ချွေးထွက်ခြင်း (Sweating) အမျိုးမျိုးနှင့် ရောဂါများ


လူတို့ ခန္ဓာကိုယ်မှာ တစ်ကိုယ်လုံးကို အရေပြားနဲ့ ဖုံးအုပ်ထားတယ်။ တစ်ကိုယ်လုံး အနှံ့ အပြား အောက် ချွေးဂလင်းတွေ တည်ရှိနေတယ် ။ ချွေးဂလင်းက ချွေးရည် စိမ့်ထွက်ခြင်း ဖြစ်စဉ် ကို ချွေးထွက်ခြင်းလို့ ခေါ်တယ် ။ ယင်းအောက်ရှိ သွေးကြောငယ်များ၊ ချွေးဂလင်းတို့ရဲ့ အခြေ အနေပေါ် မူတည်ပြီး ချွေးထွက်နည်းခြင်း၊ များခြင်းဖြစ်တယ်။

ပြင်ပစိုထိုင်းမှု များပြီး အပူချိန် မြင့်တက်ကာ လေတိုက်ခတ်နှုန်း နည်းနေရင် ချွေးသီး ချွေးပေါက် အနေနဲ့ ချွေးထွက်နိုင်တယ်။ အပူချိန် နိမ့်ကျပြီး လေတိုက် ခတ်နှုန်း မြန်ရင် ချွေးထွက် နည်းပြီး အငွေ့ပြန်နှုန်း မြန်ဆန်လို့ ချွေးသီးချွေးပေါက် မမြင်နိုင်ဘူး။

အလွန်အေးတဲ့ နေ့မှာ လူတစ်ယောက် အနေနဲ့ ချွေးမထွက် သလောက် ရှိနိုင်သလို လေအေးစက် အခန်းထဲမှာ အလုပ်လုပ်နိုင်သမျှ ချွေးထွက်နည်းပါတယ်။ အလွန်ပူအိုက်တဲ့ နေ့မှာ ချွေးရှစ်ပုလင်းထိ ချွေးထွက်နိုင်ပါတယ်။

အရေပြားနဲ့ ယင်းအောက်၌ သွေးကြောငယ်တွေ ကျယ်ပြန့် သွေးစီးနှုန်း ကောင်း မွန်မြန်ဆန် ရင် ချွေးထွက် များပြီး ခန္ဓာကိုယ်မှ ပြင်ပကို အပူပိုမို ထွက်စေတယ်။ ချွေးဂလင်းတွေ ထိန်းချုပ် လှုံ့ဆော်ပေးတဲ့ အာရုံကြောတွေ ထံ လှုံ့ဆော်ခြင်း ပိုမိုခံစား ရရင်လည်း ချွေးပိုမိုထွက်လေ့ ရှိပါတယ်။

ချွေးထွက်ခြင်း အကျိုးကျေးဇူး။ ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အကျိုး ရှိတယ် ။ ချွေးငွေ့ရည် ပြန်ခြင်း ဟာ ခန္ဓာကိုယ်တွင် ပိုလျှံတဲ့အပူကို ပြင်ပထွက်စေလို့ ခန္ဓာကိုယ် အပူချိန်ကို ရှိသင့်ရှိထိုက်တဲ့ အခြေအနေမှာ ထိန်းပေးထားတယ်။

လူဟာသွေးနွေး သတ္တဝါဖြစ်လို့ ပြင်ပ အပူချိန်လိုက်ပြီး ချွေးထွက်မှု အနည်းအများ ကွာခြားပါတယ်။

သာမန်လူတစ်ယောက် ရှိသင့်တဲ့ ကိုယ်အပူချိန်မှာ ပါးစပ်အတွင်း ၃၇ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၉၈ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက် ဖြစ်တယ်။ အရေပြားမှာ ရှိသင့်တဲ့ အပူချိန်ဟာ ၃၃ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး အရေပြား အပူချိန်ဟာ ၃၄ ဒသမ ၅ ဒီဂရီ ရောက်တဲ့အခါ ချွေးစတင် ထွက်လေ့ရှိတယ်။

ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေး တစ်စိတ် တစ်ဒေသကို ထုတ်ပစ် နိုင်တယ်။ ချွေးမှာ ခန္ဓာကိုယ် အတွက် မလိုအပ်တဲ့ အညစ်အကြေးတွေ ဖြစ်တဲ့ ယူရီးယား အဆီ အက်စစ်ဓာတ်တွေ ပါဝင်တယ်။ ချွေးထွက်နည်းရင် ခန္ဓာကိုယ်တွင်း အညစ်အကြေးကို ကျောက်ကပ်က ကျင်ငယ်ရည်အဖြစ် ပိုထုတ်ပေးတယ်။

အေးတဲ့ရာသီမှာ ပူတဲ့ရာသီထက် ပိုပြီး ကျောက်ကပ် အလုပ်လုပ်ကာ ဆီးပိုသွားရလေ့ ရှိပါတယ်။ ချွေးဟာ အရေပြားကို အမြဲစွတ်စိုနေလို့ အရေပြား ခြောက်သွေ့ခြင်းမှ ကာကွယ် ပေးနိုင်တယ်။ ယင်းကို နှိုးဆွစေတဲ့ အရာတွေနဲ့ ပိုးမွှားတွေကို ချွေးကဆေးကြော ပေးနိုင် တယ်။

ချွေးထွက်ခြင်း အမျိုးမျိုး။ စိတ်လှုပ်ရှားတဲ့အခါ အလွန်ပင် ကြောက်လန့် တုန်လှုပ်တဲ့အခါ၊ နာကျင်လွန်းတဲ့အခါ၊ သွေးထွက်လွန်ပြီး မေ့မြောခါနီးမှာလည်း ချွေးထွက်တတ်တယ်။ ခြေဖဝါး၊ လက်ဖဝါးမှ ချွေးထွက်လေ့ ရှိပါတယ်။ သာမန်ပူအိုက်ချိန်၊ ကိုယ်လက်လှုပ်ရှားချိန် ချွေးထွက် ရာမှာ ခန္ဓာကိုယ် အရေပြား တစ်ခုလုံးမှဖြစ်ပြီး နဖူး၊ နှုတ်ခမ်းအပေါ်ပိုင်း၊ လည်ပင်း၊ ရင်ဘတ်၊ ကျောတို့မှ ချွေးထွက်တာကို သတိထားမိကြတယ်။

ချွေးထွက်ခြင်း နှစ်မျိုးလုံးကို အာရုံကြော အဖွဲ့အစည်းက ထိန်းချုပ် လှုံ့ဆော်ပေးတယ်။ စိတ်လှုပ်ရှားခြင်းကြောင့် ဖြစ်တဲ့ ချွေးထွက်ခြင်းမျိုးကို ဦးနှောက် အပြင်ပိုင်းရှိ ဗဟိုဌာနမှ ထိန်းချုပ် ကွပ်ကဲတယ်။ ကိုယ်ခန္ဓာတွင်း အပူချိန်လိုက် ဖြစ်ပေါ်တဲ့ သာမန် ချွေးထွက်ခြင်းကို ဦးနှောက်တွင်းရှိ အမြင့်စား အာရုံကြော အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ 'ဟိုက်ပိုသားလမတ်' ရဲ့ အရှေ့ပိုင်းရှိ ခန္ဓာကိုယ် အပူချိန်ကို ထိန်းချုပ်ပေးတဲ့ ဗဟိုဌာနမှ ထိန်းချုပ် ကွပ်ကဲပေးတယ်။

ချွေးထွက်ခြင်းတွေ အသီးသီး ထိန်းချုပ်ကွပ်ကဲ ထားပေမယ့် တစ်ခါတစ်ရံ အကြောင်း အမျိုး မျိုးကြောင့် ချွေး ထွက် လွန်ခြင်း ၊ ချွေးထွက်နည်းခြင်း စတဲ့ ချွေးနှင့်ဆိုင်ရာ ဝေဒနာ အမျိုးမျိုး ဖြစ်တတ် ပါတယ်။

ချွေးထွက်လွန်ကဲခြင်း။ ချွေးထွက် လွန်ကဲခြင်းမှာ တစ်ကိုယ်လုံး ချွေးထွက် လွန်ကဲခြင်းနဲ့ ခန္ဓာကိုယ် တစ်နေရာရာ မှာသာ ချွေးထွက် လွန်ကဲခြင်းဆိုပြီး နှစ်မျိုးရှိတယ် ။ ပြင်းထန်တဲ့ ကိုယ်ကာယ လေ့ကျင့် ခန်းများ ၊ ကိုယ်ခန္ဓာ အပူချိန် များပြားတဲ့ အခြေအနေများ ဥပမာ-ဖျားနာခြင်း၊ ပြင်ပအပူချိန် အလွန် များနေခြင်း ၊ ပြင်းထန်စွာ စိတ်လှုပ်ရှားခြင်း၊ သွေးလန့် တုန်လှုပ် မေ့မြောခြင်းနဲ့ တစ်ခါတစ်ရံ အမျိုးသမီးတွေ ရာသီလာစဉ်၊ ရာသီသွေးဆုံးတဲ့ အရွယ် တွေမှာ တစ်ကိုယ်လုံး ချွေးထွက် လွန်ကဲတတ်တယ်။

အဆုတ်တီဘီ ရောဂါမှာ ညဘက် ချွေးထွက်လွန်ကဲ တတ်တယ်။ ငှက်ဖျားရောဂါ တက်စဉ် ချမ်းတုန်ပြီး ကိုယ်အလွန်ပူခြင်း၊ ချွေးသီးချွေးပေါက် ထွက်ခြင်း အဆင့်ဆင့် ဖြစ်တတ်တယ်။ လည်ပင်းရှိ သိုင်းရွိုက် ဂလင်း လုပ်ငန်း လွန်ကဲခြင်း၊ ကလေးများမှာ ဖြစ်တဲ့ ဗီတာမင်စီ ချို့တဲ့ရောဂါ တို့မှာ ချွေးထွက် များ တတ်တယ် ။ အရက်၊ ဘီယာနဲ့ အပူကျဆေးတွေ သောက်ရင်လည်း ချွေးပိုမိုထွက်တယ်။

နေရာအလိုက် သီးခြားချွေးထွက် များခြင်းမျိုးကို အာရုံကြော အဖွဲ့နဲ့ ဆိုင်တဲ့ ရောဂါတွေမှာ တွေ့ရတယ်။ ဦးနှောက် အသားပို အကျိတ်ဖြစ်ခြင်း၊ ကျောရိုးမှ အာရုံကြောမကြီးနဲ့ အခြား အာရုံကြောများ ထိခိုက်ခြင်း တို့မှာ ဖြစ်လေ့ရှိတယ်။ အချို့ စိတ်ရောဂါတွေမှာ လက်ဖဝါးနဲ့ ခြေဖဝါး ချွေးထွက် လွန်ကဲတတ်တယ်။

ချွေးထွက် လွန်ကဲတဲ့အခါ ချွေးနဲ့အတူ ဆားဓာတ်တွေ ပါဝင်သွားလို့ ခန္ဓာကိုယ်မှာ ဆားဓာတ် နည်းသွား တတ်တယ် ။ ချွေးထွက်များပြီး ရေကိုပိုသောက်တဲ့ အခါမှာ သွေးအတွင်း ဆားဓာတ် ပါဝင်မှု အချိုးအဆပိုပြီး နည်းသွားတတ်တယ်။ အားကစား သမားတွေ၊ အလွန်ပင်ပန်းစွာ အလုပ်လုပ်တဲ့ လုပ်သားတွေ ဆားများများ စားပေးဖို့၊ ဆား၊ ဆေးပြားသောက်ဖို့၊ ဓာတ်ဆားရည် သောက်ဖို့ အကြံပေးကြတယ်။

ချွေးထွက်နည်းခြင်း။ ချွေးထွက်အလွန် နည်းခြင်းဟာ အလွန်ရှားတဲ့ မွေးရာပါ ရောဂါဖြစ်တယ်။ တစ်ကိုယ်လုံး သို့မဟုတ် ခန္ဓာကိုယ် တစ်နေရာရာမှာ ချွေးထွက်နည်းခြင်း ဖြစ်နိုင်တယ်။ ချွေးလုံးဝ မထွက်ခြင်း၊ အလွန်နည်းပါးစွာ ထွက်ခြင်းဖြစ်နိုင်တယ်။ အာရုံကြော အဖွဲ့နဲ့ဆိုင်ရာ ရောဂါများ၊ သွိုင်းရွိုက်ဂလင်း လုပ်ငန်းချို့ယွင်းမှု ရောဂါများမှာ ချွေးထွက်နည်းတတ်တယ်။ အချို့ မျိုးရိုးလိုက်ပြီး မွေးရာပါ ချို့ယွင်းချက်အရ ချွေးထွက်နည်းတယ်။ ချွေးနံ့ပြင်းထန်ခြင်း။ ချွေးထွက်စမှာ ချွေးဟာ ပိုးမွှားကင်းစင်ပြီး အရေပြားပေါ်မှာ ကြာလာတဲ့အခါ ဗက်တီးရီးယား ပိုးမွှားများ ဝင်ရောက် ပေါက်ဖွားလာပြီး ယင်း တို့ကြောင့် ချွေးမှာ ကစော်ဖောက် ခံရသလို ဖြစ်ကာ ဗက်တီးရီးယား ပိုးမွှားများ ပိုဝင်ရောက် ပေါက်ဖွား လာပြီး ချွေးနံ့ပြင်းထန် လာတယ် ။

သာမန်ထက် ပိုမိုဆိုးရွား ပြင်းထန်တဲ့ ချွေးနံ့နံခြင်းကို သွေးအတွင်း ယူရီးယား ဓာတ်များနေခြင်း၊ ဗီတာမင်စီ ချို့တဲ့ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ပြင်းထန်တဲ့ လေးဖက်နာ ရောဂါ၊ အူရောင်ငန်းဖျား ရောဂါ တို့မှာ တွေ့ရတယ် ။ အမှန်မနံပါဘဲ မိမိကိုယ်တိုင် ချွေးစော် အလွန်နံတယ်လို့ ထင်တဲ့စိတ်ရောဂါ ရှိတယ်။

ချွေးအရောင်ပြောင်းခြင်း။ သာမန်ရိုးရိုး ချွေးထွက်ခြင်းမှာ ချွေးက အရောင်မရှိပါ။ အရောင်ရှိ ချွေးထွက်ခြင်း သို့မဟုတ် ချွေးအရောင် ပြောင်းခြင်းကို ခန္ဓာကိုယ်မှ ပိုမိုနေတဲ့ သတ္တုဓာတ် ပစ္စည်းများ ဥပမာ-သံ၊ ကြေးနီတို့ အညစ်အကြေး အဖြစ် ချွေးမှစွန့် ထုတ်ရာမှာ လည်းကောင်း၊ ချွေးအတွင်း အရောင်ခြယ်ပစ္စည်းများ ထုတ်လုပ် တဲ့ ဗက်တီးရီးယား ပိုးမွှားများ ပေါက်ဖွားရာမှာ လည်းကောင်း၊ အချို့ဓာတုပစ္စည်း စက်ရုံ လုပ်သားများ မှာ လည်းကောင်း တွေ့ရတယ်။ အပြာရောင် ချွေးတွေ ထွက်တတ်တယ်။

အကြောင်းရင်းကို လိုက်ပြီး အနီ၊ အစိမ်း၊ အဝါ၊ အနက် စတဲ့ အရောင်ရှိတဲ့ ချွေးတွေ ထွက်တတ်တယ်။

မိတ်ဖုထွက်ခြင်း။ တစ်ခါတစ်ရံ အရေပြားရှိ ချွေးထွက်စေတဲ့ ပြွန်ငယ်လေးများ အကြောင်း တစ်ခုခုကြောင့် ပိတ်ဆို့တဲ့အခါ ချွေးများ ပြင်ပကို မထွက်နိုင်တော့လို့ အရေပြား ကသိကအောက် ဖြစ်စေပြီး အလွန် ယားယံ စေတဲ့အဖုကလေးတွေ အသွင် ပေါ်ပေါက်လာ တတ်တယ်။ ယင်းဖြစ်စဉ်ကို မိတ်ဖုထွက်ခြင်း ၊ မိတ်ပေါက်ခြင်းခေါ်တယ်။ နွေရာသီလို ရာသီဥတု ပြင်းထန်တဲ့ ကာလမှာ မိတ်ပေါက်လေ့ရှိတယ်။ အရေပြား နူးညံ့တဲ့ ကလေးငယ်နဲ့ ဝတဲ့သူများမှာ ပိုပြီးဖြစ်တတ်တယ်။ မိတ်ဖု မထွက်စေဖို့ ပူအိုက်တဲ့ ရာသီဥတုမှာ အဝတ် ကြမ်းဝတ်ခြင်း၊ အရေပြား အပေါက်ငယ်များ ပိတ်ဆို့စေတဲ့ အဆီများ လိမ်းကျံခြင်း တို့ ရှောင်ပြီး ချောင်ချိတဲ့ အဝတ်များဝတ်ကာ နေ့စဉ်ရေမှန်မှန် ချိုးရမယ်။ နေပူထဲထွက်ရင် လုံလောက်တဲ့ အဆောင်းပါရမယ်။

ချွေးထွက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးလှကြောင်း၊ ကျန်းမာခြင်းရဲ့ လက္ခဏာ တစ်ရပ်ဖြစ်ကြောင်း ခြုံငုံသိသာ နိုင်ပါတယ်။ ကျန်းမာရေးကို လိုလားတဲ့လူသားတိုင်း နေ့စဉ် နာရီဝက်မှ တစ်နာရီအထိ အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) တစ်ခုခု လုပ်သင့်ပါတယ် ။ ချွေးမှန်မှန်ထွက်ပြီး ခန္ဓာကိုယ်တွင်း အဆီပိုများ စုဆောင်းခြင်းကင်းကာ ဣရိယာပုတ် မျှတစေပါတယ်။

ချွေးနဲ့ဆိုင်တဲ့ ရောဂါဝေဒနာများ မဖြစ်စေဖို့ အဓိက အနေနဲ့ နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးဂရုပြု ဆောင်ရွက်ရမယ်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ