ချော့ကလက်နှင့် ဖေဖော်ဝါရီလ

ဖေဖော်ဝါရီလဟာကမ္ဘာအနှံ့မှာ ချော့ကလက်အရောင်းရဆုံးလတစ်လ ဖြစ်ပါတယ်။ Valentine’s day မှာ ချော့ကလက်အပြန်အလှန် လက်ဆောင်ပေး ကြတဲ့ဓလေ့ဟာ အနောက်တိုင်းမှာ သာမက အရှေ့တိုင်း မှာပါ ပျံ့နှံ့နေပါပြီ ။ မြန်မာနိုင်ငံမှာလည်း အတူတူပါပဲ။ ဖေဖော်ဝါရီလရောက်ရင် ချော့ကလက်နဲ့ ပန်းစည်းတွေ လက်မလည်အောင် ရောင်းကောင်းပါတယ်။ ချော့ကလက်ဟာ ချစ်ခြင်းမေတ္တာ ၊ နွေးထွေးမှုရဲ့သင်္ကေတလို့ပြောကြပါတယ် ။ ချော့ကလက်စားသုံး ခြင်းဟာ စိတ်ကြည်လင်စေတယ်။ စိတ်ပျော်ရွှင်စေတယ်။ ချစ်ခြင်းမေတ္တာတွေ တိုးပွားစေတယ်လို့ တင်စားပြောဆိုကြပါတယ်။ ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း ချောကလက်မှာ ကောင်းကျိုးများစွာရှိပါတယ်။


အားလုံးပြောကြတဲ့အတိုင်း ချောကလက်မှာ ကောင်းကျိုးအာနိသင်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပဲ ပမာဏများများစားမိ ရင် ကယ်လိုရီတက်ပြီး၊ အချိန်ကြာကြာစားသုံးရင်တော့ ကိုယ်အလေးချိန်တက်လာ နိုင်ပါတယ်။ မိမိစားသုံးမယ့်ချောကလက်ရဲ့အမျိုးအစား၊ ပါဝင်ပစ္စည်းများ၊ ထုတ်လုပ် တဲ့ရက်စွဲစတာတွေကို သေချာလေးကြည့်ပေးဖို့လိုပါတယ်။ ကမ္ဘာပေါ်မှာ ချောက လက် အမျိုး အစားရာနဲ့ချီပြီးရှိပါတယ် ။ ထုတ်လုပ်တဲ့နိုင်ငံအလိုက်၊ စားသုံးသူတွေရဲ့ အသက်အရွယ်နဲ့ အကြိုက် အလိုက် ချောကလက်ကို ပုံစံမျိုးစုံနဲ့ ထုတ်လုပ်ထားပါ တယ် ။ ချောကလက်ကို အမှုန့်မှ စပြီး ချောကလက် အခဲ ၊ ချောကလက်နို့၊ ချောကလက်သကြားလုံး၊ ချောကလက်ကွတ်ကီး စတဲ့အမျိုးအမည်ပေါင်း များစွာ ဈေးကွက်ထဲမှာ ၀ယ်ယူစားသုံးနိုင်ပါတယ် ။

 ချောကလက်အမျိုးအစားပေါ်မူတည်ပြီး ပါဝင်ပစ္စည်းနဲ့ အာဟာရတန်ဖိုး ကွဲပြားသွားပါတယ်။ ဥပမာဆိုရင် - ချောကလက်ခြင်းတူပေမယ့် ကယ်လိုရီပမာဏ မတူပါဘူး။ ကိုယ်စားလိုက်တဲ့ ချောကလက်က ကယ်လိုရီတန်ဖိုးများတဲ့ အမျိုးအစား ဖြစ်နေရင် ပမာဏလျှော့စားသင့်ပါတယ်။ ကယ်လိုရီတန်ဖိုးကို သတိမထားမိဘဲ များ များစားလိုက်ပါက မိမိခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လိုအပ်ချက် ထက် ကျော်လွန် သွား နိုင်ပါတယ် ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမလုပ်တဲ့သူဆိုရင်ဖြင့် အချိန်ကြာလာ တာနှင့်အမျှ ကိုယ်အလေးချိန်တိုးလာနိုင်ပါတယ်။ ဒါကြောင့် ချောကလက်စားတော့ မယ်ဆိုရင် ပါဝင်ပစ္စည်းနှင့် အာဟာရတန်ဖိုးကို သေချာကြည့်ပေးပါ ။ ချင့်ချိန်ပြီးစား သုံးမယ်ဆိုရင်တော့ ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ် ။

ချောကလက်တွေကို ထုတ်လုပ်တဲ့အခါ အလေးချိန်ကို ဂရမ် (gram) နဲ့ ဖော်ပြကြပါတယ်။ အာဟာရတန်ဖိုးကိုတော့ အများအားဖြင့် ကျောဘက်အခြမ်းမှာ ဇယားကွက်နဲ့ ဖော်ပြထားတတ်ပါတယ်။ အများအားဖြင့် 200g, 100g, 50g, 25g စတဲ့ဆိုဒ်အကြီး၊ အသေးမျိုးစုံရှိပါတယ် ။ ကျွန်မ အခုဖော်ပြ ထားတာ ကတော့ ချောက လက် 100g မှာပါဝင်တဲ့ ကယ်လိုရီပမာဏအကြမ်းဖျင်းဖြစ်ပါတယ်။
ပုံမှာဖော်ပြထားတာကတော့ အလေးချိန် 100g (ဂရမ်) မှာပါဝင်တဲ့ ကယ်လိုရီပမာဏအကြမ်းဖျင်းပါ။ ကုမ္မဏီတွေကတော့ အသေးစိတ်ဖော်ပြလေ့ရှိပါ တယ်။ ဥပမာ-အများအားဖြင့် ကြိုက်တတ်တဲ့ Dark Chololate (45.59%) 100g မှာ 546 ကယ်လိုရီရှိပါတယ်။ ခေါက်ဆွဲကြော်ပွဲကြီး ၁ ပွဲစာခန့် ကယ်လိုရီနဲ့တောင် တူနေပါတယ်။ ဒါမျိုးဆိုရင် လေးပုံ၁ပုံ (25ဂရမ်) ခန့် စားမယ်ဆိုရင် 136.5 ကယ်လိုရီရပါမယ်။ ကယ်လိုရီ ၁၀၀ ကျော်ဆိုရင်ဖြင့် snack အနေနဲ့စားရတာ တန် တယ်လို့ပြောလို့ ရပါတယ် ။ 100 ဂရမ်လုံးစားမိမယ်ဆိုရင် ကယ်လိုရီတော်တော် တက်သွားပါလိမ့်မယ် ။ ချောကလက် ကြိုက်တတ်တဲ့သူတွေ အတွက်ကတော့ ပမာဏနည်းနည်းကိုနေ့စဉ်စားသုံးလို့ရပါတယ်။ အဓိကကတော့ အများကြီးမစားမိ ဖို့ အရေးကြီးတာပါ။
ကလေးတွေအတွက်ဆိုရင် ပဲနို့ချောကလက်၊ နို့ချောကလက်နဲ့ ချောက လက်အပူတွေဟာ သင့်တော်ပါတယ်။ ချောကလက်ချိုချဉ်တွေ သိပ်မကျွေးသင့်ပါ ဘူး။ သကြားပါဝင်မှုများပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ချောကလက် အမြောက် အများစားသုံးတဲ့ ကလေးငယ်တွေဟာ အ၀လွန်ဖို့ အခွင့်အလမ်းများတဲ့အတွက် ဖြစ် ပါတယ်။

မနက်စာကို ချောကလက်အပူတိုက်တာမျိုးကအလွန်သင့်တော်ပါတယ်။ ချောကလက်မှာ ကစီဓာတ် (carbobydrate) ၊ အသားဓာတ် (protein) နဲ့ အဆီ (fat) အချိုးကျကျပါဝင်ပါတယ် ။ အာဟာရပြည့်ဝတဲ့ အပြင် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုး မှုအတွက်ပါ အထောက်အကူပြုပါတယ်။ မိဘများအနေနဲ့ မိမိကလေးငယ် အတွက် သင့်တော်မယ့်အမျိုးအစားကို သေသေချာချာ ရွေးချယ်ဝယ်ယူပေးသင့်ပါတယ်။  လူငယ်တွေ အနေနဲ့တော့ထူးထူးခြားခြားအ၀လွန်နေတာမျိုးနဲ့ ရောဂါမရှိဘူး ဆိုရင် သင့်တင့်တဲ့ ပမာဏကို နေ့ စဉ်ဖြစ်ဖြစ် ၊ (၁)ပတ် (၂)ကြိမ် (၃)ကြိမ်ခန့်ဖြစ်ဖြစ် စားသုံးလို့ရပါတယ် ။ အလွန်အကျွံစားတာ မျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ် ။ အားကစား လိုက်စားတဲ့ ယောက်ျားလေးများ အနေနဲ့ ကတော့ လေ့ကျင့်ခန်း လုပ်ပြီးတဲ့ အချိန် နို့ချောကလက်သောက်သုံးပေးတာက အလွန်သင့်တော်ပါတယ်။ ကြွက်သားများကြီးထွားဖွံ့ဖြိုးဖို့နှင့်ကိုယ်ခန္ဓာပြန်လည်လန်းဆန်းဖို့အတွက် ချောကလက်က များစွာ အထောက်အကူပြုပါတယ် ။ အနောက်တိုင်းက ဘောလုံးသမားများ၊ အားကစားသမားတွေကြားမှာလည်း ကစားပွဲအပြီး နို့ချောကလက်သောက်သုံးတဲ့ ဓလေ့က ရေပန်းစားနေပါတယ်။ ကြွက်သားတက်ချင်သူများ လိုက်နာသင့်တဲ့အချက် ဖြစ်ပါတယ်။


မိန်းကလေးတွေအတွက်ကတော့ ချောကလက်အနည်းငယ်စားသုံးပေးခြင်း ဟာ စိတ်ကြည်လင်စေပါတယ်။ ရာသီလာခါနီး ခေါင်းကိုက်တာမျိုး၊ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေတာမျိုးကို သက်သာစေနိုင် တယ်လို့ပြော ကြပါတယ် ။ စာမေးပွဲနီးလို့ စိတ်ရှုပ်တာမျိုး၊ အလုပ်ပင်ပန်းပြီး စိတ်ဖိစီးမှုများတာမျိုးကိုလည်း အထိုက် အလျောက်လျော့ကျစေနိုင်ပါသေးတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ မိန်းကလေး တွေအနေနဲ့ကတော့ ပမာဏများများမစားမိဖို့ လိုအပ်ပါတယ်။ သင့်တင့်တဲ့ပမာဏ စားသုံးရင် အကျိုးကျေးဇူးများပေမယ့် များသွားရင်တော့ ၀လာနိုင်ပါတယ်။ မိမိရဲ့ lifestyle ပေါ်မူတည်ပြီး ရွေးချယ်စားသုံးသင့်ပါတယ်။
လူကြီးတွေအနေနဲ့ကတော့ လူငယ်တွေရဲ့ လိုအပ်ချက်နဲ့မတူနိုင်ပါဘူး။ ကယ်လိုရီနည်းပြီးအာဟာရရှိတဲ့ နို့ချောကလက်၊ ချောကလက်ပဲနို့နှင့် ချောကလက်ပူပူ သောက်သုံးတာဟာ သင့်တော်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီး များအတွက်ဆိုရင် Calcium နဲ့ Vitamin-Dပါတဲ့ နို့ချောကလက် /ပဲနို့ သောက်သုံး ခြင်းဟာ အရိုးပါးခြင်း၊ အရိုးပွခြင်းနှင့် အရိုးကျိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ လူကြီးမိဘများအနေနဲ့ မနက်စာအနေနဲ့ သောက်သုံးတာဖြစ်ဖြစ်၊ snack အနေနဲ့ သောက်သုံးတာဖြစ်ဖြစ် အဆင်ပြေနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့ဖြည့်စွက်စာအနေ နဲ့တောင် မှတ်ယူလို့ပါတယ်။ အဆီများတဲ့ နို့နဲ့ရောထားတဲ့ ချောကလက်ကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ သွေးတွင်းအဆီတက်တာတွေ၊ သွေးကြောကျဉ်းတာတွေ ဖြစ်လာနိုင်လို့ပါ။
အကယ်၍ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ရောဂါ၊ သွေးတွင်းအဆီများတာ တွေ၊ နှလုံးသွေးကြောကျဉ်းတာတွေရှိတဲ့သူတွေ အနေနဲ့ကတော့ မိမိရဲ့ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပြီးမှ သင့်တော်တဲ့ပမာဏနဲ့ လိုအပ်တဲ့ကယ်လိုရီအရ စား သုံးသင့်ပါတယ်။ ပမာဏများများစားသုံးမိရင် အန္တရာယ်ဖြစ်နိုင်တဲ့အတွက်ပါ။ ဥပမာ- ဆီးချိုရောဂါရှိသူဆိုရင် ကယ်လိုရီအများအပြားတက်စေတဲ့ ချောကလက်အမျိုး အစားကို ရှောင်ကြဉ် သင့်ပါတယ်။
ဒါကြောင့် ချောကလက်ဝယ်ယူစားသုံးတော့မယ်ဆိုရင် အဓိကကြည့်ဖို့လိုအပ် တဲ့အချက်တွေ ကတော့ -ချောကလက်အမျိုးအစား ၊ ပါဝင်ပစ္စည်းများ၊ ပမာဏ (ဂရမ်)၊ အာဟာရတန်ဖိုးနဲ့ ကယ်လိုရီပမာဏ တို့ဖြစ်ပါတယ် ။ မိမိနဲ့သင့်တော်တဲ့ ချောကလက်ကို ရွေးချယ်ဝယ်ယူစားသုံးခြင်းဖြင့် ပိုမိုကျန်းမာတဲ့ ဘ၀များကို ပိုင်ဆိုင် နိုင်ကြပါစေ ။ Valentine’s day မှာ လက်ဆောင်ရတဲ့ ချောကလက်များကိုလည်း သင့်တင့်တဲ့ပမာဏစားသုံးခြင်းဖြင့် ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှုများကို ခံစားရရှိနိုင် ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Dr. Jasmine
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ