အစာအဆိပ်သင့်မှုအန္တရာယ် သုံးဦးသုံးဖလှယ် ဆင်ခြင်ဖွယ်


လူသားတိုင်းသည် အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရန် အစာအာဟာရကို နေ့စဉ်မှီဝဲ နေကြရသည်။

အာဟာရဆိုသည်မှာ သက်ရှိသတ္တဝါများ အသက်ရှင်သန် နေနိုင်ရန်နှင့် ခန္ဓာကိုယ် ကြီးထွားရန် အတွက် စားသုံးနေရသော အစားအစာတွင် ပါဝင်သည့် ဓာတ်ပစ္စည်း အစိတ်အပိုင်းများ (nourishment)ပင် ဖြစ်သည်ဟု သိပ္ပံဝေါဟာရတွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

သတ္တဝါတို့၏ ဇီဝဖြစ်စဉ်လုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် စွမ်းအင် ဖြည့်ဆည်းပေးခြင်းနှင့် ဇီဝဖြစ်စဉ်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ကို အာဟာရဓာတ်က ဆောင်ရွက်ပေးသည်။ လူတို့နေ့စဉ် စားသုံးနေသော အစာများမှာ ကာဗိုဟိုက်ဒရိတ်ခေါ် ကစီဓာတ်၊ ပရိုတိန်းခေါ်သော အသားဓာတ်နှင့် အဆီဓာတ်တို့သည် အဓိကစားသုံးရသော အစာများဖြစ်သည့် အပြင် ရေ၊ ဗီတာမင်နှင့် သတ္တုဓာတ်ဆားများသည်လည်း အသင့်အတင့် စားသုံးရသော အစာများဖြစ်သည်။

ကစီဓာတ်သည် နေ့စဉ်လှုပ်ရှား သွားလာမှုများ အပါအဝင် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်များအတွက် အင်အားကို ဖြစ်စေသည်။ အသားဓာတ်သည် ခန္ဓာကိုယ်ကြီးထွားခြင်း၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ တည်ဆောက်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းတို့ အတွက် လိုအပ်သည်။ ဇီဝဖြစ်စဉ်များတွင် လိုအပ်သော အင်ဇိုင်းများအတွက်လည်း အသားဓာတ်လိုအပ်သည်။ အဆီဓာတ်သည် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော အာဟာရဖြစ်သည့်အပြင် ဆဲလ်နံရံများ တည်ဆောက်ခြင်း၊ ဟော်မုန်းများ ထုတ်ပေးခြင်းနှင့် အင်အားဖြစ်စေခြင်းတို့ အတွက် လိုအပ်သည်။

အဆီဓာတ်ကို အပင်မှရရှိသော အဆီဓာတ်နှင့် တိရစ္ဆာန်မှ ရရှိသော အဆီဓာတ်ဟူ၍ ခွဲခြားထားသည်။

ကစီဓာတ်ကို ဆန်၊ ပေါင်မုန့်၊ အာလူး၊ သကြား၊ ပျားရည်၊ ယိုအမျိုးမျိုးစသည်တို့မှ ရရှိသည်။ အသားဓာတ်ကို အသားအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နွားနို့၊ ဒိန်ခဲနှင့် ဟင်းသီးဟင်းရွက် စသည်တို့မှ ရသည်။ ပရိုတိန်းကို အမိုင်နိုအက်စစ်များဖြင့် ဖွဲ့စည်းထားသည်။ အမိုင်နိုအက်စစ်တွင် အုပ်စုနှစ်စုရှိရာ ပထမအုပ်စုမှာ ခန္ဓာကိုယ်တွင် မိမိဘာသာ ထုတ်လုပ်နိုင်သည့် အမိုင်နိုအက်စစ်နှင့် ဒုတိယအုပ်စုမှာ ခန္ဓာကိုယ်တွင် မထုတ်လုပ်နိုင်သဖြင့် လူတို့စားသောက်သော အစားအစာမှရယူရသော အမိုင်နိုအက်စစ် ဖြစ်သည်။

သတ္တဝါမှန်သမျှ အသက်ရှင် နေနိုင်ရေးအတွက် အစာအာဟာရကို မှီဝဲ စားသုံးကြရသည်။ အစာအာဟာရကို စားသုံးပြီးသောအခါ အစာချေချက်သော အစိတ်အပိုင်းက ချေချက်ပြီး သွေးကြောများအတွင်း စုပ်ယူကာ တစ်ကိုယ်လုံးသို့ ပို့ဆောင်ပေးသည်။ ထိုအခါ ဇီဝဖြစ်စဉ်များအတွက် အာဟာရ မဖြစ်ဘဲ အဆိပ်အတောက် ဖြစ်စေသော ဓာတ်ပစ္စည်းများ ပါလာလျှင် လူကို အန္တရာယ်ဖြစ်တော့သည်။

ထို့ကြောင့် အစာအဆိပ်သင့်ခြင်းကြောင့် လူအများ အန္တရာယ် မဖြစ်စေခြင်းငှာ စားသုံးကုန် ထုတ်လုပ်သော လုပ်ငန်းရှင်များ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သူများ၊ တစ်ဆင့်ခံ ရောင်းချသူများအနေဖြင့် အထူးသတိထား လုပ်ကိုင်ကြရမည်ဖြစ်သကဲ့သို့ စားသောက်ကုန်နှင့် သီးနှံများကို ဝယ်ယူ စားသုံးသူတို့ကလည်း အန္တရာယ်ကင်းစွာ စားသုံးနိုင်ရေး သတိရှိကြရန် အထူး လိုအပ်ကြောင်း မြဝတီက နှိုးဆော် လိုက်ရပါသည်။ ။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ