Keloid အရုပ်ဆိုးတဲ့ အမာရွတ်


ကနေ့ မေးတာ ၂ ယောက်။ အရင်ကလည်း အတော်မေးကြတယ်။ အရင်မေးခွန်း ၂ ခုသာထည့်မယ်။

၁။ ဆရာ အသားရေနဲ့ပတ်သတ်တာလေး မေးချင်လို့ပါရှင်။ ၃၂ နှစ်ပါ၊ အပျို၊ ရာသီမှန်၊ သွေးတိုးရှိ၊ မြန်မာနိုင်ငံသား၊ လက်ရှိစာသင်ကြားခြင်း အလုပ်လုပ်နေပါတယ်။ ဝက်ခြံလို အဖုလေးညှစ်ရင်းကနေ မန်းခဲလိုဟာကြီး တဖြည်းဖြည်း ကြီးလာတာ လွန်ခဲ့တဲ့ခြောက်နှစ်လောက်စဖြစ်တာပါ။ မိန်းကလေးလည်းဖြစ် ရင်ဘက်မှာလည်းဖြစ်တာဆိုတော့ ရှက်တာပေါ့နော်။ အခုစိုးရိမ်တာက ကင်ဆာဖြစ်စေနိုင်သလား။ အဲလိုရောဂါအတွက် ဘယ်လိုဆေးကုမှုတွေ ခံယူရမလဲဆရာ။ သမီးကြောက်နေလို့ပါ။

၂။ ကျနော့်မှာ ရင်ဘက် နို့နှစ်ခုရဲ့ အလယ်အထက်နားမှာ အမာရွတ်တခု ရှိပါတယ်။ ကျနော် မမှတ်မိခင်အချိန် ကတည်းက အနာပေါက်ပြီး အမာရွတ် ကျန်ခဲ့တာလို့ အမေကပြောပါတယ်။ အခုကျနော်အသက် ၂၅ ရှိပါပြီ။ အနာရွတ်က တဖြေးဖြေး ကြီးလားတယ်။ တခါတလေကျရင် နာသလိုခံစားရတယ်။ ပေါင်မှာလည်း အနာရွတ် တခုရှိတယ်။ အဲတာက ဘာမှ မပြောင်းလဲဘူး။ ရင်ဘက်ကဟာက ကြီးလာတယ်။ အရင်တုံးက တလက်မတောင်မရှိဘူး။ အခုဆိုရင် နှစ်လက်မလောက်ရှိတယ်။ အနာရွတ်က ဖေါင်းကြွနေတော့ ဘယ်လိုမှ ကြည့်မကောင်းဘူး ဖြစ်နေတယ်။ အန္တရာယ်ရှိလား။ ကင်ဆာလိုဖြစ်မှာ ကြောက်တာ။ ပြီးတော့ အမာရွတ်ကို ခွဲစိတ် ထုတ်လိုက်လို့ ရလား။ ဖြစ်နိုင်ရင် ခွဲစိတ်ထုတ်လိုက်ချင်တယ်။

မှန်းကြည့်ပြီး ပြောပါ့မယ်။ Keloid ဆိုတာဖြစ်နေမယ်။ စာခေါင်းစဉ်ကို အရုပ်ဆိုးတဲ့ အမာရွတ်လို့ တပ်ထားတော့ အမာရွတ်မှာ လှတာကောရှိလားမေးလိမ့်မယ်။ Indiana Jones ထဲကမင်းသား Harrison Ford ကြည့်မလား၊ Cleopatra မင်းသမီး Elizabeth Taylor လည်ပင်းမှာ အမာရွတ်ပါတယ်။ Catherine Zeta-Jones သတိထားမိလား ဘယက်ဖြစ်ဖြစ်၊ လည်စည်းဖြစ်ဖြစ်စီးထားတာ လည်ပင်းမှာ ဒေါင်လိုက် အမာရွတ်ရှိလို့ပါ။ Sandra Bullock, Sharon Stone အကုန်လုံး အချောအလှတွေ မဟုတ်ပါလား။

အနာတခုကျက်ရင် အမာရွတ်ဖြစ်တယ်။ အမာရွတ်မှာ Collagen ဆိုတာပါတယ်။ လိုတာထက် ပိုများနေတာပါ။ ကြည့်ရင် အထက်ပိုကြွနေတယ်၊ တောက်ပြောင်နေမယ်။ အရောင်ကနေ နီညိုညိုရှိမယ်၊ ရာဘာခဲလို မာတင်းတင်းရှိတယ်။ မျက်နှာပြင် မချောပါ။ ကင်ဆာမဟုတ်တဲ့ အကျိတ်အုပ်စုဝင်ဖြစ်တယ်။ မကူးစက်နိုင်ဘူး။ နာနိုင်တယ်၊ ယားနိုင်တယ်။ ဒီဘက်နားမှာ ဖြစ်ပေမဲ့ ဟိုဘက်နားမှာ လာမဖြစ်ပြန်ပါ။

Hypertrophic scar ဆိုတဲ့ အရောင်ပိုရင့်နေတဲ့ ရိုးရိုးအမာရွတ်နဲ့ ခွဲခြားရမယ်။ ရိုးရိုးဆိုတာမျိုးက အနာနေရာထက် ဘေးကိုပိုကျယ်မနေဘူး။ ဒီအကောင်က ဘေးကိုပိုရောက်ရောက်လာတယ်။

ဘာလို့ဖြစ်တာလဲ။ သူများတွေတော့ မပြောတတ်ဘူး၊ ဆရာဝန်တွေ သိပ်နားမလည်သေးပါ။ ကျား-မ ဆတူ ဖြစ်တယ်။ အသက်သိပ်ငယ်သူတွေနဲ့ လူအိုတွေမှာ အဖြစ်နည်းတယ်။ အသားသိပ်မဖြူသူတွေ ပိုဖြစ်တယ်။ အမျိုးထဲမှာ တယောက်တည်းမက မဖြစ်တာတွေ့ရတယ်။ အဖြစ်များနေရာတွေက ရင်ပတ်၊ ကျော၊ ပခုံး၊ နား၊ တင်ပါး၊ မျက်နှာမှာ မေးရိုးကလွဲရင် သိပ်မဖြစ်ပါ။

ဆေးကုရတာ မလွယ်တဲ့ အစားထဲမှာ ပါတယ်။
• lntra-lesional corticosteroids (ကီးလွိုက်) ထဲ (စတီရွိုက်) ဆေးထိုးနည်းပါ။ ၇ဝ% လောက်က အကျိုးရှိတယ်။ ပြန်ဖြစ်တာလဲ ၅ဝ% လောက်ရှိပါတယ်။
• Excision ခွဲထုတ်နည်းကိုလည်း ဆေးထိုးနည်းမရတာကို စမ်းသင့်တယ်။ Triamcinolone or Interferon injections ထိုးဆေး တခုခုကို မခွဲခင်၊ ခွဲနေတုံးနဲ့ ခွဲအပြီးမှာ ပေးသင့်ပါတယ်။
• Silicone gel sheeting နည်းကိုတော့ ယားလို့၊ နာလို့ဆိုတဲ့ ခံစားနေရတာသက်သာဘို့အတွက် သုံးနိုင်တယ်။
• Cryosurgery ဆိုတဲ့ အေးခဲနည်းနဲ့ကုတာလဲ ရှိပါတယ်။ ဒီနည်းက အရောင်ပျော့သွားတာ ဖြစ်လာတတ်တယ်။
• Radiation therapy ဓါတ်ကင်နည်းလည်း လုပ်ပါတယ်။ ခွဲပြီးမှ ဆက်လုပ်တာလဲ ရှိတယ်။
• Pulsed dye laser လေဆာနည်းလည်းရှိတယ်။
• Interferon ဆိုတာ ကိုယ်ခန္ဓာကနေ ရောဂါပိုးတွေကိုခံတိုက်တဲ့ ရောဂါပြီးစနစ်က ထုတ်ပေးနေတဲ့ (ပရိုတင်း) တမျိုးပါ။ ဒီဆေးမျိုးလဲ ထိုးတယ်။
• Fluorouracil Injections ထိုးဆေးနည်း။

အလှအပတွက် Body piercing ကွင်းတပ်သူများ သတိထားပါ။ တနေရာမှာ (ကီးလွိုက်) ရှိနေသူဟာ ခွဲတာစိတ်တာ လုပ်စရာရှိရင် ရှောင်လို့ဖြစ်ရင် ရှောင်သင့်ပါတယ်။

မှတ်ချက်။ တင်ထားတဲ့ပုံက မေးတဲ့သူတွေပို့တာမဟုတ်ပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ