မျှော်လင့်ချက်


ကျွန်တော်ဒီနေ့ညနေ ဆေးရုံကနေ လိုင်းကားစီးပြီး အိမ်ပြန်လာ တုန်း ကားပေါ်မှာ Facebook ပေါ်မှာ တင်ထားတဲ့ post လေးတစ်ခု ဖတ်မိတယ်.. Post က ဆရာဝန်တွေ လွှတ်တော် တစ်ခုက သတင်းကြောင့် မငြိမ်မသက်တွေ ဖြစ်ကြရတယ်ဆိုပြီး ဆရာဝန်တွေကို troll ထားတာပါ.. အောက်မှာပေးထားတဲ့ comment တွေကိုလည်း တစ်ကြောင်းမကျန် ဖတ်မိတယ်.. ဆရာဝန်မကောင်းကြောင်းတွေ ပါပေမဲ့လည်း ရိုးနေပြီမို့ ဘယ်လိုမှမနေဘူး. ဒါပေမဲ့ လူငယ်လေး၂ယောက် comment ကိုဖတ်ပြီးကာမှ စိတ်မကောင်းဖြစ် မိတယ်. မိုးမရွာပါဘူး. ဒါပေမဲ့ ကျွန်တော့်ရင်ထဲ အုံ့မှိုင်းသွားခဲ့တယ်.. ကျွန်တော့်အသက် ၂၇နှစ်ရှိပါပြီ. . ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေကိုလည်း နဖူးပေါ် လက်တင်ပြီး ပြန်စဉ်းစားနေမိတယ်.. နောက်ဆုံးဘယ်လိုမှ မနေနိုင်တော့လို့ ဒီစာကိုရေးပါတယ်..

ကျွန်တော် ၂၀၀၅ ခုနှစ်မှာ ဆယ်တန်းအောင်တယ်.. မြန်မာပြည်ရဲ့ ပညာရေးစနစ်ဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်တဲ့ ကလေးတစ်ယောက်ကို တိကျပြတ်သားတဲ့ ရည်မှန်းချက်တစ်ခု ချမှတ်နိုင်လောက်အောင် ဖြစ်မြောက်ခြင်းမရှိသေးပါ.. မိဘများရဲ့ ကူညီဆုံးဖြတ်ချက်နဲ့ ကျွန်တော် ဆေးတက္ကသိုလ်ကို တက်ရောက်ခဲ့တယ်.. ကျက်မှတ်ရတဲ့ စာတွေများပြားသလို ဝယ်ရတဲ့ ဖတ်စာအုပ်ဖိုးတွေကလည်း အင်မတန်ကြီးမားပါတယ်. အမေနဲ့အဖေက အရင်က နှစ်ယောက်လုံး အစိုးရဝန်ထမ်းပါ. အစိုးရဝန်ထမ်းဘဝနဲ့ အိမ်ထောင်တစ်ခု ထူထောင်ဖို့ ခဲယဉ်းတာကြောင့် အဖေက ဝန်ထမ်းဘဝကထွက်ပြီး သင်္ဘောလိုက်ခဲ့တယ်. အဖေ Chief cook ဘဝရောက်တဲ့အခါ စီးပွားရေး အဆင်ပြေလာခဲ့လို့ သားသမီး၂ယောက်လုံးကို ဆရာဝန်ဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်. ၂၀၁၀မှာဆေးကျောင်း နောက်ဆုံးနှစ်အပိုင်း(ခ) အောင်မြင်လို့ ၂၀၁၁ မှာ တစ်လကို လစာ မြန်မာငွေ ၁၂၅၀ ကျပ်နဲ့ အလုပ်သင်ဆရာဝန်အဖြစ် စအလုပ်ဆင်းခဲ့ပါတယ်.

အလုပ်စလုပ်စဉ်အခါက အစိုးရဆေးရုံတွေမှာ ဘာဆေးမှ မထောက်ပံ့ခဲ့ဘူး. မြန်မာနိုင်ငံဟာ အခြေခံလူတန်းစား များတာကြောင့် ဆေးရုံကိုလာတဲ့ လူနာတွေထဲမှာ နွမ်းပါးတဲ့လူနာတွေ များပါတယ်. သူတို့ကို လိုအပ်တဲ့ ဆေးတွေဝယ်ဖို့ပြောတဲ့ အခါမျိုးမှာ မဝယ်နိုင်ရင် ကျွန်တော်တို့လည်း စိတ်မကောင်း ပါဘူး. အဲ့တာနဲ့ ကျွန်တော်တို့ အလုပ်သင်ဆရာဝန်အဖွဲ့ ကိုယ့်ပိုက်ဆံ ကိုယ်စုပြီး ဆေးသေတ္တာလေးလုပ်. အရေးပေါ်လိုအပ်မယ့် ဆေးတွေဝယ်ထည့်ထားပြီး မရှိဆင်းရဲတဲ့ လူနာတွေအပေါ် အဆင်ပြေအောင် စေ တနာ ထား အလုပ်လုပ်ခဲ့တယ်. အိမ်ရောက်ရင်တော့ ပြန်ပြီးလက်ဖြန့်တောင်းရတာပါပဲ. အချို့ ဆရာကြီးတွေ ဆို round လှည့်တဲ့အခါ သွေးစစ်တဲ့အခါ ကုန်ကျမယ့် ကုန်ကျစရိတ်တွေ ထိုးရမယ့် ပိုးသတ်ဆေးဖိုးတွေအတွက်အမြဲ ခေါင်းခြောက်ကြရတယ်. နောက်ဆုံးတော့လည်း ကဲငါ့အိတ်ထဲကပဲ ယူကွာဆိုပြီး အိတ်စိုက်ကုသကြရတာမျိုးလည်းရှိတယ်. အင်မတန် လေးစားအတုယူခဲ့ရပါတယ်..တစ်နေ့မှာ ဗိုက်တွေအောင့်ပြီး အသည်းရောင်အသားဝါနဲ့လာတဲ့

လူနာတစ်ယောက်ကို သွေးဖောက်ရင်း ဆေးထိုးအပ်ချော်သွားတာကြောင့် သူ့သွေးတွေဟာ ကျွန်တော့် မျက်လုံးထဲရော နှုတ်ခမ်းတွေရော အကုန်စင်သွားခဲ့ပါတယ်. သူ့မှာသာ အသည်းရောင် အသားဝါပိုးတွေ HIVပိုးတွေ ရှိနေခဲ့ရင် ကျွန်တော်အကူးခံရနိုင်ပါတယ်. ကျွန်တော်တို့နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ လူနာဆီကရောဂါကူးရင် ဘာမှအာမခံချက်မရှိပါဘူး. HIV ရောဂါပိုးတို့ ဆေးယဉ်ပါးတီဘီရောဂါမျိုး ကူးစက်လည်းခံရမှာပါပဲ. ကိုယ့်စရိတ်နဲ့ ကိုယ်ပဲပြန်ကုရမှာပါ. ဒါပေမဲ့ ဘယ်သူမှ မထိမတွေ့ချင်တဲ့ ဒီလိုလူနာတွေအပေါ်မှာတောင် ကျွန်တော်တို့ စေတနာမပျက်ကွက်ခဲ့ပါဘူး. အသည်းရောင် အသားဝါ C ပိုးရှိတဲ့ လူနာအပ်လဲ ကျွန်တော်စူးဖူးတယ်. HIV လူနာ အဆုတ်ထဲကရေကို စုပ်ထုတ်ရင်းလည်း လက်ပေါ်အဲဒီအရည်တွေ အကုန်စင်ဖူးတယ်. ဒါပေမဲ့ ကျွန်တော်ရွေးချယ်ခဲ့တဲ့ profession အပေါ် ကျွန်တော် စိတ်မညစ်နောင်တမရဘူး. အလုပ်သင်ဆရာဝန်ပြီးလို့ ကိုယ့်ကိုယ်ကို သွေးစစ်ကြည့်ပြီး အဖြေကောင်းမှပဲ သက်ပြင်းချနိုင်ခဲ့တယ်.

အဲ့လိုနဲ့ ကျွန်တော် ၂၀၁၂ ဖေဖော်ဝါရီမှာ M.B.B.S ဘွဲ့ရခဲ့တယ်. ဘွဲ့ရတဲ့နှစ်မှာပဲ အဖေဟာ ကျန်းမာရေးအခြေအနေအရ သဘောင်္မလိုက်နိုင်တော့ဘူး. အိမ်ရဲ့ သားယောင်္ကျားလေးဖြစ်တာကြောင့် မိသားစုစီးပွားရေးဆိုတာ ဘွဲ့ရတဲ့အချိန်ကစပြီး ခေါင်းထဲမှာတွေး စရာ ဖြစ်လာတယ် . ဆေးကျောင်းသားလေးတွေကို Guide သင်တယ်. နောက် ပုဂ္ဂလိကဆေးရုံကြီး တစ်ခုမှာ အလုပ်ရခဲ့တယ်. လစာလေးကောင်းတော့ အိမ်ကိုအနည်းငယ် ထောက်ပံနိုင်ခဲ့ပါတယ်. အဲ့လိုနဲ့ ဘွဲ့ရပြီးတစ်နှစ်ခွဲကြာတော့ အစိုးရဆေးရုံတွေမှာ လက်ထောက်ဆရာဝန်ရာထူးအတွက် ဝင်ခွင့်စာမေးပွဲစစ်မယ်ဆိုပြီး သတင်းစာထဲ ပါလာပါတယ်. ကျွန်တော် ရင်မခုန်ပါဘူး. တစ်လ ၁သိန်း၇သောင်း လစာရမယ့် အစိုးရအလုပ်ကို ဝင်ဖို့ဆိုတာ ကျွန်တော်စိတ်ကူးထဲ မရှိပါဘူး. မိသားစုကို ထောက်ပံဖို့ပဲ စိတ်ကူးထဲရှိပါတယ်.

အစိုးရအလုပ်ထဲဝင် သူတို့လွှတ်တဲ့နေရာသွားပြီး အိမ်ကိုထောက်လည်း မထောက်ပံ့နိုင် ကြည့်လည်း မကြည့်ရှုနိုင်တဲ့ ဘဝမျိုးမှာ နေနိုင်ဖို့ဆိုတာ ကျွန်တော်တို့ မိသားစုအခြေအနေနဲ့ အဆင်မပြေလှပါဘူး. အမေကတော့ ဝင်စေချင်ပါတယ်. အမေနဲ့ကျွန်တော် အများကြီးတိုင်ပင်ဆွေးနွေးခဲ့ပါတယ်. နောက်ဆုံး အမေပြောတဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော် အစိုးရအလုပ်ဝင်ခဲ့ပါတယ်. သူမက သားရယ် အမေတို့က ဘယ်လိုပဲနေရနေရပါတဲ့. အမေကျွန်တော့်ကို အထူးကု ဆရာဝန်တစ်ယောက် ဖြစ်စေချင်ခဲ့တာပါ. ကျွန်တော် အမေ့ဆန္ဒပြည့်အောင် ဖြည့်ဆည်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်.

လက်ထောက်ဆရာဝန်ဘဝ တစ်လလစာ ၁သိန်း၇သောင်းနဲ့ ကျွန်တော် ရုန်းကန်ခဲ့ရပါတယ်. စုဆောင်းထားတာလေးနဲ့ အပြင်စီးပွားရေးလုပ်ဖို့ကလည်း ဘာမှမလုပ်တတ်ချိန်မှာ ကူညီပေးခဲ့တဲ့ သူငယ်ချင်းကိုလည်း အရမ်းကျေးဇူးတင်ပါတယ်. သူ့ကျေးဇူးလည်း မမေ့ပါဘူး. မဟုတ်ရင် ကျွန်တော်လည်း အစိုးရအလုပ်ကအမြန်ဆုံး ထွက်မိမှာပါ.
အစိုးရ ဝန်ထမ်းဘဝဟာ ပင်ပန်းပါတယ်. စိတ်ဖိစီးမှုလည်း များပါတယ်. ဘဝအာမခံချက်လည်း မရှိပါဘူး. ဘာဆိုဘာမှ မကောင်းတဲ့ အလုပ်တစ်ခုမှာ အံ့သြဖို့ကောင်းလောက်အောင် ကျွန်တော်ပျော်လာခဲ့တယ်.. ဘာလို့လဲ?

လက်ထောက်ဆရာဝန် ဘဝမှာ လူနာတစ်ယောက်ကို ကိုယ်ကိုတိုင် တာဝန်ယူကြည့်ပြီး ကုသခွင့်ရလာတယ်. ကိုယ့်ကြောင့် လူနာတစ်ယောက် အသက်ရှင်သွားတယ်ဆိုတာ ဘယ်လိုမှ ပြောမပြနိုင်တဲ့ ပီတိတစ်ခု. နောက်တစ်ခုက ဆရာကောင်း သမားကောင်းတွေကြောင့် ကျွန်တော် Medicine ဘာသာရပ်ကို အရမ်းစိတ်ဝင်စားလာခဲ့တယ်. ပီတိတွေ စိတ်ဝင်စားမှုတွေအောက်မှာ ပင်ပန်းမှုတွေ ဆင်းရဲမှုတွေ အရည်ပျော်ကျခဲ့ရတယ်. ခိုင်မာတဲ့ ဘဝရည်မှန်းချက်တွေ ဖြစ်တည်လာတယ်. အားတက်စရာအနေနဲ့လည်း မြောက်ဥက္ကလာဆေးရုံကြီးမှာ ဆရာကြီး ဆရာမကြီးတွေရဲ့ အားထုတ်မှုနဲ့ အလှူရှင်တွေကြောင့် တော်ဝင်ဆောင်ရယ်လို့ ဖြစ်လာတယ်. ကုသမှုတွေ ပိုပြီးခေတ်မှီလာတယ် ပိုမိုထိရောက်လာတယ်. အရမ်းကို အားကျပီတိဖြစ်ရတယ်. ကိုယ်တိုင်လည်း တစ်ချိန်မှာ မြန်မာနိုင်ငံ ကျန်းမာရေးအဆင့်အတန်း ပိုမြင့်မားစေရေးမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်လာနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်အသစ်တွေ တိုးခဲ့ရတယ်. ဆရာသမားကောင်းတွေရဲ့ ကျေးဇူးနဲ့ပဲ ဘွဲ့လွန်စာမေးပွဲ ဝင်ခွင့်အောင်ခဲ့တယ်. ဘွဲ့လွန်တက်ခွင့် ရခဲ့တယ်ပေါ့..

ပထမနှစ် စတက်တဲ့နေ့ကစပြီး ဒီနေ့အထိ ဆေးရုံကို မနက် ၇နာရီထက်နောက်ကျပြီး မရောက်ဖူးဘူး. ၉လရှိပြီ ခွင့်တစ်ရက် မယူဖူးဘူး. အစိုးရ ရုံးပိတ်ရက်မှာ ဂျူတီဆင်းရတာ ကျွန်တော်တို့အတွက် မထူးဆန်းဘူး. နေ့လည်စာ ညစာလွတ်လည်း သိပ်မမှုဘူး. ညမအိပ်ရလည်း မဖြုံဘူး. မလောက်ငတဲ့ လစာ တစ်လ၂သိန်းခွဲကိုလည်း ဂရုပြုမနေဘူး. အဲဒါ ကျွန်တော်မှ မဟုတ်ဘူး. လုပ်ဖော်ကိုင်ဖက် အများစုလည်း ဒီလိုပါပဲ. ရည်မှန်းချက် ကိုယ်စီနဲ့ ရှေ့ဆက်နေကြရတယ်. ဒါပေမဲ့ ကျွန်တော်တို့ အစိုးရ ဆရာဝန်တွေဟာ အပြင်အလုပ်ပဲ လုပ်ကြတဲ့လူတွေနဲ့တော့ လူမှုရေးရော စီးပွားရေးရော quality of life ရော တဖြေးဖြေးနဲ့ ကွာခြားလာခဲ့ကြတယ်. ဒါတွေကလည်း စိတ်မကောင်းစရာတော့ မရှိပါဘူး. ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကို ယုံယုံကြည်ကြည် ရဲရဲဝဲ့ဝဲ့ဆက်လျှောက်ဖို့ နောက်မတွန့်ခဲ့ဘူး. ဒီနေ့မတိုင်ခင် အထိပေါ့..
အရင်တုန်းက အစိုးရက အစိုးရဆေးရုံတွေမှာ ထောက်ပံ့မှုက မရှိသလောက်ပဲ.

အဲတုန်းက ဆေးရုံတက်လာရင် ကိုယ့်စရိတ်နဲ့ကိုယ်ပဲ. နောက်ပိုင်းမှာ အစိုးရက ဆေးတွေ ဆေး ပစ္စည်းတော်တော် များများကို ထောက်ပံ့လာနိုင်တယ်. သွေးစစ်တာတွေမှာ အချို့စစ်ဆေးတာတွေကို အလကားလုပ်ပေးနိုင်လာတယ်. ဘာဖြစ်လာလဲဆိုရင် နဂိုကဆေးရုံကို ပိုက်ဆံကုန်မှာကြောက်တော့ မလာကြ. ရမ်းကုနဲ့ပဲကုကျတယ်. အခြေအနေတွေလွန်မှ လာကြတယ်. အလကားလည်းရလာရော အစိုးရဆေးရုံတွေကို စုပြုံတက်လာကြတယ်. ဆေးရုံတက်နှုန်းတွေ သိသိသာသာတက်လာတယ်. ဒါကိုလည်း အစိုးရဆရာဝန်တွေ ဝမ်းသာခဲ့ကြပါတယ်.

လူနာတွေရဲ့ ငွေကြေးအခက်အခဲ တော်တော်များများ ပြေလည်ခဲ့တာကိးု. ဝန်နဲ့အားနဲ့ကတော့ ဘယ်လိုမှကို မမျှနိုင်တော့တာပါ. အစိုးရဆရာဝန်ဘဝမှာ ဂျူတီဆိုတာ ၈နာရီနဲ့မပြီး ၁၂နာရီလဲမပြီး ၂၄နာရီလဲမပြီး တစ်ခါတစ်လေ ၃၆နာရီ ၄၈နာရီတောင် ကျော်နိုင်ပါသေးတယ်.
ဒီလိုနဲ့အစိုးရက ထောက်ပံ့နေရင်းနဲ့ အထောက်အပံ့တွေက သိသိသာသာကြီး ပြန်ကျသွားပြန်ရော. မထောက်ပံ့နိုင်တာကို မထောက်ပံနိုင်ကြောင်း သေချာမကြေညာတော့လည်း ကြားထဲက ဆရာဝန်တွေကပဲ စားသွားသလိုလို.. အစိုးရဆေးရုံတွေရဲ့ ပြင်ပလူနာဌာနမှာ လာကြည့်လှည့်ကြပါ. တစ်နေ့တစ်နေ့ လူနာ ၂၀၀ကျော်လောက်ရှိတယ်. တစ်ခါတစ်ခါ လူနာကြည့်ရင်း ခေါင်းတွေပါမူးတယ်. တစ်ရက်ကျတော့ လာပြသွားတဲ့ လူနာနဲ့ လူနာစောင့်က ကျွန်တော်နောက်မှာ ပါလာတာကို မသိဘဲ ဘာပြောလည်းဆိုရင် '' အစိုးရဆေးရုံတဲ့ ဘာဆေးမှလဲ မပေးဘူး ကိုယ့်ဟာကို ဝယ်သောက်ရမယ်တဲ့ အစိုးရဆေးရုံ လာပြတာ ဘာထူးတော့မှာလဲ'' တဲ့.. ဟုတ်ပါတယ် ဘာမှမထူးပါဘူး. ခင်ဗျားတို့ ရမ်းကုနဲ့ပြရင်တောင် ပိုက်ဆံပေးနေရတာကို ကျွန်တော်တို့က စေတနာထား အလကားကို ကြည့်ပေးနေတော့ အရမ်းအပေါစားဆန်နေတယ်ဆိုလည်း တောင်းပန်ပါတယ်. သူတို့ကို တစ်ခုခုပြန်ပြောချင်ပေမယ့် အစိုးရအလုပ်စဝင်ကတည်းက မျိုသိပ်တယ်ဆိုတာ အကျင့်ပါနေပီပဲမို့ ထပ်ပဲမျိုသိပ်ထားခဲ့ပါတယ်.
ခုလည်း သူများနိုင်ငံတွေမှာလို လုံလောက်တဲ့ လူအင်အား တိကျမျှတ labour law နဲ့ကိုက်ညီတဲ့ duty hour မျိုး မချထားနိုင်တဲ့ အစိုးရဆေးရုံတွေမှာ (အထူးသဖြင့် လူအင်အား အင်မတန် နည်းပါးတဲ့ တိုက်နယ်ဆေးရုံတွေမှာ) duty hour ဆိုတဲ့ စကားနဲ့ ကိုင်ပေါက်ပြီး နွားလိုရုန်းကန်နေရတဲ့ လူတွေကို ဥပဒေနဲ့ အပြစ်ပေးချင်တယ်ဆိုတော့ကား မြေနိမ့်ရာကိုပဲ လှံစိုက်ချင်ကြတာလားဗျာ. အပ်ပုန်းတွေ ရမ်းကုတွေ ပြည်သူ့ကျန်းမာရေးကို အန္တရယ်အကြီးအကျယ်ပေးနေတဲ့ ဟာတွေကျ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိဘဲ အနီးကပ် ကျန်းမာရေးစောင့်ရှောက်နေရတဲ့ အစိုးရဆရာဝန်တွေကိုပဲ ဥပဒေနဲ့ အရေးယူပေးလို့လည်း ကျေးဇူးကမ္ဘာပါ..

ပြီးခဲ့တဲ့လကပဲ ကျောက်ကပ်ငှါန ကျွန်တော့် night duty မှာ ည၂နာရီ လူနာတစ်ယောက် တက်သွားလို့ဆိုပြီး လာခေါ်တယ်. အပြေးသွားကြည့်တော့ ကျောက်ကပ်ပျက်စီးရာကနေ အဆုတ်ပါ ပျက်သွားတာ(Acute pulmonary oedema). ကိုယ့်အမအရွယ် နှမြောလည်း အရမ်းနှမြောလို့ အရမ်းပြည့်စုံကောင်းမွန်တဲ့ ခင်ဗျားတို့ရဲ့ မီးပျက်နေတဲ့ အစိုးရဆေးရုံကြီးမှာ ဓာတ်မီးထိုးထား တာလေးတွေအောက် မှာ မိနစ်၄၀လောက် ချွေးပြိုက်ပြိုက်ကျအောင် အသက်ကယ်ပေမဲ့ အချိန်နှောင်းခဲ့ရတယ်. လက်သည်နဲ့ ကိုယ်ဝန်ဖျက်ချ သွေးဆိပ်တက်ပြီး ကျောက်ကပ်ပါပျက်စီးသွားခဲ့ရတာ. ထိထိရောက်ရောက် အရေးယူပါလား အဲ့ လက်သည်တွေ အပ်ပုန်းတွေ. ၁၀ ယောက်လောက်ပဲ ဖမ်းဆီး ထိထိရောက်ရောက် အရေးယူ ထောင်ချ. ပြီးရင် ခင်ဗျားတို့ရဲ့ တလွဲဆံပင်ကောင်း မီဒီယာတွေ မှာ ဖော်ပြခိုင်းကြည့်. ကိုယ်ဝန်ဖျက်ချတာတွေရော သူ့ကြောင့် လူသေနှုန်းတွေရော သိသိသာ သာရော့ကျသွားလိမ့်မယ်..
ပန်းချီဆရာစစ်စစ်တစ်ယောက်ဟာ သူ့ပန်းချီရောင်းရ မရောင်းရတာထက် သူရေးဆွဲထားတဲ့ ပန်းချီကိုကြည့်ပြီး ကြည်နူးနေတတ်တာပဲ. ကျွန်တော်တို့ ဆရာဝန်တွေအများစုလည်း လူနာက ပါးစပ်က ကျေးဇူးတင်စရာ မလိုပါဘူး. ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကုထားတဲ့ လူနာကျန်းမာတာကို ကြည့်ရင်ပဲ ကြည်နူးတတ်ပါတယ်. ကျေးဇူးမတင်လည်းနေပါ. ဘာမဟုတ်တဲ့ media အချို့မှာတင်တာတွေပဲကြည့်ပြီး အတင်းကာရော မစော်ကားကြပါနဲ့ဗျာ..
ခင်ဗျားတို့ စော်ကားလာ ရင်လဲ ကျွန်တော် ဝမ်းတော့မနည်းပါဘူး အလုပ်ပင်ပန်းလို့လည်း ဝမ်းမနည်းဘူး အစိုးရက လစာမတိုးလည်း ဝမ်းမနည်းဘူး ဒီနေ့ ဖတ်ရတဲ့ post ရဲ့ comment တစ်ခုမှာဘာရေးထားလဲဆို ခုမှ ၁၀တန်း အောင်ခါစ လူငယ်လေးက သူ့သူငယ်ချင်းကို ငါတို့တော့ ဆေးကျောင်းလျှောက်ထားတာ မှားပြီထင်တယ်တဲ့ သူငယ်ချင်းကလည်း ကျောင်းကပြင်လို့ရပါတယ် သွားပြင်ကြတာပေါ့တဲ့. ဒီနေ့ ဒီစာရေးမိတာလည်း အဲ့ဒီ comment လေးကို ဖတ်ပြီး စိတ်မကောင်းလို့.. သူတို့ကိုလည်း လာပါကွာ ဆေးကျောင်းလာတက်ပါဖို့လို့ ကျွန်တော်တို့မှာ ပြောဖို့ အင်အားမရှိတော့ဖူး.
နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်က လူငယ်တွေပေါ်မှာ အများကြီးမှီခိုနေတယ်ဆို ရည်မှန်းချက် ပျောက်ဆုံးနေတဲ့ လူငယ်တွေများနေရင်ရော အဲ့နိုင်ငံ တိုးတက်ဦးမှာလား. ပညာရေးနဲ့ ကျန်းမာရေးဟာ နိုင်ငံတိုးတက်ဖို့ အချက်အချာကျပါတယ်. တိုးတက်နေတဲ့ နိုင်ငံသွားကြည့်ရင် ပညာရေးကို အရမ်းဦးစားပေးတယ်. ပညာရေး ကောင်းမွန်ခဲ့ရင် ဘဝအာမခံချက် တစ်ခုသေချာရနိုင်မယ်. ကျွန်တော်တို့ဆီမှာတော့ သားရေ သမီးရေ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားနော်. ပြီးရင် နိုင်ငံခြားသာသွားလို့ ပြောရမလို ဖြစ်နေပြီ.. ကျန်းမာရေးဆိုလည်း အခြေခံအကျဆုံး အစိုးရဆေးရုံတွေမှာ အထောက်အပံ့ကလည်း နည်း ဝေးလံခေါင်း ပါးတဲ့ ဒေသတွေမှာ လိုရင်လိုသလို တာဝန်ထမ်းဆောင်ခိုင်း ထားပြီး ဘဝအာမခံချက်ဆိုတာလည်းမရှိ ဖိနှိပ်မြဲ ဖိနှိပ်ဆဲဆိုရင်တော့ ကျန်းမာရေးအဆင့်အတန်းမြင့်မားလာဖို့ဆိုတာလည်း ခဲယဉ်းနေဦးမှာပါ.
အလုပ်သင်ဆရာဝန်လေးတွေနဲ့ duty ဆင်းပြီးရင် တစ်ချို့ ဆရာဝန် ဆရာဝန်မလေးတွေ စိတ်ထား လည်းကောင်းတယ် အလုပ်လည်းကြိုးစားတယ်. တော်လည်းတော်တယ်. သူတို့တွေ တိုင်းပြည် အကျိုးပြုနေကြတာ တစ်နေ့မှာ မြင်ချင်ပေမဲ့ ကိုယ်နဲ့အတူ ဒုက္ခခံ အဖိနှိပ်ခံဖို့တောင် မခေါ်ရက်တော့ သလို ဖြစ်နေပြီ. သူတို့ကိုလည်း ရှေ့ရေးကိုမေးကြည့်ရင် သူတို့ကလည်း အကိုရယ် ဘာလုပ်ရမှန်းတော့ မသိသေးပါဘူး ဒါပေမဲ့ အစိုးရအလုပ်တော့ မဝင်ပါရစေနဲ့လို့ပဲ ဖြေကြပါတယ်. တိုင်းပြည်ရဲ့ နှမြောစရာ လူ့စွမ်းအား အရင်းအမြစ်တွေပါ.

ကိုယ့်လူမျိုးတွေကို ကိုယ်ပြန်ပြီး ဂုတ်သွေးစုပ် အုပ်ချုပ်ခဲ့တဲ့ အတ္တကြီး တစ်ကိုယ်ကောင်းသမားတွေ လက်ထဲမှာ တိုင်းပြည်ဟာ အစစအရာရာနိမ့်ကျခဲ့ရတယ်.. လူငယ်တွေ မျှော်လင့်ချက် ပျောက်ဆုံးခဲ့ရတယ်.. ဥာဏ်ပညာကြီးမား တိုင်းပြည်ကိုအရမ်းချစ်တဲ့ အမေတစ်ယောက်ကို ယုံကြည်ပြီး ပြန်လည်တောက်ပလာတဲ့ မျှော်လင့်ချက် ရောင်ခြည်လေးတွေ ပြန်လည်မမှေးမှိန်သွားဖို့သာ ဆုတောင်းနေမိတော့တယ်...

ဒေါက်တာဝေယံလင်း
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ