သစ်စေ့ လက်တစ်ဆုပ် နေ့စဉ် စားပြီး နှလုံးရောဂါ ကာကွယ်စို့


ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ စစ်တမ်းများအရ ၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာပေါ် ၌ နှလုံးရောဂါကြောင့် သေဆုံးသူ ဦးရေ ၁၇ ဒသမ ၅ သန်းဖြစ်ပြီး တစ်ကမ္ဘာလုံး သေဆုံးသူဦးရေ၏ ၃ဝ ရာခိုင်နှုန်းရှိသည် ။ နှလုံးရော ဂါကြောင့် သေဆုံးသူဦးရေများအနက် လူဦးရေ ၇ ဒသမ ၄ သန်း (၄၂ ရာခိုင်နှုန်း) မှာ နှလုံး သွေးကြော ကျဉ်း ရောဂါကြောင့် သေဆုံးကြရခြင်းပင် ဖြစ်သည်။

ဤသို့ နှလုံးရောဂါ ဖြစ်ပွားနှုန်းများလာရခြင်း အကြောင်းများမှာ လူတို့၏နေထိုင် စားသောက်မှုပုံစံ ပြောင်းလဲ လာခြင်းကြောင့် ဖြစ်သည်။ နေထိုင်မှု ဆိုရာဝယ် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပြုခြင်း နည်းပါး လာသောကြောင့် ဖြစ်သည် ။ လူပင်ပန်းမှုကို သက်သာ စေသည့် မော်တော်ကား၊ ဆိုင်ကယ် အသုံးပြုမှု များလာခြင်း၊ လှေကားဖြင့် မသုံးဘဲ ဓာတ်လှေကားသုံးမှု များလာခြင်းကြောင့်ဖြစ်သည်။

အစားအစာကိုလည်း ရှေးကနှင့်မတူဘဲ အလွယ်တကူရမည့် အစာများဖြစ်သည့် အသင့်စား ခေါက်ဆွဲကြော် ၊ ဟမ်ဘာဂါ၊ ကိတ်မုန့်၊ ဒိုးနပ်နှင့် အချိုရည်သောက်သုံးမှု များလာခြင်းသည် သွေးတိုးခြင်း၊ အဝလွန်ခြင်း ၊ သွေးတွင်း အဆီဓာတ်များခြင်းနှင့် ဆီးချိုရောဂါတို့ကို ပိုမိုဖြစ်စေသည်။ ထို့ပြင် ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောကျဉ်း ရောဂါကို ပိုမို ဖြစ်စေသည်။

ဤကဲ့သို့ အလုအယက် အပြိုင်အဆိုင် ရုန်းကန်လှုပ်ရှားနေသည့် လောကကြီးတွင် မော်တော်ကား မသုံးဘဲ လမ်းလျှောက်မည်၊ ဓာတ်လှေကား မသုံးဘဲ လှေကားကိုအသုံးပြုမည် ဆိုလျှင် အပြောလွယ်သော်လည်း လက်တွေ့မှာခက်ခဲသည်။ အလွယ်တကူရသည့် အသင့်စား အစားအစာများကို မစားဘဲ နေနိုင်ကြ ပါမည်လား ။
လန်ဒန်တက္ကသိုလ်မှ သုတေသီများ၏ တွေ့ရှိချက်တစ်ခုမှာ ကျွန်ုပ်တို့မြန်မာလူမျိုးများ အတွက် လိုက်နာရန် အတွက်လည်း လွယ်ကူပြီး အဆင်ပြေနိုင်သည်။ ၎င်းမှာ နေ့စဉ် အစေ့အဆန် ၂ဝ ဂရမ်ခန့် ပျမ်းမျှအားဖြင့် ကျွန်ုပ်တို့လက်တစ်ဆုပ် စားလျှင် နှလုံးသွေးကြော ကျဉ်း ရောဂါ ဖြစ်ပွား မှုလျှော့ချနိုင်သည် ။ ဤသို့ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို ၃ဝ ရာခိုင်နှုန်းခန့် လျှော့ချပြီး အရွယ်မတိုင်မီ သေဆုံးမှုကို ၂၂ ရာခိုင်နှုန်းခန့် လျှော့ချ ပေးပါသည်။

ဤသုတေသနတွင် အသုံးပြုသည့် အစေ့အဆန်များမှာ (Free Nuts - Hazel Nuts and Walnuts) (Peanuts - Legumes) ဖြစ်သည်။ မြေပဲဆန်နှင့် အခြား အစေ့အဆန်များတွင် ဖိုက်ဘာခေါ် အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နှင့် လူ့ကျန်းမာရေးကို အကျိုးပြုသည့် အဆီများ ပါဝင်သည်။ ထို့ကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ခြင်းဖြစ်သည်။ ဤ အစေ့အဆန် များတွင် အဆီပါသော်လည်း အသားဓာတ်တွင် ဖိုက်ဘာဓာတ်များခြင်းကြောင့် အဝလွန်ခြင်းကို ဟန့်တားစေနိုင်သည်။

ဤသို့ဆိုလျှင် တစ်နေ့ကို ၂ဝ ဂရမ်ထက် ပိုစားကြပါမည်လား။ ဤသုတေသန၏ တွေ့ရှိချက်မှာ တစ်နေ့ကို ၂ဝ ဂရမ်ထက်ပိုစားလျှင်လည်း ၂ဝ ဂရမ်စားသည့် ရလဒ်ထက် မပိုကြောင်း တွေ့ရသည်။
ထို့ကြောင့် တစ်နေ့ကို သစ်အစေ့အဆန် လက်တစ်ဆုပ် စားပြီး နှလုံးရောဂါ ကာကွယ်ကြပါစို့။
ဤသုတေသနတွေ့ရှိချက်ကိုပဲ လိုက်နာပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ရန်လည်း မမေ့ကြပါနှင့်။ ဆေးလိပ်၏ မကောင်းကြောင်းကိုလည်း အားလုံးသိရှိပြီးသားပင်ဖြစ်ပါသည်။ အသင့်စား အစားအစာနှင့် အချိုရည်များကိုလည်း ရှောင်ကြဉ်ရန် သတိပြုပါ။ ။

ပါမောက္ခဒေါက်တာခင်ဖြူပြာ
မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ