Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း


၁။ ကျွန်မရဲ့အမသည် အသက် ၃၉ ရှိပါပြီ။ သူ့သားလေးက ၇လသားလေးပါ။ သူသားဆက်ခြားနည်းများအနက် မည်သည်က အသင့်တော်ဆုံးဖြစ်သလဲ။ ထိုးဆေးတော့ ကလေးမွေးပြီး ၄၅ ရက်က တခါ၊ သုံးလမှာတခါ ထိုးပါတယ်။ အခု ဝိတ်အရမ်းတက်ပြီး အရမ်းဝလာလို့ပါ ။ ကျေးဇူး တင်ပါတယ် ဆရာရှင့် ။

၂။ မင်္ဂလာပါဆရာ မိခင်နို့အပြည့်အဝတိုက်ရင် သားဆက်ခြားနည်းတခုခုသုံးစရာလိုပါသလား ဆရာ။

၃။ ဆရာ သမီးက ကလေးမွေးထားတာ ၄၇ ရက်ရှိပါပြီ။ ခုထိရာသီမလာသေးပါဘူး။ ဘယ်တော့မှလာတတ်ပါသလဲ။
ပြီး ဆေးက နို့တိုက်မိခင်သောက်တဲ့တားဆေးရှိတယ်ပြောကျပါတယ် ဆရာဆေးနာမည်ဘေးညွန်ပေးပါနော် ကလေးမရခင်တော့ မာဗလွန် ၂၈ သောက်ခဲ့ပါတယ်။ သမီးနဲ့လည်းတည့်ပါတယ်။ နို့တိုက်မိခင်သောက် တားဆေးလေးပြောပေးပါရှင့်။

၎။ ဆရာရှင့် ကလေးမွေးပြီးကတည်းက သားဆက်ခြားတဲ့အနေဖြင့် သုံးလခံဆေးထိုးထားပါတယ်ဆရာ။ သုံးချောင်း ထိုးဖူးပါတယ်ဆရာ။ ကလေး ၁ နှစ်ကျော်တော့ marvelon 28 ဆက်သောက်ပါတယ်။ ခုကလေး ၁ နှစ်နဲ့ ၁ဝ လရှိပါပြီ။ နို့လဲမဖြတ်ရသေးပါဘူး။ ခုသမီးတားဆေးဖြတ်လိုက်ပါပြီဆရာ။ အဲ့ဒါနောက်ကလေး ထပ်ယူရင် ကိုယ်ဝန်ချက်ချင်း ကပ်နိုင်လားဆရာ နို့တိုက်တဲ့အချိန် တားဆေးစားရင် နို့ထွက်နဲစေတာလား ကလေးကိုရောဆိုးကျိုးပေးနိုင်ပါသလားဆရာ။ သမီး OG က နို့တိုက်နေရင် တားဆေးလုံးဝ မစားရဘူးလို့ ပြောလို့ပါ ။ ဆရာ့ဆောင်းပါးထဲမှာ ဟော်မုန်း ၁ မျိုးထဲပါတာ စားရင်တော့ ရတယ်လို့ရေးထားတာတွေ့လို့ပါ။ ခုတားဆေးဖြတ်လိုက်တော့ ရာသီလဲမမှန်ပါဘူးဆရာ။ အရင်လိုရာသီ လစဉ်ပြန်မှန်အောင် ဘာလုပ်ရမလဲ ဆရာ။

ကိုယ်ဝန်ဆောင်တာ ၁၆ ပတ်ရှိရင် နို့တွေကနေ နို့ရည်ထွက်နိုင်ခြေရှိလာပြီ။ အရွယ်အစား ကြီးထွားလာလို့ပါ။ ဒါပေမဲ့ အချင်းကနေ ထုတ်ပေးနေတဲ့ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) ဟော် မုန်းတွေကြောင့် နို့ထွက်အောင်လုပ်ပေးသေး၊ ဦးနောက်မှာရှိတဲ့ (ပစ်ကျူထရီ ဂလင်း) ကနေ နို့ ထွက်ဟော်မုန်းကို ထွက်မလာအောင် တားထားသေးတယ် ။

ကလေးဖွါးပြီး အချင်းကျတာနဲ့ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) တွေ နည်းလာပြီး ပြောခဲ့ တဲ့ နို့ ထွက်ဟော်မုန်း (ပရိုလက်တင်) ထွက်လာပြီးသကာလ နို့တွေကနေ နို့ရည်တွေ ထွက်တော့မယ်။ တခုရှိပြန်တာက ကလေးကို နို့မတိုက်ရင်တော့ အဲလို မဖြစ်တော့ ပြန်ဘူး။ ကလေးက နို့ကို စို့ (စုပ်) တာကနေ နိုးဆွပေးတဲ့သဘော သက်ရောက်တယ်။

ကလေးမီးဖွါးပြီး ရာသီပြန်လာတာ မတူကြပါ။ ကလေး တလခွဲရှိတဲ့အထိ တားဆေးမသုံးဘဲ လဲ နေနိုင်တယ် ။ ကလေးနို့ဖြတ်ပြီးရင် ကြိုက်တဲ့နည်းကို ပြောင်းသုံးနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲကို ကလေး ၆ လရပြီးမှာသုံးရင် နို့ထွက်နည်းတာကို ရှောင်နိုင်မယ်။ ကလေးကို နို့တိုက်ပေးနေရင် နောက်ကလေး ရဘို့ ဝေးတတ်တယ်။ ရာသီမဆင်း၊ ကလေးမရတာ မျိုး ဖြစ်တယ် ။ ကလေးမွေပြီးတဲ့နောက် အမျိုးသမီးများဟာ ခင်ပွန်းနဲ့ အတူပြန်နေတာမှာ မြန်ကြတာ များတယ်။ ၄ ပတ်ဆိုရင် ၃ ပုံ ၁ ပုံနဲ့ ၈ ပတ်ဆိုရင် ၈၈% လို့ ပြောနိုင်တယ်။

ကိုယ်ဝန်တားဆေးတွေက နာမည်အမျိုးမျိုးနဲ့ လာတယ်။ အမျိုးသမီး အမျိုးမျိုးကို သက်ရောက်စေတာကလဲ အမျိုးမျိုး ရှိနိုင်တယ်။ ကိုယ်ဝန်တား စားဆေးတွေထဲမှာ အများဆုံး သုံးနေကြတာက ဟော်မုန်း ၂ မျိုးတွဲ၊ တနေ့တလုံး စားရတဲ့ ဆေးမျိုး ဖြစ်တယ်။ ဟော်မုန်းတွေဆိုတာ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) တွေဖြစ် တယ် ။ ကလေး နို့တိုက်သူတွေနဲ့ သိပ်မကိုက်ဘူး။ ဒီဆေးမျိုးထဲမှာပါတဲ့ (အီစထိုဂျင်) က နို့ထွက်နည်းစေ မယ် ။

ကလေး နို့တိုက်တုံးသုံးနိုင်တဲ့ ကိုယ်ဝန်တားဆေးများ
၁။ Depo-Provera ၃ လခံထိုးဆေးလဲ သုံးနိုင်တယ်။
၂။ Progestin-only pill (POP) တမျိုးထဲပါတဲ့ တားဆေးမျိုးက ပိုအဆင်ပြေတယ်။ ဒီဆေးမျိုးကို Mini pill လို့လဲ ခေါ်တယ်။ တားဆေးထဲက ဟော်မုန်းဟာ မိခင်နို့ရည်ထဲ မရောက်နိုင်လို့ ကလေးကိုဒုက္ခမပေးပါ။ ဟော်မုန်း ၂ မျိုးပါအမျိုးအစားထက် ကိုယ်ဝန်တားရာမှာ ထိရောက်မှု ရာနှုန်းနည်းတယ်။ ဆေးကိုနေ့တိုင်းမှန်မှန်နဲ့ အချိန်လဲမှန်မှန်သောက်ဘို့ သတိကြီးရမယ်။ ဆေးနာမည်တွေက Exluton, Micronor, Nor-QD နဲ့ Ovrette တွေဖြစ်တယ်။
၃။ Progestin-only implants အရေပြားအောက်မှာ ထည့်ထားရတဲ့ အချောင်းမျိုးသုံးနိုင်တယ်။ ဥပမာ Norplant and Jadelle (Norplant II), Implanon, Sino-implant (II) (Zarin, Femplant and Trust), Nexplanon တွေကို သုံးနိုင်တယ်။
၎။ Barrier methods အဖုံး-အကာ-အစွပ်နည်းတွေထဲက Condom (ကွန်ဒွမ်) က ပိုအဆင်ပြေနိုင်တယ်။ Diaphragm (ဒိုင်ယာဖရမ်) နည်းကတော့ ကလေးမွေးပြီးစမှာ အရွယ်အစား ရင်စားပြန်မရသေးလို့ အနေမတော် ဖြစ်နိုင်တယ်။
၅။ Intrauterine system (IUS), IUD with progestogen, IntraUterine Contraceptive (IUC) လို့ ခေါ်တာက သားအိမ်အဝမှာ (ပရိုဂျက်စတင်) တမျိုးထဲသာ ပါလို့ နို့ထွက်တာကို မသက်ရောက်စေဘူး။
၆။ Intrauterine devices (IUD) သားအိမ်ထဲ (ကောပါး-တီ) ထည့်နည်းမှာ ဘာဟော်မုန်းမှ မပါလို့ နို့ထွက်တာကို သက်ရောက်မှု မရှိပါ။

Vaginal rings သန္ဓေတား သားရေကွင်း ထဲမှာလဲ ဟော်မုန်း ၂ မျိုးတွဲပါလို့ နို့ထွက်နည်းမယ်။ Contraceptive patch = Transdermal patch (Evra, Ortho Evra) ထဲမှာ Estrogen နဲ့ Progestin hormones တွေပါလို့ နို့ထွက်နည်းစေမယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ