လူနာသုည


အမေရိကန်ပြည်ထောင်စုကို HIV ပိုး သယ်ဆောင်လာသူ လို့ စွပ်စွဲခံရတဲ့ သူရဲ့ နာမည်ကို ပယ်ဖျက်လိုက်ပါတယ်။ လေ့လာမှု အသစ်တစ်ခုနဲ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ် ။လူနာသုည (patient zero)လို့ စွပ်စွဲခံရတဲ့ ပြင်သစ် -ကနေဒီယန်နွယ်ဖွား Gaetan Dugas ( Flight Attendant ) ဟာ အမေရိကန်ကို AIDS ရောဂါကိုဖြစ်စေတဲ့ HIV ရောဂါပိုးကို သယ်ဆောင်ပျံ့နှံ့စေခဲ့သူ မဟုတ်ပါဘူး ။

၁၉၇၀ ခုနှစ်ဝန်းကျင်ကနေ စုဆောင်းထားတဲ့ သွေးနမူနာကို လေ့လာချက်အရ HIV virus ဟာ အမေရိကန်မြောက်ပိုင်းကို ကရေဘီယန်(Caribbean) ဒေသကနေ ဘယ်လို ပျံ့နှံ့စေတယ်ဆိုတဲ့ အမြင်အသစ်တစ်ခုကို ရှိလာစေပါတယ်။ယခုအချိန် ယူနိုက်တက်စတိတ်မှာ ၁.၂ သန်းကျော်သော လူတွေဟာ HIV ရောဂါပိုးသယ်ဆောင်လျက် နေထိုင်နေကြပါတယ်။

နိုင်ငံတကာ သိပ္ပံပညာရှင်တွေ ဖွဲ့စည်းလုပ်ဆောင်တဲ့ ဒီသုတေသနကို The journal Nature မှာ ပုံနှိပ်ခဲ့ပါတယ်။

" ဒီ ဗိုင်းရပ်စ် ပျံ့နှံ့မှုအတွက် ဘယ်သူ့ ကိုမှလည်း မစွပ်စွဲသင့်သလို ဘယ်သူကမှလည်း ၁၉၇၀ မှာ ဒီ ကရေဘီယန်ဒေသ ကနေ ယူနိုက်တက်စတိတ်ကို ကူးစက်လာခဲ့ပုံကို မသိနိုင်ပါဘူး ။ ဒါက ကျယ်ပြန့်တဲ့ မေးခွန်းတစ်ခုပါ။ "

လေ့လာမှုရဲ့ ပူးတွဲ ရေးသားသူArizona တက္ကသိုလ် Ecology and Evolutionary biology Department မှာ Professor and Head ဖြစ်သူ Dr Michael Worobey က အင်္ဂါနေ့မှာ ပြုလုပ်တဲ့ အစည်းအဝေး မှာ ပြောကြားလိုက်ပါတယ်။

" ဘယ်လူမျိုးမဆို ဖြစ်နိုင်တယ် ။ ဘယ်နိုင်ငံသားမဆို ဖြစ်နိုင်ပါတယ်။ နောက်ဆုံး သွေးသွင်းရာမှာသုံးတဲ့ ပစ္စည်းလေးတောင်ဖြစ်နိုင်တယ်။၁၉၇၀လောက်က သုံးတဲ့ သွေးသွင်းရာမှာ သုံးတဲ့ ပစ္စည်းလေးတွေဟာ ဟေတီ ကနေလာတာပါ ။ "

"ကျွန်တော်တို့ လုပ်ခဲ့တာက တော့ ဒီ AIDS ရောဂါရဲ့ ပထမဆုံး လူနာဖြစ်စဉ်ကနေ မူလဇာစ်မြစ်ကို ရဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ နောက်ကြောင်းကို ပြန်လှည့်ကြည့်တဲ့အခါ အရမ်းကို စိတ်ဝင်စားစရာတွေကို တွေ့ရပါတယ်။"

>>>>>>လူနာ သုည နဲ့ အဲ့ဒီနာမည်ရဲ့ လွှမ်းမိုးမှု

၁၉၈၁ ခုနှစ်မှာ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟို မှ သုတေသန ပညာရှင်များက ထူးဆန်းတဲ့ရောဂါတစ်ခုကို စာတမ်းပြုစုကြပါတယ်။ သူတို့ရဲ့ သုတေသနမှာ HIVရောဂါပိုးနဲ့ လိင်ဆက်ဆံမှုတက်ကြွခြင်းကြားက ဆက်နွယ်မှုကို လေ့လာခဲ့ကြတယ်။

လေ့လာသူတွေက HIVပိုးရှိသော လိင်တူဆက်ဆံသူအမျိုးသားအုပ်စု တစ်စုကို စတင်ပြီးလေ့လာခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ စတင်ခဲ့ပါတယ်။ အမေရိကန်က မြို့နယ် ဆယ်ခု မှာ အမျိုးသား ၄၀ကျော်ကို ချိတ်ဆက်ပြီး လေ့လာနိုင်ခဲ့တယ်။

ဒီအုပ်စုထဲမှာ ဒူဂတ်စ် (Dugas ) ကို ဗဟိုပြုပြီး သူ့ကို လူနာ" အို " (တကယ်က သုည မဟုတ်ဘဲ "အို" ( "O") ပါ။ out of California လို့ဆိုလိုတာပါ ။ သူဟာ ကယ်လီဖိုးနီးယား အပြင်ဘက်မှာ နေထိုင်သူ ၊ ကယ်လီဖိုးနီးယား အပြင်ဘက်ကလူ လို့ ဆိုလိုတာပါ။ ) အဖြစ် ယူဆပြီး လေ့လာခဲ့ပါတယ်။

အဲ့ဒီစကားလုံး "အို" ကို "သုည" လို့ သိပ္ပံစာပေတွေမှာ မှားယွင်းဖော်ပြခဲ့ကြပါတယ်။ သတင်းမီဒီယာတွေနဲ့ လူထုတွေက ဒီနာမည်နဲ့ ကြော်ငြာချက်ထုတ်တဲ့ အခါတိုင်း ဒူဂတ်စ် အတွက် ထိခိုက်စရာတွေ ဖြစ်လာခဲ့ပါတယ်။

နှစ်ပေါင်းများစွာကြာအောင် ဒူဂတ်စ်နဲ့ သူ့ရဲ့ မိသားစုဟာ စွပ်စွဲချက်စကားလုံးတွေအောက်မှာ နေထိုင်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ AIDS အပြင်းအထန်ဖြစ်ပွားမှု အတွက်ရေးတဲ့ စာအုပ်ဖြစ်တဲ့ " And the band Played on " စာအုပ်မှာ ဒူဂတ်စ် ကို လိင်ဆက်ဆံဖော်များသူ (multiple sexual partners) ရှိတဲ့ "လူမှုလမ်းကြောင်း " တစ်ခု အဖြစ် အလွန်အမင်း ကိုးကားဖော်ပြခဲ့ကြပါတယ် ။

၁၉၈၇ ခုနှစ်မှာ The National Review စာစောင်က သူ့ကို " Columbus of AIDS " ( အေအိုင်ဒီအက်စ်ကို စတင်ရှာဖွေသူ လို့ တင်စားတာ သို့မဟုတ် သရော်တာပါ ) ။ The New York Postကလည်း " ငါတို့ကို HIV ပေးခဲ့သူ ( the man who gave us HIV ) လို့ ရှေ့ဆုံးစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

" ကျွန်တော်တို့မှာ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ဒါကမှားယွင်းနေပါတယ်။ ဒါပေမဲ့ လူတွေ ဒါကိုပြောဆိုနေတာကို မတားဆီးနိုင်ပြန်ပါဘူး ။ ဒါက သိပ်ကို လွဲချော်နေတာပါ။ သူက ကျွန်တော်တို့ ဆီ HIV သယ်ဆောင်လာတဲ့သူ တဲ့လား ။ ကောင်းပြီ ။ ဒါက မှန်နေရင်တောင် စိတ်အနှောက်အယှက်ဖြစ်စရာပါ။ ဒါက မှန်မနေတာကြောင့်ကို ပိုပြီးတော့ စိတ်မသက်မသာ ဖြစ်ရပါတယ် ။ "

Enmory University 's Rollins School of Public Health နဲ့ the University's center for AIDS research ရဲ့ co - director ဖြစ်သူ ဒေါက်တာ ဂျိမ်းစ်ကူရန် ( Dr James Curran ) ကပြောပါတယ်။

သုတေသန အသစ်မှာ မပါဝင်တဲ့ Dr Curran က ၁၉၈၁မှာ AIDS task force နဲ့ CDC ( center of disease control) မှာ ၁၉၉၅ အထိ ဦးဆောင်ခဲ့ပါတယ်။

"CDC က သူ့ကို လူနာသုည ( patient zero)လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး ။ သူက ပထမဆုံးလူလို့ မပြောခဲ့ပါဘူး ။"

" သူ့ရဲ့ အဲ့ဒီလို နာမည်ဆိုးတပ်ခံရမှု အတွက် ထိခိုက်နစ်နာမှု အပြင် သိပ္ပံနဲ့ ဆေးပညာဆိုင်ရာ မှန်ကန်မှုတွေကိုပါ ထိခိုက်စေတာပါပဲ ။ ယူနိုက်တက် စတိတ်မှာ ဒီကပ်ရောဂါကို ဒီအရင်း
အမြစ်တစ်ခုကနေပဲ စတင်ခဲ့တယ် ဆိုတာ လုံးဝကို မဖြစ်နိုင်ပါဘူး ။လူအများစုကနေ ကူးစက်တာက ပိုပြီး ဖြစ်နိုင်ချေ ရှိပါတယ်။ "

Curran က အဲ့ဒီလိုပြောပါတယ်။

" လူနာသုည ဆိုတဲ့ အယူအဆက အမြဲပဲ မှားယွင်းနေခဲ့တာ ဖြစ်ပြီး သိပ္ပံပညာရှင်တွေက ဘယ်တုန်းကမှ အဲ့ဒီလို မပြောခဲ့ပါဘူး ။ "

ဒူဂတ်စ်ဟာ HIV ဆက်နွယ်တဲ့ ရောဂါနဲ့ ၁၉၈၄ ခုနှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး အခု နှစ်ပေါင်း ၃၀ကျော် ကြာလာခဲ့တဲ့အခါမှ သိပ္ပံပညာရှင်တွေက သူ့ရဲ့ သွေးနမူနာတွေကို အသုံးပြု စစ်ဆေးခဲ့ ပြီး သူ့ကိုခေါ်ဝေါ်တဲ့နာမည်ကို ချေဖျက်ဖို့ ကြိုးစားခဲ့ကြပါတယ်။

>>>>သွေးစများနှင့် အတိတ်တစ်ချိန်ကို သွားကြည့်ခြင်း

သုတေသန အသစ်အတွက် Worobey နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေဟာ နယူးယောက်နဲ့ ဆန်ဖရန်စစ်စကိုမှာရှိတဲ့ "အသည်းရောင်အသားဝါဘီ ပိုး" အတွက် လေ့လာဖို့ ၁၉၇၈နဲ့၁၉၇၉မှာ သိုလှောင်ထားတဲ့ သွေးနမူနာတွေကို စုဆောင်းခဲ့ပါတယ်။ ဒီသွေးတွေက အမျိုးသားအချင်းချင်း လိင်ဆက်ဆံသော အမျိုးသားတွေဆီမှ ရယူထားတာဖြစ်ပါတယ်။


သွေးတွေကို စစ်ဆေးပြီးတဲ့အခါ ဘီပိုးရှိတဲ့ လူနာတွေဆီကနေ HIV positive ဖြစ်နိုင်ချေဟာ မြင့်မားတယ်လို့ Worobey က ဆိုပါတယ်။

အဲ့ဒီသွေးနမူနာတွေကနေပဲHIVရဲ့ မျိုးဗီဇစုတွေရဲ့ အစီအစဉ် (genome sequence) ၈မျိုးကို ပြန်လည်ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ အဲ့ဒီ ၈မျိုးဟာ အမေရိကန်မြောက်ပိုင်းမှာ အစောဆုံးတွေ့ရတဲ့ HIV ပိုးရဲ့ မျိုးဗီဇအစုအပေါင်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဒူဂတ်စ်ရဲ့ သွေးနမူနာထဲကလည်း HIV မျိုးဗီဇကို ပြန်လည် ရှာဖွေခဲ့ပါတယ်။

များစွာသော နမူနာတွေက နှစ်ပေါင်းများစွာကြာနေပြီဖြစ်လို့ ပျက်စီးနေခဲ့ပြီ ဖြစ်သော်လည်း Worobey ရဲ့ ဓာတ်ခွဲခန်းက RNAကို ထုခွဲခြင်း ( RNA jackhammering) ဆိုတဲ့နည်းလမ်းနဲ့ မျိုးဗီဇကို ရရှိအောင် လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနည်းလမ်းမှာ သွေးထဲကတွေ့ရှိတဲ့ လူသားရဲ့ မျိုးဗီဇကို ဖြိုခွဲပြီး အဲ့ဒီအထဲက HIV ပိုးရဲ့ RNA ကို ဆွဲထုတ်ကာ အဲ့ဒီပိုးရဲ့ မျိုးဗီဇကို ရယူတာဖြစ်ပါတယ်။
အသုံးပြုတဲ့ နည်းလမ်းဟာ ရှေးခေတ်က ရှင်သန်ခဲ့တဲ့ လူသားသက်ရှိတွေရဲ့ ရုပ်ကြွင်းကနေ မျိုးဗီဇကို ပြန်လည်တည်ဆောက်တဲ့အခါမှာ အသုံးပြုတဲ့ နည်းလမ်းနဲ့ ဆင်တူပါတယ် ။

" ဒီနည်းလမ်းမှာ ကျွန်တော့်အတွက် စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ အလွန်ရှေးကျတဲ့ သွေးရည်ကြည်နမူနာကနေ မျိုးဗီဇ အပြည့်အစုံကို ပြန်လည်ရယူနိုင်တာပဲ ဖြစ်ပါတယ်။ "

Curran က သုတေသန အသစ်အကြောင်းကို ရှင်းပြပါတယ်။

အဲ့ဒီလို မျိုးဗီဇတွေကို ခွဲခြမ်းစိတ်ဖြာပြီးတဲ့ အခါမှာတော့ ဒူဂတ်စ်ဟာ HIVပိုးကို ပထမဦးဆုံးသယ်ဆောင်တဲ့သူ လို့ ထင်ရှားတဲ့ ဇီဝသက်သေပြချက် မရှိဘူးဆိုတာ တွေ့ရှိရပါတယ်။ ဒူဂတ်စ်ဆီကတွေ့ရတဲ့ မျိုးဗီဇဟာ အဲ့ဒီအချိန်ထဲက ယူနိုက်တက် စတိတ်မှာတည်ရှိနေပြီးသားဖြစ်တဲ့ တခြားသော မျိုးဗီဇတွေနဲ့ အတူတူပဲလို့လည်း သက်သေပြနိုင်ခဲ့ပါတယ်။ ပြီးတော့ ယူနိုက်တက်စတိတ်မှာ ထွက်ပေါ်လာခဲ့တဲ့ ဗိုင်းရပ်စ်က ယခင် Caribbean ဒေသကနေ ၁၉၇၀ဝန်းကျင်တဝိုက်မှာ ထွက်ပေါ်လာတာလို့ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

>>>>ယူနိုက်တက်စတိတ်ကို HIV ဘယ်လိုရောက်ရှိခဲ့တာလဲ

မျိုးဗီဇတွေကို ပြန်လည်စီစစ်ခြင်း က သိပ္ပံပညာရှင်တွေကို ဒီဗိုင်းရပ်စ်ပိုး ဘယ်လိုပေါ်ထွက်လာပြီး ဘယ်လို စီးဆင်းလာခဲ့တယ်ဆိုတာကို မျိုးဗီဇတွေမှာ မြုံခြင်း ( mutation ) တွေကို စီစစ်ခြင်းမှ တဆင့် တွေ့ရှိလာစေပါတယ်။

၂၀ရာစုနှစ် တစ်ချိန်ချိန်မှာ ဆာဟာရဝန်းကျင် အာဖရိက ကနေ ချင်ပန်ဇီမျောက်မှ လူတစ်ယောက်ကို ကူးစက်စေရာကနေ စတယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းကြပါတယ် ။ သိပ္ပံပညာရှင်တွေ လက်ခံထားတဲ့ ယေဘုယျအချက်ကတော့ အဲ့ဒီပိုးဟာ အတ္တလန္တိတ်ကို ဖြတ်ပြီး ကရေဘီယန် ဒေသကို ရောက်ရှိခဲ့တာဖြစ်ပါတယ် (ယူနိုက်တက် စတိတ်ကို မရောက်ခင် ) ။ ဟေတီကနေ ရောက်လာတယ်လို့ Curran က ပြောပါတယ်။

သမိုင်းကပြောတဲ့ အချက်အလက်တွေအရ " လူနာ သုည"လို့သတ်မှတ်ချက်ဟာ ဆယ်စုနှစ်တစ်ခုစာ မှားယွင်းသော အယူအဆ ဖြစ်လာခဲ့ပါတယ် ။

ဒီလေ့လာချက်က အတိတ်ရဲ့ အရေးကြီးတဲ့ အချိန်မှာ ရှုပ်ထွေးခဲ့မှုတွေကို မတူညီတဲ့ ရှုထောင့်တွေကနေ ကြည့်မြင်နားလည်နိုင်စေခဲ့ပြီး ဒီကပ်ရောဂါရဲ့ အစပိုင်းအခြေအနေတွေမှာ "လူနာသုည " အပေါ်ကို အဓိက အာရုံစိုက်ခဲ့တဲ့ မှားယွင်းမှုတွေက နားလည်ဖို့ခက်ခဲတဲ့ အခြေအနေတွေကို ယူဆောင်ခဲ့တာပဲဖြစ်ပါတယ်။ လူနေမှုဘဝဖွံ့ဖြိုးမှုအားနည်းခြင်း ၊ ဆင်းရဲမွဲတေမှု ၊ ဥပဒေဆိုင်ရာနဲ့ ဓလေ့ထုံးတမ်းယဉ်ကျေးမှုဆိုင်ရာ မညီမျှချက်တွေ ၊ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ အသိပညာပေးမှု အတားအဆီးတွေကို ကြည့်မြင်သုံးသပ်နိုင်ခဲ့ပါတယ်။

ညီ (ဆေး -၂ )
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ