ကြက်သားမှုန့်သုံးစွဲသူများ အချိုမှုန့်များပါဝင်သည်ကို သတိထား


ရန်ကုန် ဇန်နဝါရီ ၁၂
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၄၅) ကြိမ် မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ၌ ကြက်သားဟင်းခတ်အရသာမှုန့်အချို့တွင် အချိုမှုန့် ပါဝင်မှုပမာဏကို တပ်မတော်ဆေးသုတေသန တပ်က သုတေသနပိုစတာအဖြစ် တင်သွင်းပြသခဲ့သည်။
အစားအစာပြင်ဆင်ချက်ပြုတ်ရာတွင် စားသုံးမှု ဓလေ့တွင်ကျယ်လာသည့် ကြက်သားအရသာဟင်းခတ် မှုန့်အချို့တွင် အချိုမှုန့်ပမာဏများပြားစွာ ပါဝင်နေသည့် အတွက်လူတစ်ဦးအနေဖြင့် တစ်နေ့လျှင် ပျမ်းမျှလက်ဖက် စားဇွန်း နှစ်ဇွန်း (သုံးဂရမ်)ထက်ပို၍ မစားသုံးသင့်ကြောင်း တပ်မတော် ဆေးသုတေသနတပ် ဆေးဝါးဗေဒပါရဂူ ဒေါက်တာငြိမ်းချမ်းအောင်က ပြောသည်။
''ကြက်သားမှုန့်ဆိုတိုင်းလည်း အချိုမှုန့်မပါဘူးဆိုပြီး သတိမပြုမိဘဲ မစားမိဖို့ပါ။ တွေ့ရှိချက်အရဆိုရင် ၄ဝ ရာခိုင်နှုန်းကနေ ၆ဝ ရာခိုင်နှုန်းဆိုတော့ တစ်ဝက်နီး ပါးလောက် ပါဝင်နေတာတွေ့ရပါတယ်။ နိုင်ငံတကာ သုတေသနပြုချက်အရဆိုရင်တော့ လူတစ်ယောက်ကို ခန့်မှန်းခြေတစ်ရက် လက်ဖက်စားဇွန်း နှစ်ဇွန်းထက်ပိုပြီး မစားသင့်ပါဘူး''ဟု ၄င်းကဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်း အိမ်တွင်းစားဖိုဆောင်များ ၌သာမက စားသောက်ဆိုင်များတွင်ပါ ဟင်းလျာပြင်ဆင် ချက်ပြုတ်ရာတွင် အချိုမှုန့်အစားထိုးအဖြစ် ကြက်သား မှုန့်ကို ထည့်သွင်းချက်ပြုတ်သည့် အလေ့အထ တွင်ကျယ် လာသည်။
မြန်မာနိုင်ငံတွင် ရောင်းချနေသော အချိုမှုန့်အစားထိုး ကြက်သားဟင်းခတ်မှုန့်များထဲမှ အမျိုးအစား သုံးမျိုးကို တပ်မတော်ဆေးသုတေသနတပ်မှ စုဆောင်း၍ ယင်းတို့ကို A,B,C ဟူ၍ သင်္ကေတစနစ်ပြုလုပ်မှတ်သားခဲ့ပြီး ယင်းအမျိုးအစားများတွင် Monosodium Glutamate အချိုမှုန့်ပါဝင်မှုရှိ၊မရှိကို Thin Layer Chromatography (TLC)နည်းလမ်းသာမက အချိုမှုန့်ပါဝင်မှုအတိအကျကို High Performance Liguid Chromatography (HPLC) နည်းလမ်းဖြင့် စစ်ဆေးခဲ့ကြောင်း။
အဆိုပါနည်းလမ်းဖြင့် ရရှိလာသော ရလဒ်များအရ ကြက်သားဟင်းခတ်မှုန့်များတွင် အချိုမှုန့်ပမာဏ ၄ဝ ရာခိုင်နှုန်းမှ ၆၂ ရာခိုင်နှုန်းဝန်းကျင်အထိ ပါဝင်နေကြောင်း သုတေသနပြုလုပ်ချက်များအရ သိရသည်။
''အချိုမှုန့် Monosodium Glutamate စားတိုင်း ရောဂါဖြစ်ရမယ်လို့တော့ အတိအကျမဟုတ်ဘူး။ ဒါပေမယ့် စားရင်တော့ဖြစ်နိုင်တယ်။ ပုံမှန်ကိုယ်အလေး ချိန်ရှိတဲ့ လူတစ်ဦးအနေနဲ့ တစ်နေ့ကို လက်ဖက်စားဇွန်း နှစ်ဇွန်း (သုံးဂရမ်)ထက် ပိုပြီးတော့စားမယ်။ ဒါမှမဟုတ် ဒီပမာဏထက် ပိုပြီးအလွန်အကျွံ နေ့စဉ်စားမယ်ဆိုရင် လတ်တလော အခြေအနေနဲ့ဆို ခေါင်းကိုက်မယ်၊ ရင်ပူ မယ်၊ ရေအလွန်ဆာမယ်၊ မျက်နှာရဲတက်လာမယ်၊ လေးလံ ထိုင်းမှိုင်းလာမယ်။
ရေရှည်အတွက်ကတော့ ဦးနှောက် အဆိပ်တက်မယ်၊ အဝလွန်ရောဂါရမယ်၊ ဆီးချို၊ သွေးတိုးရောဂါတွေလည်း ဖြစ်စေနိုင်တယ်''ဟု ၄င်းက ဆိုသည်။
၁၉၇ဝ ခုနှစ်ကျော်ဝန်းကျင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာနများ က အချိုမှုန့်တွင် ဘေးအန္တရာယ်မဖြစ်နိုင်ဟု ဆိုကြသော်လည်း ၁၉၉ဝ ပြည့်နှစ်နောက်ပိုင်း လေ့လာချက်များအရ အချိုမှုန့်ကို သတ်မှတ်ပမာဏထက် ပိုမို၍ နေ့စဉ်စားသုံးပါ က သို့မဟုတ် သတ်မှတ်ပမာဏထက် အလွန်အကျွံ စားသုံးပါက အထက်ပါရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးနှင့် ညီညွတ်သည့်စားသောက်မှုပုံစံ ဖြစ်စေရန်လည်း ''အစားအစာတိုင်းကို စိတ်ချလက်ချ မစားသုံးသင့်ပါဘူး။ အသား၊ ငါးဆိုရင်လည်း မူလအရသာ ရှိပြီးသားပါ။ အချိုလေးနည်းနည်းလိုချင်တယ်ဆိုရင်တော့ ပုစွန်ခြောက်မှုန့်ခတ်တာတို့ လုပ်သင့်ပါတယ်။ ဆီးချို ရောဂါမရှိဘူးဆိုရင်တော့ ဟင်းလျာတွေထဲမှာ သကြား ထည့်တာက ကျန်းမာရေးအတွက် ပိုသင့်တော်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် အသိဥာဏ်နဲ့ယှဉ်ပြီး သုံးစွဲနေထိုင် ကြစေလိုပါတယ်''ဟု ဒေါက်တာငြိမ်းချမ်းအောင်က သုံးသပ်ပြောကြားသည်။
အချိုမှုန့်အစားထိုး ကြက်သားမှုန့်သုံးစွဲသူများ အနေဖြင့် ယင်းကြက်သားမှုန့်များတွင် အချိုမှုန့်များ ပါဝင်နေသည်ကို သတိပြုသင့်ကြောင်းကိုလည်း အဆိုပါ တပ်မတော်ဆေးသုတေသနတပ်မှ ဒေါက်တာငြိမ်းချမ်း အောင်နှင့် အဖွဲ့၏ သုတေသနပိုစတာတွင် ထည့်သွင်း ဖော်ပြထားသည်။

သတင်း-နန္ဒာဝင်း၊မြတ်စန္ဒီသင်းဇော်
The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ