Sympathy and Empathy သနားစိတ်၊ စာနာစိတ် နှင့် ဆရာဝန်


ဒီစာလေးရေးထားတာ ၂ဝဝ၉ ကတည်းကပါ။ ကနေ့ဆေးသုတေသနသတင်းမှာ Stress စိတ်ဖိအားနဲ့ Empathy ဆက်စပ်မှုရှိတယ်လို့ တွေ့တာမို့ ပြန်တင်ပါရစေ။

လူနာတဦးရဲ့ရောဂါအခြေအနေကို ညှာတာစိတ်နဲ့ သက်သာအောင်လုပ် ပေးချင်တာကို သနားစိတ် Sympathy လို့ ခေါ်မယ်။ လူနာတဦး ဖြစ်ပျက်ခံစားနေရတာကို ကိုယ်ချင်းစာပြီး၊ လူနာနဲ့ မျှဝေခံစားတာကို စာနာစိတ် Empathy ခေါ်ပါရစေ။

Empathy is seeing with the eyes of another, listening with the ears of another and feeling with the heart of another. (အင်ပသီ) ဆိုတာ သူများမျက်စိနဲ့ကြည့်၊ သူများနားနဲံကြားပြီး သူများနှလုံးသားနဲ့ခံစားတာလို့ဆိုပါတယ်။

အဆက်အစပ် သဘောအရဆိုရင် Sympathy က နိမ့်ကျနေသူ၊ ကံအကြောင်း မလှသူတွေအပေါ်ထားတဲ့ စိတ်သဘော ဖြစ်ပြီး၊ Empathy ကတော့ ဆွေမျိုးမိတ်သင်္ဂဟတွေအပေါ် ထားတာမျိုးဖြစ်တယ်။ အသိဥာဏ်ကလာတဲ့ ပရဟိတ သဘောလဲ ဖြစ်ပါတယ်။ စိတ်လှုတ်ရှားမှုအရပြောရရင် Empathy က နီးနီးကပ်ကပ် ဆက်စပ်မှုဖြစ်ပြီး Sympathy က စောင့်ရှောက်မှုပေးခြင်းသဘော ဆောင်ပါတယ်။

ဥပမာ “ခင်ဗျားမှာ ဒီရောဂါဖြစ်ရတာ ကျွန်တော် စိတ်မကောင်းပါဘူးဗျာ”လို့ ပြောတာနဲ့ ကိုယ်အမူအယာပြတာတွေက Empathy စိတ်။ “ခင်ဗျားမှာ ဒီရောဂါဖြစ်နေရတာကို ကျွန်တော် ဒီလိုအကောင်းဆုံးလုပ်ပေးပါမယ်”လို့ မပြောရင်တောင်မှ တကယ်လုပ်ပေးတာမျိုးက Sympathy စိတ်ဖြစ်ပါတယ်။

နှစ်မျိုးကတူပေမဲ့ ခြားနာပါတယ်။ Sympathy စိတ်က သူများဝေဒနာကို အသိအမှတ်ပြုရာရောက်ပြီး၊ Empathy စိတ်က ထပ်တူထပ်မျှ ခံစားတဲ့သဘောဆောင်ပါတယ်။ Empathy စိတ်ဟာ နှစ်ဦးသားအကြား တိုင်ပင်မထားကြပေမဲ့ ဆုံးဖြတ် လုပ်ဆောင်တာမှာ သွားတူနေတာမျိုးပါ။ လူနည်းစုလေးတခုမှာ ရှိတတ်တဲ့ ယဉ်ကျေးမှုမျိုးပေါ့။ Sympathy စိတ်က Empathy လို တဖက်သား အနားမှာရှိနေမှ ဖြစ်တတ်တာ မဟုတ်ပါ။

Sympathy စိတ်နဲ့ Empathy စိတ်ဟာ ဆက်စပ်နေတယ်။ လူနာကို ကုသပေးတဲ့နယ်ပယ်မှာ မတူတဲ့ အကျိုးတွေ ရစေပါတယ်။ ဆရာဝန်က Empathy စိတ်ထားရင် သူဟာ လူနာရဲ့ ဝေဒနာခံစားနေရတာကို နားလည်ပြီး ဝေဒနာရဲ့ အမျိုးအစားနဲ့ အရည်အသွေး (ဘာရောဂါလဲ၊ ဘယ်လောက်ဆိုးသလဲ) ဆိုတာအပေါ် အာရုံထားပါမယ်။ Sympathy စိတ်နဲ့ကြည့်တဲ့ ဆရာဝန်ကတော့ လူနာခံစားမှု ရဲ့ အရည်အသွေး (ဘယ်လိုနဲ့ ဘယ်လောက်အထိ ခံစားနေရသလဲ) ဆိုတာကို မျှဝေခံစားတာမျိုး၊ မတူကြပါဘူး။

ဒါ့ကြောင့် Empathy စိတ် ပိုလေလေ၊ ရောဂါကိုကုသရာမှာ အကျိုးများလေ ဖြစ်နိုင်ပြီး၊ Sympathy စိတ် များတာဟာ ဆရာဝန်က ဆုံးဖြတ်ချက်ချရာမှာ လိုအပ်တဲ့ ကြားနေသဘော ပျက်ယွင်းတဲ့အတွက် ပြောင်းပြန်အကျိုး ဖြစ်စေနိုင်တယ်။ တိတိကျကျ ပြောရရင် Empathy စိတ်ဆိုတာက မျဉ်းဖြောင့်သွားသလို များလေ၊ တိုးလေဖြစ်တယ်။ Sympathy စိတ် များတာက (ဂ)ငယ်မျဉ်းလို အစပိုင်းများတာက (အကောင်းသဘော) အတက်ဆီ ဦးတည်ပြီး၊ နောက် ဆက်များလာတာနဲ့ အောက်ပြန် ဆင်းသွားတာမျိုး။

ဟောပြောပွဲတခုမှာ တယောက်က “ပြောသွားတဲ့ဘာသာရပ်ကို ဟောပြောသူဘယ်လောက် ဂရုတစိုက်လေ့လာသလဲ empathetic study of the subject ဆိုတာ နားလည်နိုင်တယ်။” လို့ မှတ်ချက်ချမယ်။ နောက်တယောက်က “ငါတော့ ဟောပြောသူဟာ ဘာသာရင်ကို ပိုင်ပိုင်နိုင်နိုင် မရှိတဲ့အပေါ် only sympathize သနားတောင်သနားသေး။”လို့ ပြောတာမျိုး။

အခြေအနေတခုမှာ Empathetic ဖြစ်ပေမဲ့ Sympathetic မဖြစ်ဘဲရှိနိုင်တယ်။ ဥပမာ လူနာဟာ မဆင်မခြင်နေလို့ ရောဂါ ဆိုးဝါးသွားတာကို ဆရာဝန်က “သူ ဘာ့လို့ ဒီလိုဖြစ်သွားရတာပါလိမ့်”လို့ စောကြော ဆန်းစစ်တာဟာ Empathetic စိတ်နဲ့ လုပ်တာပါ။

မိမိလူနာတယောက် ဆုံးပါးသွားတဲ့အခါ ဆရာဝန်ဖြစ်တဲ့စိတ်မျိုးက Empathetic ဖြစ်တာ။ ဆရာဝန်ရဲ့ဆွေမျိုးသားချင်း ဆုံးတဲ့အခါမျိုးမှာတော့ Empathetic ရော၊ Sympathetic ရော နှစ်ခုလုံးဖြစ်ရပါတယ်။

Empathetic ဖြစ်ဘို့ ဆရာဝန်-လူနာဆက်ဆံရေးက အရေးပါတယ်။ Communications ကြွမ်းကျင်ပါမှ။ မတူတာ နောက်တခုကတော့ Empathy စိတ်ကိုတော့ သင်ယူ လေ့ကျင့်ပေးလို့ တိုးပွါးလာနိုင်ပါတယ်။ Sympathy စိတ်ဆိုတာကို မွေးယူ၊ သင်ပေးလို့ မရပါ။

Empathy စိတ်နဲ့ Sympathy စိတ် နှစ်မျိုးလုံးဟာ ကရုဏာစိတ် Compassion ရဲ့အခြေခံတွေဖြစ်ကြပြီး၊ မေတ္တာ Love ဆိုတာမှာလဲ နှစ်မျိုးလုံး အကြုံးဝင်ကြပါတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ