Hepatitis B prevention အသည်းရောင်ဘီ ကာကွယ်နည်း


ဆရာရှင့် ဦးလေးက စီပိုးရှိပြီး၊ အဖွားကဘီပိုးဖြစ်နေလို့ပါရှင့်။ အတူနေသူတွေပါ ကူးလားလို့ သိချင်လို့ပါ။

Hepatitis B virus (HBV) အသည်းရောင်ဘီပိုးဟာ ကူးစက်တယ်။ ကူးခံရရင် တယောက်နဲ့တယောက်တော့မတူပါ။ ကူးစက်လာကာစကို ရက်တိုအဆင့်ခေါ်တယ်။ တချို့ကူးခံရပေမယ့် လူကောင်းလိုနေတယ်။ ၉ဝ% လောက်မှာ ခုခံအားကနေ တိုက်ထုတ်လိုက်နိုင်တယ်။ ၆ လနေတော့ ပိုးတွေရှင်းသွားမယ်။ အသည်းလည်းအကောင်းပြန်ဖြစ်တယ်။ ဘီပိုးကိုလည်း ခံနိုင်ရည်ရှိသွားတယ်။

၁ဝ% လောက်မှာသာ ရောဂါဆက်ဖြစ်ကြတယ်။ နာတာရှည်အသည်းရောင်လို့ခေါ်တယ်။ တသက်လုံးပိုးရှိနေမယ်။ နောက်ဆက်တွဲတွေလည်း ဖြစ်လာနိုင်တယ်။ မွေးကာစကလေးမှာ အမေဆီကနေပိုးကူးစက်ခံရရင်တော့ ရာခိုင်နှုန်းက ပြောင်းပြန်။ ၁ဝ% မှာသာ ဆက်မဖြစ်ပါ။

ပိုးဝင်ခံရပြီး ခံစားရတာပေါ်ဘို့ တလခွဲကနေ ၆ လအထိကြာနိုင်တယ်။ ခံစားရတာတွေကတော့ အသားဝါဖြစ်မယ်။ ဆီးအရောင်ရင့်မယ်။ အားယုတ်မယ်။ ဗိုက်အောင့်မယ်။ အစားပျက်မယ်။ ပျို့မယ်။ ဝမ်းလျှောမယ်။ ကိုပူမယ်။

နာတာရှည်အဆင့်ကနေ နောက်ဆက်တွဲဖြစ်တာတွေကတော့ ဗိုက်ဖေါင်းပြီး ဖျင်းစွဲမယ်။ အသားဝါမယ်။ ယားယံမယ်။ သွေးယိုလွယ်မယ်။ နာတာရှည်ဖြစ်ရင် အသည်းက ရောင်နေမယ်။ အမာရွတ်ဖြစ်လို့ အသည်းခြောက်တာဖြစ်မယ်။ ၂ဝ နှစ်လောက်အထိ အချိန်ယူတတ်တယ်။ ကံဆိုးသူမှာ အသည်းကင်ဆာဖြစ်မယ်။

ဘီပိုးဟာ သွေးထဲနေလို့ သွေးကနေလည်းကူးစက်တယ်။ သွေးလှူသူတိုင်းကိုစစ်ဆေးလို့ သွေးကနေကူးစက်တာ အတော်နည်းလာတယ်။ ဘီပိုးရှိမိခင်ကနေ မွေးလာတဲ့ကလေးကို မွေးဖွါးဖြစ်စဉ်အတွင်းမှာ ကူးစက်တယ်။ ဆေးထိုးအပ်ကနေလည်းကူးစက်တယ်။ တက်တူးထိုးတာ၊ အလှအပကွင်းတွေတပ်တာ၊ မူးယစ်ဆေးထိုးတာတွေကနေ ကူးစက်တယ်။ ဆေးရုံ-ဆေးခန်း-ဓါတ်ခွဲခန်းမှာအလုပ်လုပ်နေသူတွေကိုလည်း သွေးကတဆင့်ကူးစက်နိုင်တယ်။ လိင်ဆက်ဆံရာကနေလည်း ကူးတယ်။ ဂေးယောက်ျားတွေလည်း ကူးစက်တယ်။ ပိုးရှိနေသူနဲ့ တအိမ်တည်း နေရာကနေလည်း ကူးစက်နိုင်တယ်။

HBV blood test သွေးစစ်ရင် ဘီပိုးကိုခံနိုင်ရည်ရှိနေသူလား၊ ဘီပိုကူးစက်ခံရနိုင်လို့ ကာကွယ်ဆေးထိုးရမယ့်သူလား၊ ဘီပိုးကူးစက်ခံထားရလို့ဆက်စစ်ဆေးကုသစရာလိုသူလား သိပါမယ်။ အများဆုံး အခြေခံစစ်ဆေးနည်းကို Hepatitis B Core IgM Antibody test လို့ခေါ်တယ်။ IgM antibodies အပေါင်းပြသူဟာ ရက်တိုကူးစက်ခံထားရသူဖြစ်တယ်။

ကာကွယ်နည်းများ
Hepatitis B vaccine အသည်းရောင်ဘီကာကွယ်ဆေးနဲ့ ကာကွယ်ထားနိုင်တယ်။ ၆ လအတွင်းမှာ ၃ ကြိမ်ထိုးရတယ်။ အဲတာဆိုရင် နှစ်ပေါင်း ၂ဝ အနည်းဆုံးကနေ တသက်တာအထိကာကွယ်ပေးမယ်။

တအိမ်တည်းနေသူတိုင်း သွေးစစ်ထားရတယ်။ ဘီပိုးကာကွယ်ဆေး ထိုးထားကြရမယ်။ အသက်ရှူလမ်းကနေ မကူးပါ။ အတူစာလို့ မကူးပါ။ ထိကိုက်မိလို့ မကူးပါ။ ချွေးကနေကူး မကူး အထောက်အထား မခိုင်မာသေးပါ။ လင်မယား အတူနေရင် ကွန်ဒွမ်သုံးပါ။

လူကြီးတွေ ဘီပိုးနဲ့တွေ့သွားမိတယ်ဆိုရင် HBIG (hepatitis B immune globulin) ဆေးထိုးတာနဲ့ ကာကွယ်နိုင်တယ်။ ၂၄ နာရီအတွင်းထိုးတာ အကောင်းဆုံးဖြစ်တယ်။ ၂ ပါတ်ရှိရင်တော့ နောက်ကျသွားပြီ။

မိခင်မှာ ဘီပိုးရှိနေရင် သူကနေမွေးလာမယ့်ကလေးကို မွေးမွေးချင်း HBV vaccine ဘီပိုးကာကွယ်ဆေးနဲ့ HBIG (hepatitis B immune globulin) ဆေးပါထိုးရမယ်။

Dr. Tint Swe
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ