Vitamin Supplements and Children ကလေးအားဆေး


၁။ ဆရာခင်ဗျ Zincovit Drops 15ml အားဆေးက ကလေး ဘယ်အရွယ်အထိ တိုက်လို့ ရပါသလဲ ခင်ဗျ။ ကလေးက ယောက်ျားလေးပါဆရာ။ အသက်က ၁ နှစ်ရှိပါပြီ ခင်ဗျ။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ အားဆေးတိုက်သင့် မတိုက်သင့်လည်း သိချင်ပါတယ်ဆရာ။ မိခင်နို့ကတော့ တိုက်နေတုန်းပါခင်ဗျ။

၂။ မင်္ဂလာပါဆရာ။ facebook မှာ ဆရာရေးတာတွေကို အားရင်အား သလို တော်တော်များများ ဖတ်ဖြစ်ပါတယ်ရှင် ။ ဗဟုသုတများစွာရလို့လဲ ကျေးဇူးတင်ပါတယ်ရှင်။ ကျမက US မှာ နေတာပါရှင်။ သိချင်တာလေးတွေကတော့ မြန်မာပြည်က ကလေးဆရာဝန်တွေဟာ မွေးစအရွယ်ကနေစပြီး ကလေးတွေကို multivitamin သော်လည်း တခြား အားဆေးတွေသော်လည်းကောင်း တိုက်ကြတာကို ကြားသိရပါတယ်။ အဲ့ဒါဟာ တကယ်လိုအပ်ပါသလားဆရာ။ ဒီက OG တွေနဲ့ စာမှာဖတ်ရသလောက်က မိခင်အာဟာရစုံလင်အောင်စားရင် မလိုအပ်ဘူးလို့ သိထားလို့ပါရှင်။ မိခင်နို့မှာ Vitamin D သာမရရှိတဲ့ အတွက် ဒီတမျိုးထဲကိုပဲ တိုက်ဖို့သိထားပါတယ်ရှင်။ ဆရာအဆင်ပြေနိုင်မယ်ဆိုရင် အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သီးသန့်စာရေးပေးလို့ရပါမလားရှင်။ ကျမသားလေးက အခု ၉ လထဲမှာပါ၊ တနှစ်ပြည့်တဲ့ အခါမှာ regular whole milk အစား toddler formula တိုက်ရင် သင့်တော်ပါသလားဆရာ။

ဒုတိယမေးခွန်းထဲက Toddler ဆိုတာ ၁၂ လကနေ ၃၆ လအရွယ်ကိုခေါ်ပါတယ်။ နို့မှုံ့တွေက သိပ်တော့ မကွာကြပါ။ အားဆေးကို ယေဘုယျပြောရင် ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ကနေ လုံလောက်အောင် ထုတ်မပေးရင် ဗီတာမင်တွေ နည်းနေနိုင်တယ်။ အစားအသောက်ထဲကနေရမယ်။ စားသောက်နည်းမှန်ရင် ဘာအားဆေးမှ မလိုပါ။ စားသောက်နည်းမှန်ဆိုတာ (ပြည့်ဝ + မျှတ) ရပါမယ်။ ဗီတာမင်ဆိုတာ နည်းနည်းပါးပါးလေးစီကို နေ့တိုင်းလိုတာ ဖြစ်ပါတယ်။

ကလေးအများစုက ၆ လအထိဘာအပိုမှမလိုကြပါ။ တချို့ကလေးတွေကိုတော့ အားဆေးသောက် ဘို့ညွှန်ကြားပါမယ် ။ အစားပျက်နေတဲ့ကလေး၊ ဗီတာမင်ချို့တဲ့နေတဲ့ကလေး၊ အစားရှောင်တဲ့ကလေး၊ ဥပမာ အသားမစားတဲ့ကလေးနဲ့ ထမင်းဆီဆမ်းသာစားတဲ့ကလေး။

ဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရတဲ့ကလေးအားဆေး (ဆေးပြား၊ ဆေးရည်၊ အစက်ချဆေး) တွေဟာ အများအားဖြင့် စိတ်ချရပါတယ်။ ဒါပေမယ့် ဆေးဟာ ဆေးဖြစ်တယ် ။ စနစ်တကျ မသောက် တတ်ရင် ဘေးဖြစ်တယ် ။ မလိုပဲသောက်ရင် အကျိုးမများပါ ။  ဆေးတိုင်း ၁ဝဝ% ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများရှိတယ်။ များလို့ဒုကပေးနိုင်တဲ့ဗီတာမင်တွေဆိုတာ (အေ)၊ (ဒီ)၊ (အီး) နဲ့ (ကေ) တွေဖြစ်တယ် ။ အဲတာတွေကို ဆီမှာပျော်ဝင်တဲ့ဗီတာမင်တွေလို့ခေါ်တယ်။

ဗီတာမင်တွေအများကြီးသောက်ရင် စိတ်ပိုင်းဆိုင်ရာ အားနည်းစေနိုင်တယ်ဆိုတာရှိပေမယ့် သက်သေအထောက်အထား မပြည့်စုံပါ။ ဗီတာမင်တွေထဲမှာ (စီ) ကိုအများကြီးပေးလို့ ရတယ်လို့ ပြောနိုင် တယ် ။ ဥပမာ အအေးမိခြင်းအတွက် ။ ဒါပေမယ့် များလို့ ဝမ်းပျက်နိုင်တယ် ။ ပျို့-အန်မယ် ။ ကြွက်တက်မယ် ။ ခေါင်းကိုက်မယ် ။

• ဗီတာမင် (အေ) = ရက်တီနော သည် ငါးကြီးဆီ၊ အသဲ၊ ဥ၊ နို့နှင့် နို့ထွက်အစာများ၊ မုန်လာဥနီမှာ ပါဝင်သည်။ အရေပြားနှင့် အပေါ်ဖုံးလွှာများ ကောင်းစေရန်၊ အရိုးကြီးထွားရန်၊ ဆဲလ်များအသစ်ပြုပြင်ရန်၊ ခုခံအားကောင်းရန်၊ ကြက်မျက်သင့်ရောဂါ ကာကွယ်ရန်။ များရင်အဆပ်သင့်သလိုဖြစ်တယ်။

• ဗီတာမင် ဘီ ၁ (သိုင်ယာမင်း) သည် (ရိစ်)၊ ဥ၊ အသဲ၊ အစေ့-အဆံ၊ အသားတို့မှာ ပါဝင်သည်။ (ဗယ်ရီဗယ်ရီ)ခေါ်ထုံနာ-ကျင်နာ ရောဂါကို ကာကွယ်သည်။ ဆန်စေ့၏ အပေါ်ယံလွှာမှာ ပါဝင်သဖြင့် ရေခမ်းချက်စာပါ။

• ဗီတာမင် ဘီ ၂ (ရိုင်ဘိုဖလေဗင်း) သည် နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ် တို့မှာပါဝင်သည်။ ချို့ တဲ့ပါက ကျီးကန်းပါးစပ်နာဖြစ်စေသည်။

• ဗီတာမင် ဘီ ၆ (ပိုင်ရီဒေါက်ဆင်း) သည် အချို့ဆေးဝါးများကြောင့်၎င်း နည်းစေသည်။ ဥပမာ တီဘီ ဆေး၊

• ဗီတာမင် ဘီ ၉ (ဖေါလစ်အက်စစ်) သည် သွေးနီဥသန်စွမ်းစေရန် အသုံးဝင်သည်။

• ဗီတာမင် ဘီ ၁၂ (ကိုဘယ်လမင်း) သည် (ရိစ်)၊ နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ ငါး၊ အသားတို့မှာ ပါဝင်သည်။ ခန္ဓာကိုယ်ကြီးထွား စေရန်၊ (ဆဲလ်) တည်ဆောက်ရန်၊ သွေးနှင့် အာရုံကြော ကောင်းစေရန်အတွက်ဖြစ်သည်။ ၄င်းနည်းပါက (ပါနီးရှပ်စ်) သွေးအားနည်းရောဂါဖြစ်စေသည်။

• ဗီတာမင် စီ (အက်စကောဗစ် အက်စစ်) စိမ်းသော အသီးအရွက်များ၊ အသီးအနှံများမှာ ပါဝင်နေသည်။ ချဉ်သောအသီးများ (သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး) အရိုး၊ သွား၊ သွားဖုံး၊ သွေးကြော၊ အရွတ် ကောင်းစေသည်။ ခုခံအားလည်း ကောင်းစေသည်၊ အနာကျက်စေသည်။ ချို့တဲ့ပါက (စကောဗီ) ရောဂါ ရစေသည်။

• ဗီတာမင် ဒီ သည် ငါးကြီးဆီ၊ နို့ထွက်အစာများမှာ ပါဝင်သည်။ နေရောင်ကြောင့် ဗီတာမင်အေမှ ဒီဖြစ်လာစေသည်။ အရိုးတည်ဆောက်ရန် အသုံးကျသည်။ ချို့တဲ့ပါက Rickets အရိုးပြော့ရောဂါဖြစ်စေသည်။

• ဗီတာမင်အီးသည် အသီးအရွက်ကရသော ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့ ၊ ဥ၊ အစေ့အဆံများမှာ ပါဝင်နေသည်။ သွေးဥ၊ ကြွက်သား၊ အာရုံကြောများ အလုပ်ကောင်းစေရန် အသုံးကျသည်။

• ဗီတာမင်ကေသည် အသီးအရွက်များမှာပါသည်။ သွေးတိတ်စေသည်။

အစားအသောက် အစုံစားနေရင် ကလေး-လူကြီး အားဆေး မလိုကြပါ။ မစုံရင်တော့ လိုနိုင်တယ်။ အစုံစားဆိုတာ ထမင်း၊ ခေါက်ဆွဲ၊ ဆန်နဲ့ ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေ၊ ပဲ၊ ပဲသီး၊ အသား၊ ငါး၊ ဥ၊ အသီးအရွက်တွေ၊ အသီးနဲ့ နွားနို့နဲ့ နို့ထွက် အစားအသောက်တွေဖြစ်တယ်။ အားကစားလုပ်တဲ့ကလေးတွေကပိုလိုမယ်။ ဆိုင်မှာအလွယ်ဝ်ရတဲ့ (ဖတ်စ်ဖုဒ်) သာစားတဲ့ကလေးတွေက လိုမယ်။ ဗီတာမင်ဆေးရည်၊ ဆေးပြားတွေမှာ ကြော်ငြာကောင်းတိုင်း ကောင်းချင်မှ ကောင်းပါမယ်။ ကိုယ့်ကလေးမှာ ဘာဓါတ် လိုနေလည်းသိရမယ်။ အာဟာရဓါတ်တွေအကြောင်းနဲ့ ဗီတာမင်အကြောင်း စာတွေလည်းဖတ်ပြီး လိုတာလိုက်နာပါ။ အများဆုံးလိုတတ်တာက ဗီတာမင်ဘီနဲ့ ကယ်စီယမ်ဖြစ်တယ်။ တချို့ကလေးတွေ ဗီတာမင်အေနည်းနည်းလိုကြတယ်။ မြန်မာပြည်မှာက သိတဲ့အတိုင်း အာဟာရနည်းကြလို့ သင့်တော်တဲ့အားဆေး လိုနိုင်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ