ခေါင်းကိုက်ခြင်းရောဂါ


ကမ္ဘာပေါ်မှာ လူမျိုး၊ ဘာသာ၊ အသက်အရွယ်နှင့် ကျား၊ မ မရွေး လူတိုင်းလိုလို တစ်ကြိမ်မဟုတ် တစ်ကြိမ် ခေါင်းကိုက်ခြင်း ခံစားရပါတယ် ။

ခေါင်းကိုက်ခြင်းဟာ အဖြစ်များတာနဲ့ အတူ ခေါင်းကိုက်ခြင်း နောက်ကွယ်မှာ အကြောင်းရင်း ရောဂါ တစ်မျိုးမျိုး ရှိတတ်ပါတယ် ။ ခေါင်းကိုက်ရခြင်း အကြောင်းရင်းမှာ လေကောင်း လေသန့် မရှိတဲ့ နေရာ အခန်းတို့မှာ နေရင် ဆိုးရွား ပြင်းထန်တဲ့ အနံ့များနဲ့ ဓာတ်ငွေ့များ ရှူရှိုက်ရင်၊ အဆိပ်သင့်ရင် ခေါင်းကိုက်လေ့ ရှိတယ်။ ထိုသို့ ဖြစ်ရတာဟာ ကိုယ်ခန္ဓာထဲ ကာဗွန်ဒိုင်အောက်ဆိုက်များ ပိုမို များပြားလာပြီး ဦးနှောက် ရှိ သွေးကြောငယ်များ ပိုမို ကြီးမားကျယ်ပြန့်လာလို့ ဖြစ်တယ်။ စိတ်ညစ်၊ စိတ်လှုပ်ရှားမှု ဖြစ်ပေါ် ရင် ခေါင်းကိုက် လာတယ် ။ အအေးမိခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်လေချုပ်ခြင်း၊ အအိပ်လွန်ခြင်း၊ အိပ်ရေးမဝခြင်း၊ အပူရှပ်ခြင်း၊ အရက် အလွန်သောက်ခြင်း၊ အကြောင်း တစ်ခု အခြေအနေ တစ်ရပ်ရပ်နဲ့ ဓာတ်မတည့်ခြင်းကြောင့် ခေါင်းကိုက်တယ်။ မျက်စိ အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်းနဲ့ အခြား မျက်စိရောဂါ အချို့မှာ မျက်မှန်တပ်ဖို့ လိုပေမယ့် မတပ်ရင် ခေါင်းကိုက်လေ့ ရှိတယ်။

မူးယစ်ထုံထိုင်း ဘေးဖြစ်စေတဲ့ ဆေးဝါးပစ္စည်းများ သုံးစွဲသူတို့ဟာ ဆေးမမှီဝဲရင် ဆေးပြတ်တဲ့အခါ ကိုယ်လက် ကိုက်ခဲခြင်းနဲ့ ခေါင်းမူး ခေါင်းကိုက် တတ်တယ်။ ဆူညံတဲ့ အသံတွေ စဉ်ဆက်မပြတ် ကြားနေရရင် စိတ်ရှုပ်ထွေး နောက်ကျိပြီး ဦးခေါင်းရှိ ကြွက်သားများ တောင့်တင်းကာ ခေါင်းကိုက်လေ့ ရှိတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီရင်ခံစာ အရ ယခုခေတ် ခေါင်းကိုက်ဝေဒနာရှင် အားလုံးရဲ့ ငါးပုံ တစ်ပုံဟာ ဆူညံသံ အန္တရာယ်ကြောင့် ဖြစ်တယ်။ အချို့ အမျိုးသမီးတွေ ဓမ္မတာလာစဉ်မှာ ခေါင်း အုံ ခေါင်းကိုက်လေ့ ရှိတယ် ။ အချို့ ခွဲစိတ်ကုသမှု များမှာ ကျောရိုးကြားမှ မေ့ဆေး၊ ထုံဆေးပေးရင် တစ်ပတ်လောက် လူကို ခေါင်းကိုက်လေ့ ရှိတယ် ။ ခေါင်းကိုက်ရတဲ့ အကြောင်းရင်း များစွာ ရှိတဲ့အနက် အများစုဟာ စိတ်ကြောင့် ဖြစ်တယ်။ စိတ်ပူပင်သောက ရောက်ခြင်း၊ အလိုမကျခြင်း၊ မကြည်မသာ အနှောင့် အယှက်ဖြစ်ခြင်း၊ စိတ်ရှုပ်ထွေး နောက်ကျိခြင်း၊ စိတ်ပင်ပန်းခြင်း စတဲ့ စိတ်ဝေဒနာ အမျိုးမျိုး မှာ ခေါင်းကိုက် တတ်တယ် ။ စိတ်ညစ်၊ စိတ်ရှုပ်မှုဒဏ် ခံနိုင်ရည်ဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ စိတ်ညစ်ပြီးရင် ဦးခေါင်းခွံမှာ ကြွက်သားငယ်များ တောင့်တင်းလေ့ ရှိတယ် ။ ခေါင်းကိုက်ခြင်း ရဲ့ နောက်ကွယ်မှာ မကြာခဏ သို့မဟုတ် အမြဲထာဝစဉ် ခေါင်းကိုက် နေရင် နောက်ကွယ်မှာ ရောဂါ တစ်မျိုးမျိုး ရှိနိုင်တယ်။ ခေါင်းကိုက်တဲ့ ရောဂါတွေမှာ သွေးတိုး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါနဲ့ ကိုယ်ပူပြီးဖျားနာခြင်း တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဦးနှောက်ရှိ ရောဂါများ၊ ဦးနှောက် အမြှေးရောင်ခြင်း၊ ဦးနှောက်ပြည်တည်ခြင်း၊ အသားပို၊ အကျိတ်အလုံး ရှိခြင်း၊ ကျောရိုး၊ အာရုံကြော မကြီး ရောဂါတို့မှာ ခေါင်းကိုက်လေ့ ရှိတယ် ။ ဦးနှောက်တွင်းရှိ သွေးကြောများနဲ့ ပတ်သက်ပြီး ဖြစ် တဲ့ ခေါင်းတစ်ခြမ်း ကိုက်ခြင်း ဝေဒနာ တစ်ရပ်လည်း ရှိတတ်တယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်း ယင်းရောဂါ ဝေဒနာဟာ မျိုးရိုး လိုက်တတ်ပြီး ပညာတတ် လူတန်းစားမှာ ပိုမိုဖြစ်တယ်။ ခေါင်းကိုက်မယ် ဆိုရင် မျက်စိပြာ၊ အော့အန်လာပြီး ချမ်းတုန်ကာ ဇက်ကြောတင်း၊ နဖူးကြော ထောင်လာပြီး တစ်ခေါင်းလုံး မဟုတ်ဘဲ ခေါင်းတစ်ခြမ်းသာ ထူးထူးခြားခြား ကိုက်လေ့ ရှိတယ်။ နာရီဝက် တစ်နာရီကြာ ပျို့အန်ပြီး ရင် ခေါင်းတစ်ခြမ်း ကိုက်တာ သက်သာသွားတယ်။ ရံဖန်ရံခါ ခေါင်းကိုက်တာနဲ့ အတူ ဖျားနာခြင်းပါ တွဲလာတယ်။ ယင်းရောဂါဟာ စိတ်မတည်ငြိမ် ချောက်ချားတတ်သူများ၊ အရာရာ စိုးရိမ်စိတ် လွန်ကဲတတ် သူများ၊ အလုပ် အကိုင်၊ ပညာရေး၊ အိမ်ထောင်ရေး စတဲ့ လူမှုရေးကိစ္စ အဝဝ အဆင်မပြေလေ့ ရှိသူများ၊ ပန်းနာရင်ကျပ်၊ သွေးတိုးရောဂါ ရှိသူများ၊ အပျိုကြီး၊ လူပျိုကြီးနဲ့ သွေးဆုံးခါနီး မိန်းမတွေမှာ ဖြစ်ပေါ်လေ့ ရှိတယ်။ ခေါင်းကိုက်နေရင် ခေါင်းကိုက်ပျောက်ဆေး သောက်တာထက် ခေါင်းကိုက်ရတဲ့ အကြောင်းရင်းကို ဖယ်ရှားရမယ်။ တစ်ခါတစ်ရံ ခေါင်းကိုက်ရင် ဦးစွာ စိတ်တည်ငြိမ် ရွှင်လန်းမှု ရှိစေဖို့ ခေတ္တ အနားယူကာ မိမိ ဝါသနာပါရာ စိတ်ဝင်စားရာ တစ်ခုခု ဂီတ၊ အနုပညာ၊ အားကစားတို့ ပြုလုပ်ပြီး အာရုံ ပြောင်းရမယ် ။ လေကောင်းလေသန့် ရရှိပြီး အေးချမ်းစိတ်ငြိမ်တဲ့နေရာ ရွှေ့နေသင့်တယ်။ သင့်လျော်တဲ့ ကိုယ်လက် လှုပ်ရှားမှု တစ်ခုခု ပြုရင် ခေါင်းကိုက်ခြင်း ပျောက်ကင်း နိုင်ပါတယ် ။ မျက်စိချို့ယွင်းမှုကြောင့် ခေါင်းကိုက်ရင် မျက်မှန် လိုအပ်တဲ့ အခြေအနေမျိုးမှာ မှန်ကန်တဲ့ မျက်မှန်ကို တပ်ဆင်သင့်တယ်။

သင့်လျော်တဲ့ ခေါင်းကိုက် ပျောက်ဆေး သောက်သင့်တယ်။ အချို့ ဆေးအတွက်နဲ့ လေးဆိုသလို သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေး ဆိုတဲ့ ဆိုရိုးစကားအတိုင်း ခေါင်းကိုက်ပျောက်ဆေးကို မှီဝဲသုံးစွဲရာ မှာ အထူး ဆင်ခြင်သင့်တယ် ။ ခေါင်းကိုက်ပျောက်ဆေးကို မဆင်မခြင် မှီဝဲရင် ခန္ဓာကိုယ်မှာ အန္တရာယ်အမျိုးမျိုး ဖြစ်စေနိုင်တယ် ။ လူသားတို့ အသုံးပြုနေတဲ့ အကိုက်အခဲ ပျောက်ဆေး အက်စပရင်မှာ အစာအိမ်သွေးကြော နံရံပေါက်စေတယ်။ အစာအိမ် သွေးထွက်ပြီး သွေးအန်တတ်တယ်။ အစာအိမ်ရှိ သူများ အစာအိမ် သက်သာဆေးနဲ့ ပူးတွဲ သောက်ဖို့ လိုတယ်။ ယင်း အကိုက်အခဲဆေးတွေ မကြာခဏ မှီဝဲရင် ဆေးစွဲသလို စွဲနိုင်တယ် ။ အကိုက်အခဲ ပျောက်ဆေး အများစုမှာ ဖီနာစီတင် ပါဝင်တယ်။ ယင်း အကိုက်အခဲဆေးများ မှီဝဲနေရင် နှစ်ရှည်ကြာလာ တဲ့အခါ ကျောက်ကပ်ကို ဒုက္ခပေးပြီး ကျောက်ကပ်ပျက် စီးနိုင်တယ်။ အရေးကြီးတဲ့ ခေါင်းကိုက်ခြင်း ဆိုရာမှာ ဦးခေါင်း တစ်နေရာထဲ ခေါင်းကိုက်ခြင်း၊ ရုတ်တရက် ခေါင်းကိုက်ခြင်း ၊ မခံရပ်နိုင်အောင် ပြင်းပြင်းထန်ထန် ခေါင်းကိုက်ရင် ခေါင်းတစ်ခြမ်း ကိုက်ခြင်းနဲ့ အတူ စိတ်နေ စိတ်ထား အမူအကျင့် ပြောင်းလဲကာ ဝက်ရူး ပြန်သလို တက်ကာ နား၊ နှာခေါင်းတို့မှ သွေးများ ထွက်လာတယ် ။ ခေါင်းကိုက်ခြင်း မဖြစ်ဖို့ နေ့စဉ် မိမိနဲ့ သင့်တင့်တဲ့ ကိုယ်လက် လှုပ်ရှားမှု အားကစား နာရီဝက်မှ တစ်နာရီလုပ်ဖို့ လိုမယ်။ ရွရွပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း လုပ်သင့်တယ်။ စိတ်ပူပင်သောကတွေ ဖယ်ရှားနိုင်ရမယ်။ အကြောင်း အမျိုးမျိုးကြောင့် ခေါင်းကိုက်ရင် ဆေးရုံ၊ ဆေးခန်းပြရမယ်။ ခေါင်းကိုက်ခြင်း နောက်ကွယ်မှာ သာမန် အကြောင်းအရာ အခြေအနေ ရှိသလို အသက်အန္တရာယ် ပေးနိုင်တာတွေ ရှိတယ်။ ခေါင်းမူး၊ ခေါင်းကိုက် လာရင် လိုအပ်သလို သတိပြု ဆင်ခြင်ရမယ်။ ခေါင်းတစ်ခြမ်း ကိုက်တာကို ခံနိုင်ရည် မရှိတဲ့သူတွေမှာ အစားအစာ အားလုံး လိုလိုက နှိုးဆွ နေသလို ဖြစ်တယ်။ ပမာဏ နည်းနည်းစားရင် ခေါင်းမကိုက် တာ တွေ့ရတယ် ။ လူတစ်ဦးချင်းစီရဲ့ ခေါင်းကိုက်တဲ့ အစားအစာ မတူညီနိုင်ဆုံး ရောဂါ လက္ခဏာက အစာစားပြီးနောက် ချက်ချင်း မပေါ်ဘဲ နာရီ အတော်ကြာမှ ပေါ်တယ်။ ကိုယ်စားတဲ့ အစာတွေ စားသောက်သင့်တဲ့ သဘောသဘာဝကို အသေးစိတ် မှတ်ထားသင့်တယ်။ ခေါင်းကိုက်ခြင်း နှိုးဆွပေးတဲ့ အကြောင်းရင်းမှာ ဘေဆိုအက်တစ်အေမင် ခေါ် သဘာဝဓာတုပစ္စည်း ပါဝင်တဲ့ အစားအစာတွေ စားမိလို့ ဖြစ်ပါတယ်။ အဆိုပါ ဘေဆိုအက်တစ်အေမင် ခေါ် သဘာဝဓာတုပစ္စည်း ပါဝင်တဲ့ အစားအစာများမှာ ချောကလက်၊ ကဖင်းဓာတ်၊ အချဉ်ဖောက်တဲ့ အစားအစာ၊ အရက်၊ ဝိုင်အနီ၊ ရှောက်၊ သံပရာမျိုးဝင် အသီးနဲ့ သစ်သီးဖျော်ရည်၊ အစေးက ထုတ်ယူထားတဲ့အစာ၊ ငှက်ပျောသီး၊ အခွံမာသီး၊ ဂျုံနဲ့ပြုလုပ်တဲ့ နို့ကွတ်ကီးပစ္စည်းတို့ ဖြစ်ပါတယ်။ ယင်းတို့ဟာ သွေးကြောရဲ့ အရွယ်အစားကို ကျယ်စေ၊ ကျဉ်းစေကာ ခေါင်းတစ်ခြမ်း ကိုက်ခြင်း ထပ်တလဲလဲ ဖြစ်ပေါ်စေတယ်။ နိုက်ထရိုက်နဲ့ နိုက်ထရိတ်ပါတဲ့ အစားအစာ တွေဟာ အချို့သူတွေကို ခေါင်းတစ်ခြမ်း ကိုက်ဖို့ နှိုးဆွပေးတယ်။ မုန်လာဥနီ၊ ဆလတ်၊ တရုတ်နံနံ၊ ဟင်းနုနယ်၊ မုန်လာဥလို ဟင်းသီးဟင်းရွက်မှာ ပါဝင်တယ်။ ဝက်ပေါင်ခြောက်၊ ဆလာမီနဲ့ ဝက်အူချောင်းတွေမှာ ပါဝင်လို့ ရှောင်ကြဉ်သင့်တယ်။ နူးညံ့ပြီး မလိုင်ထုတ်ထားတဲ့ ဒိန်ခဲပျော့မှာ အခြားဒိန်ခဲ တွေလို နှိုးဆွမှုဖြစ်စေတဲ့ Tyramine မပါဝင်တဲ့အတွက် ဘေးထွက်ဆိုးကျိုး မရှိ စားသုံးနိုင်တယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်စေတဲ့ အစားအစာ အုပ်စုတွေကို ဖြတ်တောက်ဖို့ ကြိုးစားရင် အာဟာရချို့တဲ့မှု ခံရလိမ့်မယ်။

 အချို့ သန္ဓေတားဆေး၊ ဟော်မုန်းဆေးတွေဟာ ခေါင်းကိုက်တာ ဖြစ်စေလို့ ရှောင်ရှားသ င့်ပါတယ်။ အချို့ စားဆေး၊ ထိုးဆေးအစား ကြေးနီလုံး Copper loop စသည်တို့ စားနိုင်သလို သန္ဓေတားဆေး ထိုးနိုင်တယ်။ အချို့ဆေးဝါး ဘီဘလော့ကာ B-Blocher ကြိုတင် ကာကွယ်တဲ့ ဆေးဝါးတွေ အသုံးပြု နိုင်တယ် ။ ဝေဒနာ ဖြေလျော့စေတဲ့ အာနိသင် ရှိတာကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတယ်။ ညစဉ် အိပ်ပျော်အောင် အိပ်ဆေး သောက်မယ်ဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ဆေး သုံးဆောင် သင့်ပါတယ် ။ စိတ်ဖိစီးမှုတွေ သင့်တယ်။ စိတ်တည်ငြိမ်အောင် ထားဖို့ တရားဘာဝနာ ကျင့်ကြံတတ်ရင် ပိုပြီး အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ခေါင်းကိုက်ခြင်းရောဂါနဲ့ ပတ်သက်ရင် ဖြစ်တတ်တဲ့သဘာဝ၊ သုံးသင့်တဲ့ဆေး၊ ရှောင်ကြဉ်သင့်တဲ့ ပြုမူနေထိုင်မှုတွေကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ။

မြဝတီ
https://www.facebook.com/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ