Ectopic Pregnancy (1) ထူးဆန်းသည့်ကိုယ်ဝန် (၁)


ကျွန်မ အိမ်ထောင်သည်တယောက်တော့ မဟုတ်ပါ။ သို့ပေမဲ့ အမျိုးသမီးတယောက်အနေနဲ့ သိထားသင့်တယ် ထင်မိပါတယ်။ သားအိမ်ပြင်ပသန္ဓေတည်ရင် အစောဆုံးအချိန် ဘယ်လိုလက္ခာဏာပြပါသလဲ။ ဘယ်လိုအကြောင်းကြောင့် ဖြစ်ပေါ်တတ်ပါသလဲဆရာ။ ကျွန်မ ဗဟုသုတအနေနဲ့ အခြားအမျိုးသမီးများကိုလည်း အခြေအနေကြုံရင် ပြန်လည် မျှဝေချင်လို့ပါဆရာ။ တဆက်တည်းပြောပါရစေ။ ကျွန်မ မြန်မာစာအရေးအသား စာလုံးပေါင်းသတ်ပုံမှားလျှင်လည်း နားလည်အမှန်သင်ပြပေးပါရှင့်။ ကျေးဇူးတင်ပါတယ်။ ဆရာ ၉၆ပါးရောဂါကင်း၍ စိတ်ချမ်းသာပြီး ကိုယ်ကျန်မာပါစေ။ အများအကျိုးသယ်ပိုနိုင်ပါစေ။

မေးခွန်း ၉ ခုကို ကျော်ပြီးဖတ်လိုက ဖတ်ပါရန်။

၁။ ဒေါက်တာ ကျွန်မအသက်က၂၁ပါ ။အရင်ကလည်းမေးဖူးပါတယ်။ သားအိမ်ရောင်ပြီး ကလေးနှလုံးမခုန်တာ မနေ့ကသွေးဆင်းလို့ ultrasound ရိုက်ကြည့်တော့ ကလေးကသားအိမ်အပြင်မှာ တည်နေတာတဲ့ အဲ့ဒါဗိုက်ခွဲရပါတယ်။ ဘာလို့အဲ့လိုဖြစ်ရတာလဲ။ ဆိုးကျိုးတွေပြောပြပါ။ နောက်ပြီး ဘယ်လောက်ကြာမှ ကလေးထပ်ယူရမလဲ ထပ်ယူရင် ဘယ်လိုလုပ်သင့်လဲ။ ဆောင်ရန်ရှောင်ရန် ပြောပြပေးပါ ဒေါက်တာ။ ကျေးဇူးတင်ပါတယ်။

၂။ ဆရာရှင့် သမီးက အသက် ၃၃ ပါ။ အိမ်ထောင်သက် ၂နှစ်အတွင်းမှာ ပထမဦးဆုံး ကိုယ်ဝန်လွယ်ရတော့ ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။ မနက်ခင်းတိုင်းဟာ သမီးတွက် မျော်လင့်ခြင်းရောင်ခြည်အပြည့်နဲ့ ပါ။
ဒါပေမဲ့ ဆရာရယ် ကိုယ်ဝန် ၇ ပတ်မှာ ectopic pregnancy ဆိုတာသိလိုက်ရတယ်။ မခံမရပ်နိုင်အောင် အောင့်လွန်းလို့  ဆေးရုံရောက်ပြီး ဘယ်ဘက်သားဥပြွန်ရော သမီးကလေးလေးကို ဆုံးရှုံးခံလိုက်ရတယ်။ ဒီနေ့ဆို သမီးခွဲပြီးတာ ၁ လတိတိ ပြည့်တဲ့နေပါ။ သမီးမှာ ကလေးပြန်ရနိုင်ခြေ ဘယ်လောက်ရာခိုင်နှုန်းလောက်ရှိမလဲ။ နောက်ကိုယ်ဝန်ဆောင်ဖို့  အချိန်စောင့်ရန်လိုပါသလား။ စောင့်ရမယ်ဆိုရင် ဘယ်လောက်စောင့်ပြီး ကလေးယူသင့်ပါသလဲ။ သမီးအတွက် နောက်ကိုယ်ဝန်ရမှသာ အသက်ဆက်ရှင်ချင်စိတ်ပြန်ပေါ်လာမယ်ထင်လို့ပါ။ အကြာကြီးမစောင့်ချင်ဘူး။ ဘယ်လို ဆေးမျိုးသောက်ရပါ့မလဲ နည်းလမ်းးတွေပေးပါအုံး။

၂။ ပြင်ပနေရာတွင် ကိုယ်ဝန်ဆောင်လက္ခဏာများသိလိုပါတယ်ဆရာရှင့်။ ဘယ်လိုခံစားရလဲပါတင်ပေးပါရှင်။

၃။ မင်္ဂလာပါဆရာ။ သမီးနာမည့့် ပါ။ သမီးအိမ်ထောင်ကျတာငါးလရှိပါပြီ။ အိမ်ထောင်သက်တမ်းလေးလအကြာမှာ ကိုယ်ဝန်ရခဲ့ပါတယ်။ ကိုယ်ဝန်ရှိတာသိသိချင်း အိုဂျီနဲ့ပြပါတယ် အိုဂျီက ကိုယ်ဝန် ၂ လပြည့်တဲ့နေ့ အာထရာဆောင်း ရိုက်ကြည့်မယ်ဆိုလို့သွားရိုက်ပါတယ်၊ သန္ဓေသားကို သားအိမ်ထဲမှာမတွေ့ဘူး။ tvs ရိုက်တော့ ညာဖက်သားဥပြွန်မှာ ကိုယ်ဝန်နေရာလွဲပြီးတည်နေတာကို တွေ့သိခဲ့ရပါတယ်။ အဲ့နေ့ချက်ချင်းပဲ ဗဟိုအမျိုးသမီးဆေးရုံကြီးကိုတက်ခဲ့ပါတယ်။ သမီးမှာ နာကျင်ကိုက်ခဲ ဘာဝေဒနာမှမရှိလို လူကောင်းပကတိအတိုင်းဖြစ်နေလို့ ဆရာဝန်တွေက သမီးအခြေအနေကို ခု ၁၁ ရက် ၁ လ ၂ဝ၁၆ မနက်ထိစောင့်ကြည့်ပြီး အာထရာစောင်းပြန်ရိုက်ပါတယ်။ သွေးလဲစစ်ပါတယ်။ အဖြေက ecthopic pragnancy ပဲထွက်လာလို့ ၁၁ ရက်နေ့ညနေ 6:45 မှာခွဲပြီး ညာဖက်သားဥပြွန်ပါဖြတ်လိုက်ရပါတယ်။ သမီးလိုပဲ အမျိုးသမီး အတော်များများခွဲစိတ်ပြီး ဆေးရုံလာတက်တာကိုတွေ့ရပါတယ်။ သမီးသိချင်တာက ပိန်တဲ့သူရော ဝတဲ့သူရော ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာပါဆရာ။ တခါဖြစ်ဖူးရင် နောက်ကောဖြစ်နိုင်သလား။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။

၎။ နေရာလွဲသန္ဓေတည်ခြင်း Ectopic ရဲ့ ဖြစ်တည်ခြင်းနှင့် လက္ခဏာအကြောင်းကို သိချင်ပါတယ်ဆရာ။ ရှင်းရှင်း လင်းလင်းနဲ့ နားလည်အောင်ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

၅။ ဆရာ သားအိမ်ပြင်ပကိုယ်ဝန်ဆောင်ရင်ဖြစ်တဲ့ လက္ခဏာအကြောင်းသိချင်လို့ပါ။

၆။ ထူးဆန်းသည့်ကိုယ်ဝန် Ectopic Pregnancy ဘာကြောင့် အဲလို ဖြစ်ရတာပါလဲဆရာ သိချင်ပါတယ်။

၇။ ဒေါက်တာရှင့် သမီးကကိုယ်ဝန် ၇ ပတ်ပါ။ အာထရာဆောင်းမရိုက်ရသေးပါဘူး။ သားဦးပါ။ ပြင်ပမှာသန္ဓေတည်တာ ဘယ်လိုမျိုးဖြစ်တာလဲ၊ ဘယ်လိုခံစားရလဲဆိုတာ သိချင်လို့ပါဆရာ။

၈။ သမီးအသက်က ၃၂နှစ်ပါ။ UCG Positive ဖြစ်ပြီးသွေးဆင်းနေတာလဲ ၁ လနီးပါရှိနေလို့ TVS ထပ်ရိုက်ခဲ့ပါတယ်။ Suggestive of blood around posterior wall of uterus - etopic pregnancy လို့ပြောထားပါတယ်ဆရာ။ ခွဲထုတ်လိုက်မှ အဆင်ပြေမယ်လို့ပြောပါတယ်ဆရာ။ လောလောဆယ် ဆိုးဆိုးဝါးဝါးတော့ မခံစားရပါဘူးဆရာ။ ဆီးစပ်မှကိုက်ပြီး သွေးနည်းနည်းတော့ဆင်းပါတယ်။ OG ကတော့ စောင့်ကြည့်ချင်လဲ စောင့်ကြည့်အုံးလို့ပြောပါတယ်။ စောင့်ကြည့်ရင်ရော ကိုယ်ဝန်ကတည်ပါ့မလားဆရာ။ ဒါမှမပာုတ် အမြန်ပဲခွဲထုတ်လိုက်ရမလားဆရာ။ ခွဲပြီးလို့ရှိရင် ကလေးယူဖို့ ဘယ်လောက်လောက်စောင့်ရပါသေးလဲဆရာ။ ပြီးတော့ နောက်ထပ်ကိုယ်ဝန်ရှိခဲ့ရင် Ectopic မဖြစ်အောင် ဘယ်လိုကာကွယ်ထားလို့ရမလဲဆရာ။

၉။ ကိုယ်ဝန်က သားအိမ်ထဲမှာမဟုတ်ပဲ အပြင်မှာတည်ရတာဘာကြောင့်လဲရှင့်။ သားအိမ်ပြင်ပမှာတည်တာကို ဘယ်လို ခံစားရတာမျိုးနဲ့များသိရှိနိုင်ပါမလဲ။ ဥပမာဆရာ့ကိုသမီးဗိုက်အောင့်အောင့်နေတယ်လို့ ပြောတာနဲ့များ သက်ဆိုင်နေမလားလို့ပါ။ တကယ်လို့ အဲလိုဖြစ်ခဲ့တယ်ဆိုရင် ကိုယ်ဝန်ဆက်ဆောင်လို့ ရနိုင်ပါသလားရှင့်။ ကိုယ်ဝန်နုစဉ်မှာ အစပ်စားလို့ရပါသလား။ အစပ်ပါမှ အစာစားလို့ဝင်နေလို့ပါ။

သိချင်လို့မေးတာတွေကို မသိတာနဲ့စရတော့မှာပဲ။ သားအိမ်ပြင်ပသန္ဓေတည်တာ အများစုကို ဘာ့ကြောင့်မှန်းမသိပါ။ ဖြစ်စေနိုင်တဲ့ အခြေအနေတွေက အမျိုးမျိုးရှိတယ်။ သားအိမ်ပြွန်မှာ ပြဿနာရှိသူ၊ ဆေးဝါးရဲ့မကောင်းကျိုးဆက်တွေနဲ့ ဆေးလိပ်စွဲသူတွေမှာ ဖြစ်ကြပါတယ်။ ဒါမျိုးကို တခုကိုမှ ဆရာဝန်တွေ ရှာမရသူကလည်း သုံးပုံတပုံကနေ တဝက်အထိ ရှိတယ်။

သားအိမ်ပြင်ပသန္ဓေတည်တာ အများဆုံးနေရာဖြစ်တဲ့ သားအိမ်ပြွန်ဆိုတာ သားအိမ်ရဲ့ထိပ်မှာ ချိုနှစ်ချောင်းလို ဘေးကားထွက်နေတာ။ လက်နှစ်ချောင်းနဲ့ ပိုတူတယ်။ မျိုးဥအိမ်ကနေ တလတခါ ထွက်နေကျ မျိုးဥကို ကောက်ယူ၊ စုပ်ယူ၊ ဆွဲယူပေးတယ်။ သူ့အထဲမှာ ပေါင်းစပ်စရာလဲ နေရာပေးတယ်။ ဒါပေမဲ့ တလမှာတခါသာ တာဝန်ကျတယ်။

ကလေးမရနိုင်တာကိုလည်း ထည့်ပြောတယ်။ အမှန်က ကလေးမရတာက အကြောင်းမဟုတ်ဘူး။ အကျိုးပါ။ စုံအောင် ထည့်ရေးရရင် ကလေးမရအောင် ပြွန်ကို ဖြတ်-ချည်ထားတာလဲ ပါတာပေါ့။ ကလေးမရအောင် ပြွန်ကို Tubal cautery မီးသုံးပိတ်တဲ့နည်း လုပ်ပေးထားသူတွေရဲ့ ၇ဝ%၊ ပြွန်ကို ချည်နှောင်နည်းဆိုရင် ၃ဝ% တို့က သားအိမ်ပြင်ပ ကိုယ်ဝန် ရစေနိုင်တယ်။ ဆိုချင်တာက သားကြောဖြတ်ထားပြီး ဖြစ်သူတွေရဲ့ ရာနှုန်းကိုသာပြောတာပါ။ ကလေးမရအောင် ပြွန်ကို တနည်းနည်းနဲ့ လုပ်ထားပြီးမှ ကလေး ပြန်ရချင်သူကို ကြိုးစားခွဲစိတ်ပြုပြင်နည်းကြောင့်လည်း ကိုယ်ဝန်က သားအိမ်အပြင်မှာ တည်နိုင်သေးတယ်။ သဘာဝမဟုတ်ရင် ဘာမှမကောင်းပါ။ သားသမီးဝေးအောင် သားအိမ်ထဲ IUCD ပစ္စည်း ထည့်တာလဲ အဆင်မသင့်ရင် သားအိမ်ပြင်ပကိုယ်ဝန် ဖြစ်နိုင်တယ်။

Clomiphene citrate နဲ့ Pergonal ဆိုတဲ့ ကိုယ်ဝန်ရှိအောင်လုပ်ပေးစေမဲ့ဆေးတွေ၊ Progesterone-like hormones ပါတဲ့ ပဋိသန္ဓေတားဆေး၊ Diethylstilbestrol (DES) ဆိုတဲ့ မ-ဟော်မုန်း စတီရွိုက်ဆေးကြောင့်လဲ ပြောကြသေးတယ်။

Endometriosis ဆိုတဲ့ သားအိမ်က တရှူးတွေ အပြင်ထွက်ပြီး ပေါက်ပွါးတဲ့ရောဂါကြောင့်လည်း ပြွန်ကိုကျဉ်းစေတယ်။ ဆေးလိပ်သောက်သူတွေမှာ ၅ ဆပိုတယ်။ နီကိုတင်းက ပြွန်ကိုဆွပေးလို့ပါ။ အသက်ကြီးသူတွေမှာ ငယ်သူတွေထက် ပိုဖြစ်နိုင်တယ်။ အိုပြီဆိုရင် ဘာမှ မကောင်းပါလား။

သားအိမ်ပြင်ပသန္ဓေတည်နေရင် ပုံမှန်ကိုယ်ဝန်လိုနဲ့သာစတယ်။ ကိုယ်ဝန်ရှိစလက္ခဏာတွေသူများတွေလိုပဲခံစားရမယ်။ ရာသီမလာတော့ဘူး။ ရင်သားတင်းနာမယ်။ အားယုတ်နေမယ်။ ပျို့အန်ချင်မယ်။ ဆီးပိုသွားချင်မယ်။ အစားပျက်မယ်။ တခုခုကို ပိုပြီးစားချင်စိတ်ဖြစ်နေမယ်။

သားအိမ်ပြင်ပသန္ဓေတည်နေရင် ထူခြားမှာတွေက ရိုးရိုးကိုယ်ဝန်ပျက်တာနဲ့လည်း အတော်တူတယ်။ မွေးလမ်းကနေ သွေးနည်းနည်းဆင်းမယ်။ အဲတာလည်း ပုံမှန်ကိုယ်ဝန်မှာ သန္ဓေကပ်ချိန်မှာဖြစ်တတ်တယ်။ ဗိုက်အောင့်နာမယ်။ ကိုယ်ဝန် ၆ ပတ်ကနေ ၈ ပတ်လောက်မှာ အဖြစ်များတယ်။ နာတာကလှုတ်ရှားရင်ပိုသိသာမယ်။ တဖက်ဖက်မှာ စူးရှပြီးနာမယ်။ သွေးဆင်းတာများလာမယ်။ အတူနေရင်လည်း မနာသင့်ပဲနာမယ်။ ဆရာဝန်စမ်းရင်လည်း နာမယ်။ ခေါင်းမူးမယ်။ ခေါင်းထဲပေါ့နေမယ်။ သိလက်လွတ်ချင်သလို ဖြစ်နိုင်တယ်။ (ရှော့ခ်) ဖြစ်လာနိုင်တယ်။ ဖြစ်တဲ့ဖက်က ပခုံးဆီမှာနာမယ်။

ကိုယ်ဝန်ဆောင်ရင် စိတ်ကိုအပြုသဘောသာဆင်ခြင်ပါ။ ငါ့မှာ ဒါတွေများဖြစ်နေမလားမတွေးပါနဲ့။ ကိုယ်ဝန်အပ်ပြီး စစ်ဆေးမှုတွေလုပ်ပြီးမှသာ ဘာဖြစ်နေသလည်းသိပါမယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားလေးပါး ရှိတယ်။ ဘာမှ ရှာမရရင် ကံတရားကြောင့်ဆိုတာ အမှန်ပါ။ ဒါ့ကြောင့် ဆေးလိပ်မသောက်နဲ့၊ တလင်တမယားသာနေ၊ (ကွန်ဒွန်) ကို အမြဲသုံး၊ ခွဲတာစိတ်တာ မခံရစေနဲ့။ ကံကောင်းအောင် သောက်ရေကန်၊ သုံးရေကန် တူး-ဆည်-သန့်ပေး၊ မွေးနေ့တိုင်း ဆွမ်းကျွေး၊ အနန္တောအနန္တငါးဖြာကို မပြတ်ဆည်းကပ် ကိုးကွယ်ပါလေ။ မအိုစေနဲ့။

- Ectopic Pregnancy (1) ထူးဆန်းသည့်ကိုယ်ဝန် (၁) http://doctortintswe.blogspot.com/2014/11/ectopic-pregnancy-causes.html
- Ectopic Pregnancy (2) ထူးဆန်းသည့် ကိုယ်ဝန် (၂) http://doctortintswe.blogspot.com/2015/09/ectopic-pregnancy.html
- Pregnancy after Ectopic Pregnancy သားအိမ်ပြင်ပသန္ဓေတည်ပြီးနောက် http://doctortintswe.blogspot.com/2017/02/pregnancy-after-ectopic-pregnancy.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ