်းကို လုံးဝဖျက်ဆီးပစ်ပါတယ်။ ဘေးအမြင်မှာ အရက်မူး၍ အိပ်ပျော်နေတယ်လို့ ထင်ရသော်လည်း ကာယကံရှင်ကတော့ အိပ်မက်ဆိုးတွေမြင်မက်ခြင်း၊ ကယောင်ကတမ်းပြောဆိုအော်ဟစ်ခြင်း၊ ချွေးထွက်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ဝေဒနာများဖြင့်နှစ်ခြိုက်စွာအိပ်ပျော်လေ့မရှိပါဘူး။ အရက်ကိုဆေးဖြစ်ဝါးဖြစ် မှီဝဲကြသူများအတွက် အရက်သောက်ရန်အသင့်တော်ဆုံးအချိန်မှာ ညအိပ်ရာမဝင်ခင် ၄ နာရီခန့်အလိုမှာ ဖြစ်ပါတယ်။ (ဥပမာ-ည ၁ဝ နာရီအိပ်ယာဝင်သူဖြစ်ပါက ညနေ ၆ နာရီနောက်ပိုင်းမှစ၍အရက်မသောက်သင့်တော့ပါဘူး။)


တင်ထက်ထက်ဇော်
The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ