'' သွားနှင့်မျက်ကြော''


အပေါ်သွားနုတ်ရင်မျက်ကြောထိခိုက်နိုင်ပါသလား ဆိုတဲ့မေးခွန်းကို သွားဆရာဝန်တိုင်းကြုံဘူးမှာပါ ။ အဖြေတွေလည်းမျိုးစုံပေးကြတာပေါ့ဗျာ။ အဲ့ဒိအဖြေတွေအားလုံးထဲမှာ ကျွန်တော်အကြိုက်ဆုံး ဘဝင် အကျဆုံးအဖြေကတော့ ။ ကျွန်တော်တို့ရဲ့ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီး ဦးလှမင်း ရဲ့ အဖြေပါပဲ။

ဆရာကြီးအဖြေ က '( သွားနုတ်လို့မျက်စိထိခိုက် နိုင်သလားဆိုရင် ကျွမ်းကျင်တဲ့ သွားဆရာဝန် အစစ်နဲ့ သာ နုတ်ရင်လုံးဝမထိခိုက်ပါဘူး)တဲ့ ။ ဒီတော့ထုံးစံအတိုင်းလျှာရှည်တဲ့ကျွန်တော်က ဆရာကြီးဒါဆို မကျွမ်းကျင်တဲ့ ဆရာဝန်အတုနဲ့ နှုတ်ရင် မျက်စိထိခိုက်နိုင်လို့လားလို့ပြန်းမေးတော့ ဆရာကြီး က ပြုံးပြုံးကြီး လုပ်ပြီး ထိခိုက်နိုင်တာပေါ့ကွလို့ဖြေသွားပါတယ် ။ ဒီအဖြေကို ကြားခါစက ကျွန်တော် တော်တော် မနှစ်သက်ပါဘူး ဆရာကြီးရမ်းကု တိုက်ဖျက်ရေးအတွက် ပိုပိုကြီးပြောတာနေမှာ ရမ်းကုတွေနုတ်လည်းပဲ တစ်ခြားဟာတွေဖြစ်ချင်ဖြစ်မယ် မျက်စိတော့ မထိခိုက်ပါဘူးလို့ထင်ခဲ့မိပါတယ် ( ကန်တော့ ပါတယ် ဆရာကြီးခင်ဗျား) ။ ကျွန်တော်ကျောင်းပြီးလို့ အတွေ့အကြုံနဲ့ စာတွေပိုစုံလာလေ ဆရာကြီးစကားက အလွန်ပညာရှိပြီး တော်တော်မှန်တဲ့အဖြေပဲ လို့ပိုပြီးသဘောပေါက်လာပါတယ်။ 2006 မှာကျွန်တော်ကျောင်းပြီးပါတယ် ။ကျောင်းပြီးလို့ဆေးခန်းစထိုင်ခါစမှာ အပေါ်သွားနုတ်ရင် မျက်စိ ထိခိုက်မှာ စိုးလို့ မနုတ်ချင်ဘူး လို့ပြောရင် အလွန်စိတ်ဆိုးပါတယ် ။ခင်ဗျားတို့အ လှချေလား စဉ်းစားဉာဏ် မရှိဘူးလား ဘာညာနဲ့ငေါက်မိပါတယ် ။ တစ်ကယ်တော့ သူတို့ဘာကြောင့်ကြောက်နေရတာလဲ ။မြင်ဖူးလို့လား အတွေ့အကြုံရှိလို့လား ရမ်းကြောက်နေတာလား ဆိုတာကို သေချာလေ့လာ ကြည့်သင့်ပါတယ် ။

ဒီလိုနဲ့ ကျွန်တော်အလိမ္မာတိုးတဲ့နေ့တစ်နေ့ရောက်လာပါတယ်။ ရွာက လာတဲ့လူနာနဲ့ကျွန်တော်တို့်ထုံးစံ အတိုင်း ဖြစ်နေတာပေါ့ဗျာ အဲ့ဒိအချိန်မှာ လူနာနဲ့ပါလာတဲ့ ဘုန်ကြီးလေးက ဆရာစိတ်မဆိုးပါနဲ့ သူတို့က မျက်မြင်တွေ့ထားဘူးလို့ကြောက်နေလို့ပါလို့ ပြောပါတယ် ။အဲ့လိုပြောတော့ကျွန်တော်ကပိုစိတ်ဆိုးတယ် ကဲဒါဆို အရှင်ဘုရားတို့ရွာပြန်ရင်တပည့်တော့ လိုက်ခဲ့မယ် သွားနုတ်ပြီး မျက်စိကန်းသွားတဲ့သူကိုပြ ပါဆိုတော့ မရှိတော့ဘူး ဆုံးသွားကြပြီတဲ့ ။ဟာ အရှင်ဘုရားဟာကလည်း သက်သေလည်း မရှိဘူး ပြီးတော့ ဆုံးသွားပြီဆိုတော့ မဆုံးခင် သူ့ဟာသူ အသက်ကြီးလို့မျက်စိရောဂါ ကြောင့် ကွယ်တာနေမှာပါ ဆိုတော့ မဟုတ်ဘူးဆရာ အသက် သုံးဆယ်ကျော်သန်သန်မာမာ ပါ အပေါ်ရှေ့သွား ငုတ်က မန်းဝင်ပြီးနှုတ်ခမ်းကြီးယောင်နေတာကို ရွာလာတဲ့ ဆရာ (ရမ်းကု ) ကနုတ်ပေးပြီး ပြည်ဖောက်ပေးလိုက်တာ နောက်ရက်မျက်လုံးကြီးပါယောင်လာပြီးဖွင့်မရတော့ဘဲ သုံးရက်နေတော့ ဆုံးတာပဲတဲ့ ။ကျွန်တော့စိတ်ထဲဟာကနဲဖြစ်သွားတယ် ။ စိတ်ထဲမှာလည်း ချက်ချင်း စဉ်းစားမိတာကတော့ Cavernous sinus thrombosis ဆိုတဲ့ရောဂါကို ချက်ချင်းသတိရမိတော့တာပါပဲ ။

ဒီရောဂါ ဟာနှာခေါင်းမွေး နုတ်ရာကနေ အဖြစ်အများဆုံးဆိုပေမယ့် Acute infection ရှိနေတဲ့Maxillary anterior သွားတွေကို infection control သေချာမလုပ်ဘဲနုတ်မယ် မသန့်ရှင်းတဲ့ ကိရိယာနဲ့ အတွင်း ကိုခြစ်ပစ်လိုက်မယ်ဆိုရင် အမြဲတမ်းမဟုတ်ပေမယ့်ဖြစ်နိုင်တယ်ဆိုတာကို သတိပြုသင့်တယ် ။ CST ဖြစ်ရင်ဘာလို့မျက်စိထိခိုက်ရမှာတုန်းဗျဆိုရင် Eagleton's six features ကို ဖတ်ကြည့် ပါလို့တိုက်တွန်းရမှာပဲ ။ Cranial nerve 3/4/6 တွေ paresis ဖြစ်ရင် မျက်စိမှာ ဘာတွေဖြစ်လာမလဲ ဆိုတာပေါ့ ။ ဖတ်ချင်ရင်ဝေးဝေးရှာမနေပါနဲ့ ကျွန်တော်ရှာပြီးပုံထဲမှာ ထည့်ထားပေးပါတယ် ။ နောက်လူနာ တစ်ဦး ကတော့ သူကိုယ်တိုင်အပေါ်သွားနုတ်ခံရလို့ မျက်စိကန်းသွားရတယ်လို့ဆိုလာပြန်ရောဗျ ။

ဒီတစ်ခါတော့ ကျွန်တော်က ပြောင်းလဲသွားပြီ သေချာအောင်မေးကြည့်ပါတယ် ခင်ဗျား မျက်စိကန်းတယ် လည်း ဆိုသေးအခုကြတော့ မြင်နေပါလားဆိုတော့ လူနာက အမလေး ဒါ ကံကောင်းလွန်း လို့ဆရာလေးရေ သွားနုတ်ဖို့ထုံဆေးထိုးပြီးခါစရှိသေးတယ် မျက်စိတွေဝါး အမြင်တွေနှစ် ထပ်ဖြစ်ပြီးလုံးဝကန်းသွားတာတဲ့ ။ကျွန်တော်က vaso - vagal syncope ထင်လို့ ခင်ဗျားချွေးစေးတွေပြန်ပြီးခေါင်းပါ မူးသေးတယ် မဟုတ်လားဆိုတော့ မဟုတ်ပါဘူးဆရာလေးရယ် ခန္တာကိုယ်က အကောင်းမျက်စိတင်ကွယ်သွားတာ ။ ဒါဆိုခင်ဗျား ဘယ်လိုလုပ်လို့ပြန်မြင်တာလဲ ဆိုတော့ 'ကိုကြီးကျော်'မ လို့ဆရာလေးရေ ကျွန်တော်တို့ရွာက နတ်ဝင်သည် ကစွမ်းချက် ကိုကြီးကျော်ပင့်ပြီး ချက်ချင်းကုတာ နာရီဝက်တစ်နာရီကြာတော့ အရှင်းကိုပြန်မြင်ရတာဗျို့ နောက်ကြုံမှ ဒီနတ်ဝင်သည်ကို ဆရာလေးနဲ့ မိတ်ဆက်ပေးဦးမတဲ့ ။ ဒါဆို အားလုံးလည်း ဘာဖြစ်တယ်ဆိုတာသိကြမှာပါ LA ထိုးတဲ့နည်း လမ်းမဟုတ်လို့ LA ကြောင့်( ထုံးဆေးကြောင့်) ယာယီမျက်စိကွယ်တာပါ ။ဘာမှမလုပ်ဘဲထား ထုံဆေးပြေ ရင်ပြန်မြင်ရမှာပါ ။

ဒီအကြောင်းလည်းဖတ်ချင်ဖတ်ရအောင်ပုံထဲမှာထည့်ပေးထားပါတယ် ။ သွားနုတ်ခြင်းနဲ့ မျက်ကြော ဆိုတာတွေဟာ သီးခြားဘာမှ မဆိုင်တာမျိုးတော့ မဟုတ်ပါဘူး ။ စကားအစ ကပြန်ကောက်ရရင် ဆရာကြီးဦးလှမင်းရဲ့အဖြေဟာ အလွန်အစွန်းလွတ်လှပါတယ် ။ သွားနုတ်လို့မျက်ကြော ထိနိုင် တယ်ဟေ့လို့ဖြေရင်လည်း လူနာတွေလန့်ကုန်ပြီး အကျိုးမရှိပါဘူး ။ နုတ်သာနုတ်ဟေ့ သွားနဲ့ မျက်ကြော မိုင်တစ်သောင်းလောက်ဝေးတယ်လို့ဖြေရင်လည်း ကိုယ်ကဒီစာတွေမဖတ်ဘူးလို့စာမစုံသလိုဖြစ်သွားမယ့် အပြင် လူနာတွေကလည်းသွားနုတ်ခြင်းရဲ့ အန္တာရယ်ကိုပေါ့ဆပြီး ရမ်းကု လက်မှာ ဒုက္ခရောက်နိုင် ပါသေးတယ် ။ ဒါတွေကြောင့် သွားနုတ်ရင်မျက်စိထိခိုက်ပါသလားလို့လူနာကမေးလာပါက သူတို့ရဲ့ စိုးရိမ်စိတ်တွေကို နားလည်ပေးပြီး လူနာတွေကို စိတ်ရှည်စွာဖြင့် မေတ္တာတရားအပြည့်ထားပြီး သမားရိုး သမားစဉ် ဆရာကြီးဦးလှမင်းဖြေပေးခဲ့သလို ( သွားနုတ်လို့မျက်စိထိခိုက် နိုင်သလားဆိုရင် ကျွမ်းကျင်တဲ့ သွားဆရာဝန်အစစ်နဲ့သာ နုတ်ရင်လုံးဝမထိခိုက်ပါဘူး)ဆိုတဲ့ အဖြေကိုသာ လက်ကိုင်ထားသင့်ကြောင်းပါ ခင်ဗျာ ။ ( ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီး ဦးလှမင်း ကို ဤစာစုဖြင့်ကန်တော့အပ်ပါတယ်။)

#ဒေါက်တာမင်းသန့်အောင် (သွား-ဆရာဝန် ၊ မိတ္ထီလာ)
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ