Hypertension (1) သွေးတိုးရောဂါ (၁)
တကမ္ဘာလုံးမှာ သွေးတိုးရှိနေသူ သန်းတထောင်လောက်ရှိနိုင်တယ်။ သွေးလွှတ်ကြောထဲမှာ ဖိအားတွေ များနေတာကို ခေါ်ပါတယ်။ သွေးဖိအားအဖြေမှာ အထက်ဂဏန်းနဲ့ အောက်ဂဏန်းဆိုပြီးရှိတယ်။ အထက်ဂဏန်းဆိုတာ နှလုံးက သွေးတွေကို ညှစ်ထုတ်လိုက်ချိန်မှာ ရှိနေတဲ့ သွေးလွှတ်ကြောထဲရှိတဲ့ ဖိအားဖြစ်ပြီး၊ အောက်ဂဏန်းကတော့ သာမန်အချိန်မှာရှိနေတဲ့ ဖိအားဖြစ်တယ်။ သွေးဖိအားကို ၅ မိနစ်ခြား ၂ ခါတိုင်းတာ ကောင်းတယ်။
• ပုံမှန် = အပေါ်ဂဏန်း ၁၂ဝ နဲ့အောက်၊ အောက်ဂဏန်း ၈ဝ နဲ့အောက်၊
• သွေးတိုး ရှိချင်သလို အဆင့် = အပေါ်ဂဏန်း ၁၂ဝ-၁၃၉၊ အောက်ဂဏန်း ၈ဝ-၈၉၊
• သွေးတိုး အဆင့် (၁) = အပေါ်ဂဏန်း ၁၄ဝ-၁၅၉ အောက်၊ အောက်ဂဏန်း ၉ဝ-၉၉၊
• သွေးတိုး အဆင့် (၂) = အပေါ်ဂဏန်း ၁၆ဝ နဲ့အထက်၊ အောက်ဂဏန်း ၁ဝဝ နဲ့အထက်။
နှစ်မျိုးရှိပါတယ်။ ၉ဝ-၉၅% မှာ အကြောင်းရင်းတိတိကျကျမသိရဘဲဖြစ်တယ် ။ နောက်အမျိုးအစား မှာတော့ ကျောက်ကပ်ရောဂါ ၊ သွေးလွှတ်ကြောမကြီးရောဂါ ၊ ကျောက်ကပ် အထက်မှာရှိတဲ့ (အဒြီနယ်လ်-ဂလင်း) ရောဂါတွေကြောင့် ဖြစ်ရတယ်။ အနာအကိုက်ပျောက်ဆေးနဲ့ စတီရွိုက်ဆေးတွေကြောင့် လဲ ဖြစ်နိုင်တယ် ။ ကိုယ်ဝန်ဆောင် ၁ဝ% မှာလဲ ဖြစ်တတ်တယ် ။ အအိပ်ပျက်ရင်လည်း ဖြစ်တတ်တယ် ။
ဘာလက္ခဏာမှမပြသူက ပိုများတယ် ။ ခေါင်းမူး ၊ ခေါင်းကိုက် မျက်စိဝါး ၊ အန်တာဖြစ်နိုင်တယ် ။ သွေးထဲမှာ Creatinine များနေတာကို စမ်းတွေ့ရမယ် ။ ဆီးထဲမှာလဲ (ပရိုတင်း) ပါနေနိုင်တယ် ။ အသက် ၄ဝ-၇ဝ နှစ်ကြား လူတွေ အထက်သွေး ၂ဝ တိုးတိုင်း ၊ အောက်သွေး ၁ဝ တိုးတိုင်း နှလုံးသွေးကြောရောဂါဖြစ်စရာ ၂ ဆ တိုးလာတယ် ။
နာတာရှည်သွေးတိုးဖြစ်လာရင် ၊ သွေးလွှတ်ကြောလေးတွေရဲ့နံရံတွေ ထူပြီးမာလာမယ် ၊ နှလုံးသွေး လွှတ်ကြောကျဉ်းလို့ နှလုံးသွေးကြောကျဉ်းပိတ်နိုင်တယ် ၊ အဲလိုဖြစ်လို့ ရင်ပတ်အလွန်နာတာကို Heart attack ရတယ်လို့ခေါ်တယ်။ အလုပ်ပိုလုပ်ရလို့ နှလုံးကြီးလာမယ်။ Diastolic dysfunction, CHF, Cardiac arrhythmias နှလုံးရောဂါတခုခု ဖြစ်နိုင်တယ်၊ ၂၅% မှာ ECG နဲ့ သိနိုင်တဲ့ နှလုံးဘယ် ဘက်အောက် ခန်းကြီးတာ ဖြစ်တတ်တယ် ။ ဦးနှောက်သွေးကြောကျဉ်း-ပိတ်-သွေးယိုလို့ ဦးနှောက် အလုပ် မလုပ်နိုင်တော့ဘဲ လေဖြတ်တာကို Stroke ရတယ်လို့ ခေါ်တယ် ။ ၈၅% က သွေးလွှတ်ကြောလေးတွေ ကျဉ်းပြီးဖြစ်ရတယ်။ ၁၅%က သွေးယိုလို့ ဖြစ်ရတယ် ။ မှတ်ဥာဏ်ချို့တဲ့မှုလဲ ဖြစ်နိုင်တယ် ။ မျက်စိထဲက အရုပ်ထင်တဲ့နေရာ Retina သွားတဲ့သွေးလွှတ်ကြောတွေကို ထိခိုက်နိုင်တယ် ။ ကျောက်ကပ်ရောဂါ ဝင်လာနိုင်တယ် ။ ခြေဖျားလက်ဖျားသွေးမလျှောက်လို့ Gangrene အနာ ဖြစ်တတ်တယ် ။
ပျောက်အောင်မလုပ်နိုင်သေးပါ။ သွေးတိုးရှိ-မရှိ စောစောစီးစီးသိရင် ကောင်းတယ် ။ နောက် ဆက်ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မယ် ။ သွေးကျဆေးအမျိုးမျိုးရှိတယ် ။ အလွန်အရေးပါတာ အစားအစာ၊ ဆေးလိပ်၊ အရက်၊ ကော်ဖီ၊ ဝတာတွေက ပိုဆိုးစေသည် ။ လေ့ကျင့်ခန်း လုပ်ရင် သက်သာမယ် ။
သွေးကျဆေးအမျိုးမျိုး
၁။ Diuretics ဆီးသွားစေတဲ့ဆေးအုပ်စု၊ Hydrochlorothiazide, Lasix, Torsemide, Triamterene, Hydrochlorothiazide, Metolazone
၂။ Beta-blockers (ဘီတာ-ဘလော့ကား) အုပ်စု၊ Atenolol, Propranolol, Metoprolol, Nadolol, Betaxolol, Acebutolol, Pindolol, Bisoprolol
၃။ ACE inhibitors (အေစီအီး-အင်ဟဘစ်တာ) အုပ်စု၊ Enalapril, Captopril, Lisinopril, Benazepril, Quinapril, Perindopril, Ramipril, Trandolapril, Fosinopril, Moexipril
၎။ Angiotensin receptor blocker (ARB) (အေအာရ်ဘီ) အုပ်စု၊ Losartan, Irbesartan, Valsartan, Candesartan, Olmesartan, Telmisartan, Eprosartan
၅။ Calcium channel blockers (CCBs) (စီစီဘီ) အုပ်စု၊ Amlodipine, Sustained release Nifedipine, Felodipine, Nisoldipine
၆။ Alpha-blockers (အာလ်ဖါ-ဘလော့ကား) အုပ်စု၊ Clonidine
အများအားဖြင့် ဆေး (၂) မျိုးတွဲပေးတယ် ။
(က) Losartan Potassium 50 mg တနေ့ (၁) ကြိမ်စသောက်ပါ ။ နောက်ပိုင်း (၁-၂ ပတ်နေရင်) Losartan 25 to 100 mg တနေ့ (၁) ကြိမ် (သို့) တဝက်ခွဲပြီး (၂) ကြိမ်သောက်ပါ ။
(ခ) Hydrochlorothiazide 25 mg တနေ့ (၁) ကြိမ် မနက်စောစောသောက်ပါ ။ ဆီးပိုသွားစေမယ် ။ လိုအပ်ရင် 50 mg တနေ့ (၁) ကြိမ် (သို့) တဝက်ခွဲပြီး (၂) ကြိမ်သောက်ပါ ။
ဆေးနာမည်ရင်းတွေဖြစ်တယ်။ ဆေးရောင်းနာမည်တွေက အမျိုးမျိုးရှိတယ် ။ ဆေးစာရွက်ပါ နာမည်သေချာတိုက်ကြည့်ပါ ။
သွေးကျဆေးတမျိုးမကရောပေးပါမယ် ။ လိုလာရင် အတိုးအလျှော့နဲ့ ဆေးပြောင်းပေးမယ် ။ နှလုံးမကောင်းရင် ၊ ကျောက်ကပ်မကောင်းရင် ၊ နှလုံးသွေးကြောကျဉ်းနေရင် ၊ (ACE) inhibitors or (ARB) ဆေးတွေကို သုံးသင့်တယ် ။ နှလုံးခုန်မြန်နေသူများနေသူတွေကို Beta-blockers ဆေးတွေကို သုံးသင့်တယ် ။ ကိုယ်ရောင်နေရင် Diuretics ဆီးသွားစေတဲ့ ဆေးတွေပါပေးရမယ် ။ ကိုယ်ဝန်သွေးဆိပ်တက်ရောဂါ (PET) or Eclampsia ဖြစ်နေရင် Beta-blockers, Hydralazine, Labetalol, Alpha Methyldopa, Calcium Channel Blockers တွေပေးနိုင်တယ် ။ ACE inhibitors, ARB drugs, Diuretics တွေကို မပေးရပါ ။ သွေးတိုးများလွန်းနေရင် (ACE) inhibitors, (ARB), Beta-blockers, Diuretic, Calcium Channel Blockers, Alpha-blockers, Clonidine, Minoxidil, Vasopeptidase blocker တွေကိုပေးနိုင်တယ် ။ အရေးပေါ်အခြေအနေမှာ Sodium Nitroprusside နဲ့ Labetalol ထိုးဆေးထိုးပေးနိုင်တယ် ။
သွေးတိုးနဲ့ အစားအစာ
အစားမတော်တလုပ်ဆိုတာ ဒီနေရာမှာလဲမှန်တယ်။ (DASH) ဆိုတဲ့နည်းကို အမေရိကန်ဆရာဝန်တွေက ညွှန်းတယ်။ ဆန်-ဂျုံ-ပြောင်း-ပြောင်းဖူး-ဘာလီ-ရိုင်းစပါး-အုတ်စပါးစတဲ့ အနှံတွေကို ဖွေးဖြူသွားတဲ့အထိ မဖွပ်သေးဘဲစားသုံးတာ ပိုကောင်းတယ်။ ကြက်သား၊ ငါးနဲ့ အစေ့အဆံတွေကို အစားခိုင်းပြီး၊ အဆီ၊ အမဲသား-ဝက်သား-ဆိတ်သား၊ အချိုတွေနဲ့ သကြားပါသောက်စရာတွေကို လျှော့စေတယ်။ လူအများစားသုံးကြတဲ့ ကြံကထုတ်တဲ့ Sucrose သကြားမျိုးက သွေးတိုးစေတယ်။ (ဖိုင်ဘာ) ခေါ်တဲ့ အမျှဉ်ပါတဲ့အစာတွေကို ညွှန်းတယ်။ ဆားစားရင် သွေးတိုးများတယ်။ ဆားဆိုတာ (ဆိုဒီယမ်) ဖြစ်တယ်။ ဆားစားများတဲ့ လူမျိုးတွေမှာ သွေးတိုးပိုဖြစ်တယ်။ NIH ကနေသတ်မှတ်ပေးထားတဲ့ တနေ့တာ စားရမဲ့ ဆားပမာဏဟာ 2,400 mg ထက် မပိုသင့်ပါတဲ့။ အိမ်သုံးဆားမှာ (ဆိုဒီယမ်) ၄ဝ% ပါတယ်။ အကြမ်းဖျင်း ပါးစပ်ထဲဝင်သမျှ အစာ-အရည်တွေထဲမှာ တနေ့ကို ဆား လက်ဖက်ရည်ဇွန်း တဇွန်းစာသာ ပါပါစေ။ တနေ့ကို ဆား 1,500 mg သာ စားသူတွေမှာ အကျိုးရှိတာတွေ့ရတယ်။ အစာအာဟာရနည်းနဲ့ ကုသလို့ သွေးတိုးမဖြစ်၊ သွေးတိုးရှိနေရင်လဲ သက်သာတယ်။ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ မုံလာပွင့်စိမ်း၊ မုံလာဥနီ၊ နနွင်း၊ စမုန်နက်၊ တောရုံး၊ ငရုတ်ကောင်း၊ ပင်စိမ်း၊ ဝယ်စားတဲ့အစာတွေထဲမှာ ဆားဘယ်လောက် ပါတယ်ဆိုတာ သတိထား ဆင်ခြင်-ရှောင်ကြဉ်ပါ၊ အသင့်ဝယ်ရတဲ့အစားအစာ၊ သွားရည်စာတွေရှောင်ပါ။ ချက်-ပြုတ်-ကျော်-လှာ်ပြီးသာ အစားထဲ ဆား ထပ်မထည့်ပါနဲ့။ အိန္ဒိယား၊ မီဇိုးနဲ့ ချင်းလူမျိုးတွေ ဆားပန်းကန် တည်တဲ့အလေ့ ရှိကြတယ်။ ဆိုးစေနိုင်တယ်။ ဗမာကြိုက် ငါးပိ-ငံပြာရည်-ငါးခြောက်-ပုဇွန်ခြောက်၊ တရုတ်လက်စွဲ ပဲငံပြာရည်၊ (ဆိုယာ-ဆော့စ်)၊ (ဘာဘီကျူး-ဆော့စ်)၊ လျှော့ပါ။ အချဉ်တည်ထားတာ မစားပါနဲ့၊ ဆားသုံး-အခြောက်လှမ်းအစာ မတည့်ပါ။ ဟင်းချိုမှုံ့၊ အသားမှုံ့တွေမှာ (MSG) မှာ (ဆိုဒီယမ်) ပါလို့ မသင့်ပါ။
ဆားတခုထဲ လျှော့တာနဲ့ မရသေးပါ။ (ပိုတက်ဆီယမ်) များဘို့ လိုသေးတယ်။ Potassium acetate, Potassium bicarbonate, Potassium citrate, Potassium chloride, Potassium gluconate နာမည်နဲ့ ဆေးသောက်ပါ၊ ငါး၊ ပင်လယ်စာ၊ ချဉ်တဲ့အသီး၊ ပန်းသီး၊ ငှက်ပျောသီး တွေနဲ့ မုံလာပွင့်စိမ်း၊ ပဲ၊ ပဲသီး၊ ခရမ်းချဉ်၊ အခွံပါအာလူး၊ ဟင်းနုနွယ်ရွက်၊ မုံညင်းဖြူတွေမှာများများပါတယ်။ ကလေးတွေမှာ (ပိုတက်ဆီယမ်) တနေ့ 780-1,600 mg နဲ့ လူကြီးတွေမှာ 1,600-2,000 mg လိုတယ်။ Omega-3 fatty acids က အကျိုးများစေတယ်။ Calcium (800-1,200 mg) ဒါမှမဟုတ် Magnesium (300 mg) သောက်ပါ။
သွေးတိုး အစာအာဟာရ ဥပဒေသ = S သုံးလုံးရှောင်ဥပဒေသ မှတ်ပါ။ Saturated fat, Sugar and Salt တွေ နည်းရမယ်။ အဆီအမျိုးအစား များတဲ့အစာအစာတွေ = မလိုင်၊ ဒိတ်ခဲ၊ ထောပတ်၊ ဂီး၊ စားအုံးဆီ၊ ဝါစေ့ဆီ၊ ချော့ကလက်၊ (ကယ်လိုရီ) + ကိုယ်အလေးချိန် + အဆီတွေဟာ သွေးတိုးအတွက် မကောင်းပါ။ (ဆိုဒီယမ်) များတာ လုံးဝမကောင်းပါ။ (ပိုတက်ဆီယမ်) များတာ ကောင်းတယ်။ (ကယ်လ်ဆီယမ်) နည်းတာ မကောင်းပါ။
သွေးတိုးသမားတွေအတွက် လေ့ကျင့်ခန်း
သွေးပူ-လေ့ကျင့်ခန်း ၅-၁ဝ မိနစ် နဲ့စပါ။ (ယောဂ) ဖြစ်ဖြစ် တခြားနည်းဖြစ်ဖြစ်လုပ်ပါ။ အများဆုံး-နှလုံးခုန်နှုန်း ရဲ့ ၈ဝ% ထက် မပိုသင့်ပါ။ ၂၂ဝ ထဲကနေ ကိုယ့်အသက်ကို နုတ်ရင် MHR ရတယ်။ (MHR = 220 – Age) ကိုယ့်အလေးချိန်ကနေ ဖိစီးတဲ့ လေ့ကျင့်နည်းမျိုး မလုပ်သင့်ပါ။ အများအားဖြင့် လူတွေက ဝကြလို့ပါ။ တခါလုပ်ရင် ၂ဝ-၃ဝ မိနစ် ကြာသင့်တယ်။ ၇ ရက်တပါတ်မှ ၄ ရက်လုပ်သင့်တယ်။ ပြီးရင် ၅-၁ဝ မိနစ် နားလိုက်ပါ။ အလေးချိန်-လျှော့နည်းလုပ်နေတုံးမှာ အသက်ရှူအောင့်ထားတာမျိုး မလုပ်ပါနဲ့။
သွေးတိုးသက်သာအောင် ငန်-ချို-ဆီ ရှောင်။ ဆေးအမြဲဆောင်။
Dr. တင့်ဆွေ
https://www.facebook.com/drtintswe
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin