ပင့်ကူအဆိပ်သည် လေဖြတ်သူများ အတွက် ဆေးဝါးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိ


လေသင်တုန်း ဖြတ်ခြင်းကြောင့် ကမ္ဘာပေါ်၌ တစ်နှစ်လျှင် လူခြောက်သန်းခန့် သေဆုံးနေရပြီး အသက်ရှင် ကျန်ရစ်သူ ငါးသန်းခန့်မှာမူ ဘဝ တစ်သက်တာလုံးကို မသန်မစွမ်း ဘဝဖြင့် နေထိုင်ဖြတ်သန်း သွားရသည်။
အဆိပ်ပြင်းသော ပင့်ကူများ၏ အဆိပ်တွင် ပါဝင်သော ပရိုတိန်း တစ်မျိုးသည် လေသင် တုန်းဖြတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် ဦးနှောက် ပျက်စီးမှုကို လျော့နည်း စေနိုင်ဖွယ် ရှိကြောင်း သြစတြေးလျ သုတေသန ပညာရှင်များက တွေ့ရှိထားသည်။ ဆေးဝါးကုသမှုတွင် အထောက်အကူ ဖြစ်စေသည့် ပရိုတိန်းကို ရှာဖွေရာတွင် ပင့်ကူ အဆိပ်သည် အမြဲတမ်း အကောင်းဆုံးသော နေရာတစ်ခု ဖြစ်သည်။ အကြောင်းရင်းမှာမူ ၎င်းတို့၏ အဆိပ်သည် အင်းဆက် ပိုးမွှားများ၏ အာရုံကြော စနစ်ကို ပစ်မှတ်ထားကာ ပြောင်းလဲဖြစ်ပေါ် စေခြင်းကြောင့် ဖြစ်ကြောင်း ကွင်းစလန်းနှင့် မိုနက်ရှ် တက္ကသိုလ်တို့မှ သိပ္ပံပညာရှင် များက ဆိုသည်။ ကမ္ဘာပေါ်တွင် အန္တရာယ် အရှိဆုံး အဆိပ်များအနက် တစ်ခုကို သယ်ဆောင် ထားသော funnel-web မျိုးစိတ်ဝင် ပင့်ကူများ၏ အဆိပ်တွင် အဆိုပါ ပရိုတိန်း ပါဝင်ခြင်း ဖြစ်ပြီး သြစတြေးလျ ဒေသတွင်သာ တွေ့ရလေ့ရှိသည့် ၎င်းပင့်ကူ မျိုးစိတ်ဝင် ပင့်ကူ သုံးကောင်ကို ကွင်းစလန်း ကမ်းရိုးတန်းရှိ ဖရေဆာ ကျွန်းပေါ်မှ ဖမ်းဆီး ရမိပြီးနောက် ဓာတ်ခွဲခန်းသို့ ယူဆောင်လာကာ လေ့လာ စမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း သုတေသန အဖွဲ့ခေါင်းဆောင် ဂလန်းကင်းကပြောသည်။

ထို့နောက်တွင် သိပ္ပံပညာရှင် များသည် အဆိုပါ ပင့်ကူများ၏ အစွယ်များကို လျှပ်စစ်ဖြင့် ထိတွေ့လိုက်သည့် အခါ ကြွက်သားများ လှုပ်ရှားမှုကြောင့် ထွက်ပေါ်လာသည့် အဆိပ်များကို သုတေသန ပြုလေ့လာခြင်း ဖြစ်သည်။ ယင်းအဆိပ်တွင် Hi1a ဟု အမည်ရှိသည့် သေးငယ်သော ပရိုတိန်း တစ်မျိုးပါဝင်ပြီး ယင်းပရိုတိန်းသည် လေသင်တုန်း ဖြတ်ပြီးနောက် ဖြစ်ပေါ်လာသည့် ဦးနှောက်ပျက်စီးမှု အတွက် အဓိကကျသော ဦးနှောက်အတွင်းရှိ အက်စစ် ဆန်သော အိုင်ယွန်ဆက်ကြောင်း များကိုတား ဆီးပိတ်ဆို့ပေးနိုင်သည်။ Hi1a ပရိုတိန်း၏ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးသော အချက်များအနက် တစ်ခုမှာ လေသင်တုန်းဖြတ်ခြင်း စတင် ဖြစ်ပွားပြီးနောက် ရှစ်နာရီ အကြာအထိ ထူးခြားသော အဆင့်များကို အကာအကွယ် ပေးထားနိုင်ခြင်း ဖြစ်သည်။ ထိုသို့ ကာကွယ်ပေးထား နိုင်မှုသည် လေသင်တုန်း ဖြတ်ခြင်းကို ကုသရန်အတွက် အခွင့်အလမ်းများကို ပိုမိုရရှိစေခြင်း ဖြစ်သည်။ ထို့ပြင် Hi1a သည် အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သက်ရောက်မှု ရှိသည့် ဦးနှောက် အတွင်းပိုင်း နေရာကိုလည်း ကာကွယ်မှုအချို့ ပေးနိုင်သည်။ ယင်းဦးနှောက် အတွင်းပိုင်း နေရာသည် လေသင်တုန်း ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်သည့် ဆဲလ်များ အလျင်အမြန် သေဆုံးမှုကို ပြန်လည် အစားမထိုးနိုင်သည့် နေရာတစ်ခုဖြစ်သည်။

အဆိုပါပင့်ကူ အဆိပ်ကိုဘ လက်ရှိ၌ ကြွက်များတွင်သာ စမ်းသပ်ထားခြင်း ဖြစ်ပြီး အကယ်၍ လူများတွင် အမှန်တကယ် အသုံးဝင်ပါက လေသင်တုန်းဖြတ်သော လူနာတစ်ဦးကို လူနာတင်ကား အပေါ်မှာပင် အရေးပေါ် ကုသမှု ပေးနိုင်သည့်အတွက် ယင်းလူနာ အနေဖြင့် အသက် ရှင်သန်နိုင်သော အခွင့်အရေး ပိုမိုရရှိစေမည် ဖြစ်ပေသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ