Incisional Hernia ခွဲစိတ်နာ ဟာနီယာ


ဆရာ ဗိုက်ခွဲထားတာ ၂ နှစ်မပြည့်သေးပဲ ၈ လအကွာလေးမှာ ကိုယ်ဝန်ဆောင်ရလို့ အတွင်းချုပ်ရိုးပြန်ပွင့် သွားတတ်တယ်လို့ သူများပြောတာကြားမိလို့ပါ။ ကလေးကိုလည်းအာဟာရအပြည့်အဝ မရောက်နိုင်ဘူးလို့ လည်းပြောလို့။ အဲလိုတွေ ဖြစ်နိုင်လား။ ကလေးရောလူကြီးပါ ကျန်းမာစွာနဲ့ မွေးဖွားနိုင်မလားဆေးပညာ အရ သိချင်တာပါဆရာ။

အရပ်ပြောတိုင်းကို မဖြေပါ။ ဖြစ်နေတာ ၁-၂-၃ မေးရင်ဖြေပါတယ်။ ကိုယ်ဝန်မှာ မူမမှန်တာတွေ မဖတ်ဘို့၊ နားမထောင်ဘို့ အမြဲသတိပေးပါတယ်။ ခွဲစိတ်ထားပြီးသူတွေ ဘာတွေရှောင်၊ ဘယ်တော့မှာ ဘာလုပ်နိုင်ပြီ ဆိုတာ ပုံသေကားချပြောရတာ ခက်တယ်။ တယောက်နဲ့တယောက် မတူကြလို့ပါ။

ခွဲစိတ်နာဟာနီယာဆိုတာ ဗိုက်ကို အကြီးစားခွဲစိတ်ထားတဲ့ ချုပ်ရိုးကနေ စူဖေါင်းလာတာကိုခေါ်ပါတယ်။ ချုပ်ရိုးကနေ အူကျွံတာဖြစ်တယ်။ ဗိုက်ခွဲကလေးမွေးထာသူတွေမှာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဗိုက်ကိုဖုံးအုပ်ကာရံနေတဲ့ကြွက်သားတွေ အားနည်းရာကနေဖြစ်တယ်။ ခွဲစိတ်ပြီး ဗိုက်ကိုပြန်ပိတ်စဉ် က နေရာလေးတခုမှာ အားနည်းချက်ရှိတာနဲ့ ဖြစ်နိုင်တယ်။ ဗိုက်ကိုခွဲတာရော ပြန်ပိတ်တာမှာ လေးထပ်လုပ်ပေးရတယ်။ အရွတ်ပြားထပ်က အရေးအကြီးဆံးဖြစ်တယ်။ အပ်ခြည်နဲ့သာ ချုပ်ပေးရတယ်။

ဝတဲ့လူနာတွေနဲ့ ဝတဲ့သူကိုယ်ဝန်ဆောင်တွေမှာ ပိုဖြစ်တယ်။ တကြိမ်မကခွဲရတဲ့သူ ပိုဖြစ်နိုင်တယ်။ ခွဲထားပြီး အသားမကျခင် ဗိုက်ကိုဖိအားသက်ရောက်မှုရှိတာကို လုပ်ရာကနေလည်း ဖြစ်လာနိုင်တယ်။ အနာကျက်ဖြစ်စဉ် အဆုံးမသတ်ခင်မှာ ဖိအားသက်ရောက်ခံရတာ မကောင်းပါ ။ ချောင်းဆိုးရလွန်းတာ ၊ နှာချေတာ၊ ရယ်မောတာ၊ ဝမ်းညှစ်ရတာ၊ အလေးအပင်မရတာ။ ဆီးချိုရှိနေသူ၊ အရေးပေါ်ခွဲခဲ့ရသူ၊ ခုခံအားနှိမ်ဆေးပေးထားသူ၊ အာဟာရနည်းသူ၊ ဆေးလိပ်သောက်သူ၊ နာတာရှည်အသက်ရှူလမ်းရောဂါ ရှိနေသူ၊ စတီရွိုက်ဆေးပေးနေရသူ၊ အသက်ကြီးသူ၊ ချုပ်ရိုးပိုးဝင်ထားသူ။ အရင်က ချုပ်ရိုးပိုးဝင်ဖူးသူ ၄၁% နောက်တခါမှာပိုးဝင်တာတွေ့ရတယ်။

အများအားဖြင့် ခွဲစိတ်ပြီးနောက် ၃ လ ကနေ ၆ လအတွင်းမှာဖြစ်တယ်။ ၉ဝ% ဟာ ၃ နှစ်အတွင်း မှာဖြစ်တယ်။

ခွဲစိတ်နာဟာနီယာကို ခွဲစိတ်ပြုပြင်ပေးရပါတယ်။ မခွဲရခင်မှာ Truss ခေါ်ဗိုက်စည်းပတ်ထားရင် သက်သာမယ် ။ ကလေးမွေးသူတိုင်း မလိုအပ်ပဲ အရပ်ထဲသုံးတဲ့ ဗိုက်ကိုတင်းနေအောင်စည်းတာ မသင့်ပါ။ သွေးလျှောက်မကောင်းတာနဲ့ ပိုးဝင်တာ ဖြစ်လာနိုင်တယ်။

မကုသပဲထားရင် ကြာရင် ပိုပိုကြီး-ကျယ်လာနိုင်တယ်။ အကြည့်ရဆိုးတယ်။ တခါတလေ နာမယ်။ အိပ်နေရင် ချပ်နေပြီး ထတာနဲ့ စူထွက်မယ်။

ခွဲစိတ်ကုသတာ မလုပ်ရင် အရေးပ်ါအခြေအနေဖြစ်တတ်တယ်။ ချုပ်ရိုးကနေ အပြင်စူထွက်တာ ထဲမှာပါနေတဲ့ အူသိမ်က လိန်နေရာကနေ သွေးမလျှောက်ဖြစ်ရင် နာလာပြီး အူပိတ်တဲ့ လက္ခဏာတွေ ခံစားရမယ် ။ ဗိုက်ကြီးတခုလုံးဖေါင်းလာမယ်။ ဝမ်းချုပ်မယ်။ အန်မယ်။ အရေးပေါ်ခွဲစိတ်ကုသရပါမယ်။

လေ့လာမှုတခုမှာ ၁၁ ကနေ ၂ဝ% အထိချုပ်ရိုးအူကျွံတာဖြစ်နိုင်တယ်။ ခွဲကြောင်းရာ အမျိုးမျိုးရှိတာ မှာ ဒေါင်လိုက် ခွဲတာကနေ အများဆုံးဖြစ်တယ်။ အူအတက်လို တစောင်းခွဲတာကနေ ဝ့၇% သာဖြစ်တယ်။ ဗိုက်ပြန်ပိတ်တဲ့အခါ သုံးတဲ့ကြိုးခြည်နည်းအပေါ်လည်းမူတည်တယ်။ ကြိုးခြည်ရာမှာ တချောင်း ချင်းခြည် -ဖြတ်တာနဲ့ အစ-အဆုံး တဆက်တည်းချုပ်-ခြည်နည်းရှိတယ်။ တဆက်တည်းနည်းက မြန်ပေမယ့် ပြတ်စရာရှိရင် တခုလုံးဖြစ်သွားတယ်။ ချုပ်ကြီုးအမျိုးအစားလည်းကြည့်ရတယ်။ အပ်ခြည်၊ ပိုးကြိုးလို အသားမဖြစ်နိုင်တာနဲ့ ကက်ဂတ်လို အသားဖြစ်ကြိုး။

ထပ်ပြီး သတိပေးပါရစေ။ ကိုယ်ဝန်ဆောင်နေစဉ်မှာ မူမမှန်တာတွေ မဖတ်ပါနဲ့၊ နားမထောင်ပါနဲ့၊ သွားမပြောပါနဲ့။ အစိုးရိမ်ကြီးပါနဲ့။ ကျွန်တော် မပြည့်စုံတဲ့အရပ်ဒေသတွေမှာ ဗိုက်ခွဲလူနာပေါင်းများစွာ ခွဲပေးခဲ့ရပေမယ့် ခွဲကြောင်းကနေ အူကျွံတာ လက်ချိုးရေလို့ တဖက်မပြည့်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ