နေရောင်ခြည်နဲ့ မျက်လုံးကျန်းမာရေး


အမေရိကန်လူမျိုး တွေဟာ ခရမ်းလွန်ရောင်ခြည်ကနေ နေလောင်တာနဲ့ အရေပြားကင်ဆာ တွေ ဖြစ်မှာ ကို စိတ်ပူကြပါတယ်။ အဲ့ဒီ ခရမ်းလွန်ရောင်ခြည်ဟာ မျက်လုံးကို ထိခိုက်နိုင်တယ်ဆိုတာ သတိထားမိပါ သလား ။မျက်စိဆရာဝန်တွေက ခရမ်းလွန်ရောင်ခြည်ကို ထိတွေ့တာဟာ မျက်စိရောဂါတွေ အများ အပြားကို ဖြစ်စေတဲ့ အန္တရာယ် ပိုရှိတယ်လို့ ပြောပါတယ်။ မျက်လုံးရဲ့ အဖြူသား မျက်ဆက်မြေးမှာ အတက်လေး ထွက်တာ အသားတက်တာဖြစ်တဲ့ pterygium ဟာ ဆယ်ကျော်သက်ကနေ နှစ်ဆယ်ကျော် အရွယ်အထိ ဖြစ်လေ့ရှိပြီး လယ်သမား ၊ ငါးဖမ်းသမား စတဲ့ နေပူထဲမှာ အချိန်အတော်ကြာ အလုပ်လုပ် ရတဲ့ သူတွေမှာ ဖြစ်လေ့ရှိပါတယ် ။ဘာလို့လဲဆိုတော့ ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ ပင်လယ် မြစ်ချောင်းနဲ့ တောင်တန်း အနီးတဝိုက်တွေမှာ ရှိနေတတ်လို့ပါပဲ ။ ခရမ်းလွန်ရောင်ခြည်မှ မဟုတ်ပါဘူး ။ နေရောင်ခြည်မှာပါတဲ့ ရောင်ခြည်တွေဟာ မျက်လုံးရဲ့ ကျန်းမာရေး အပေါ် အနည်းနဲ့ အများ ထိခိုက်မှုတွေရှိနိုင်ပါတယ် ။

မျက်လုံးဟာ သူရဲ့ လုပ်ငန်းစဉ်အတိုင်း သူ့မှာ ရှိတဲ့ ပျက်စီးသွားတဲ့ ဆဲလ်တွေကို အသစ်ပြန်လည် အစားထိုးလေ့ရှိပါတယ် ။ ဒါပေမဲ့ နေရောင်ခြည်ကြောင့် ထိခိုက်လာတဲ့အခါ ပြန်လည် အစား ထိုးခြင်း ဖြစ်စဉ်ဟာ ထိရောက်မှု မရှိတော့ပဲ မျက်စိရောဂါတွေဖြစ်ပွားနိုင်ပါတယ် ။

မမြင်နိုင်တဲ့ ရောင်ခြည်တွေ
အနီအောက်ရောင်ခြည်လှိုင်း ( infra red rays )
မျက်လုံးကို တိုက်ရိုက် မထိခိုက်ပေမဲ့ သူတို့က အပူဓာတ်ထုတ်လွှတ်တဲ့ အတွက် အဲ့ဒီ အပူဓာတ်က မျက်လုံး တစ်ရှုးတွေကို ပူစေပါတယ်။ မျက်ရည်ရဲ့ကာကွယ်ပေးနိုင်မှု စွမ်းရည်ကိုလည်း လျှော့ကျစေပါတယ်။

ခရမ်းလွန်ရောင်ခြည်
စွမ်းအင်မြင့် ရောင်ခြည်ဖြစ်တဲ့အတွက် အန္တရာယ်များပါတယ် ။ တိမ်ထူတဲ့ ရာသီဥတုမှာပါ အန္တရာယ်ပေးနိုင်ပါတယ်။ တိမ်တွေဟာ ခရမ်းလွန်ရောင်ခြည်ကို ဆယ်ရာခိုင်နှုန်းထက်ပိုပြီး မစုပ်ယူနိုင်လို့ပါပဲ ။
 ခရမ်းလွန်ရောင်ခြည်ကို UV A နဲ့ UV B UB Cဆိုပြီး ခွဲခြားနိုင်ပါတယ် ။

UVA က သာမန်မြင်ရတဲ့ အလင်းတွေနဲ့ နီးစပ်တဲ့သဘာဝရှိပြီး အတန်အသင့်ပဲ အန္တရာယ်ရှိတဲ့အတွက် အရေပြားပေါ်မှာ အစက်အကွက်တွေဖြစ်စေပါတယ်။ ဒါပေမဲ့ သူဟာလည်း မျက်ကြည်လွှာ (cornea ) ကိုဖြတ်ပြီး မျက်လုံးအတွင်းထဲက မှန်ဘီလူး (Lens ) နဲ့ မြင်လွှာ (retina) ထဲကို ဝင်ရောက်နိုင်ပါတယ်။
UV B လှိုင်းအလျား ( 280-315nm )ကတော့ UV A ထက် အဆတစ်ထောင် ပိုမိုပြင်းထန် ပြီး နေလောင် ကွက်များ အမဲစက်များစွန်းခြင်းနှင့် မျက်လုံးနဲ့ အရေပြားကို အရွယ်မတိုင်မီ အိုမင်း ရင့်ရော်မှုတွေ ကို ဖြစ်ပေါ်စေပါတယ် ။ မျက်လုံးမှာဖြစ်တဲ့ pinguecula ဆိုတဲ့ မျက်ဖြူသား ပေါ်က အဝါဖုလေးတွေ၊ ခုနကပြောခဲ့တဲ့ pterygium တွေ ဖြစ်ပေါ်မှု ဟာ UV B ထိတွေ့မှု နဲ့ ဆက်စပ်မှု ရှိပါတယ်။

 photokeratitis ဆိုတဲ့ မျက်လုံးနာကျင်ရောင်ရမ်းမှု ကနေ ၂၄ နာရီကနေ ၄၈ နာရီအတွင်း ခဏတာ အမြင်အာရုံကွယ်ခြင်း ( snow blindness) ကိုလည်း ဖြစ်စေပါတယ်။
UV C (100-280 nm လှိုင်းအလျား ) ကတော့ အပြင်းထန်ဆုံးဖြစ်ပြီး အရေပြားနဲ့ မျက်လုံးကို ထိခိုက်မှု အပေးနိုင်ဆုံး ဆိုပေမဲ့ အိုဇုန်းလွှာက စုပ်ယူထားလိုက်ပါတယ် ။ ဒါပေမဲ့ အနာဂတ်မှာ အိုဇုန်းလွှာပျက်စီး ပါးလွှာလာခြင်းဟာ UVC rays တွေ ကမ္ဘာပေါ်ကို ကျရောက်လာမဲ့ အန္တရာယ် ရှိလာနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်ဟာ ခန္ဓာကိုယ်က မော်လီကျူးများ ပြိုကွဲခြင်း ၊ မျက်ကြည်လွှာပျက်စီးခြင်း၊ တိမ်စွဲခြင်း စတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။

မြင်နိုင်တဲ့ရောင်ခြည်တွေ
သက်တံလိုမျိုး လူတွေမြင်နိုင်တဲ့ ရောင်ခြည်တွေကို ပြောတာပဲဖြစ်ပါတယ်။ အဲဒီအထဲကမှ အပြာရောင်လို အရောင်မျိုးက မျက်လုံးကို ထိခိုက်စေပါတယ်။
နေရောင်ခြည်ဟာ ကမ္ဘာပေါ်ကို တိုက်ရိုက်ဖြာကျခြင်းဖြင့် လည်းကောင်း လေထုမှတဆင့် ပျံ့နှံ့ ဖြာကျခြင်းဖြင့်လည်းကောင်း မြေပြင်ပေါ်မှ ပြန်လည် အလင်းပြန်ခြင်းဖြင့်လည်းကောင်း ဖြာကျလေ့ ရှိပါတယ် ။ မြေပြင်မျက်နှာပြင်တွေကနေတဆင့် ပြန်လည်ဖြာထွက်ခြင်းဟာ အဲ့ဒီနေရောင်ခြည်ရဲ့ အလင်းပြင်းအားကို ပိုမိုတိုးစေပါတယ်။ နှင်းဟာ နေရောင်ခြည်ရဲ့ ၉၀%ကို အလင်းပြန်ပါတယ် ။ ရေကနေရောင်ခြည်ရဲ့ ၂၀%ကို အလင်းပြန်ပြီး သဲကတော့ ၃၀%ကို အလင်းပြန်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ကို
ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်း (UV Index ) နဲ့ တိုင်းတာပါတယ် ။ UV index က 1 to 11+ အဆင့်ထိရှိပါတယ် ။ UV index 2 or less ဆိုရင် low uv index ပါ ။ နေကာမျက်မှန် တပ်ဆင် ပြီး နေလောင်တတ် တယ်ဆို နေရောင်ကာ ခရင်တွေ လိမ်းနိုင်ပါတယ် ။ 3ကနေ 5 ဆိုရင် moderate ဖြစ် ပြီး 6ကနေ7 ဆိုရင်တော့ စတင်ပြီး UV index မြင့်မားတဲ့ အဆင့်ကို ရောက်နေပါပြီ ။ အပြင်သွားမယ်ဆိုရင် နေရောင်ကာ ခရင်လိမ်းခြင်း ၊ နေကာမျက်မှန်တပ်ခြင်း အပြင် လုံခြုံသော ဦးထုပ် ထီး စတာတွေကို ဝတ်ဆင်ရပါမယ်။ မနက်ဆယ်နာရီကနေ ညနေ၄နာရီအတွင်း နေရောင်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ရှားပြီး အရိပ်ရနေရာတွေမှာ နေထိုင်ရပါမယ်။ ရေနဲ့ ဓာတ်ဆား သစ်သီးဖျော်ရည် စတာတွေကို သောက်သုံးပြီး ရေဓာတ်ပြည့်ဝအောင် နေထိုင်ရပါတယ် ။

သတိပြုရမှာတွေက
ရေတိမ် ၊ အတွင်းတိမ် စတဲ့ ရောဂါတွေဟာ ဖြစ်ပွားဖို့ နှစ်ကာလ ကြာ အချိန်ယူရတယ် ဆိုပေမဲ့ နေရောင်ခြည် ခရမ်းလွန်ရောင်ခြည်တွေဟာ ရောဂါဖြစ်ပွားဖို့ အန္တရာယ်ကို ပိုမိုတိုးမြင့်စေပါတယ်။ ကလေးသူငယ်တွေအတွက်လည်းမမေ့ပါနဲ့ ။သူတို့ဟာ အိမ်အပြင်မှာ အချိန်တိုင်း ဆော့ကစားနေတဲ့ အတွက် နေရောင်ခြည်ကို ပိုမိုထိတွေ့နေတတ်ပါတယ်။ သူတို့ အတွက်လည်း ဦးထုပ် နေကာ မျက်မှန်စတာတွေ လိုအပ်ပါတယ် ။
နေကာမျက်မှန်တိုင်းကလည်း ခရမ်းလွန်ရောင်ခြည်ရဲ့ ဒဏ်ကို ၁၀၀ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့ အတွက် သင့်တော်တဲ့ နေကာမျက်မှန်ကို ရွေးချယ်ဖို့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်လို့ရပါတယ်။

ထပ်မံ သတိပြုရမှာတွေက
နွေရာသီ အချိန်မှ မဟုတ်ပါဘူး ။ နေရောင်ခြည်ဟာ မျက်လုံးကို တစ်နှစ်ပတ်လုံး ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့ နေကာမျက်မှန်တွေ မျက်နှာကို လုံစေတဲ့ ဦးထုပ်တွေ လိုကို လိုအပ်ပါတယ်။
တိမ်တိုက်တွေရဲ့ လှည့်ဖြားမှုကို မခံပါနဲ့ ။ မိုးတိမ်ကိုနေရောင်ခြည်က ကောင်းစွာ ထိုးဖောက်နိုင်ပါတယ်။
နေကြတ်နေတဲ့ အချိန်မှာပဲ ဖြစ်စေဦးတော့ နေကိုတိုက်ရိုက်မကြည့်ပါနဲ့ ။ solar retinopathy ဆိုတဲ့ ရောဂါဟာ မျက်လုံးရဲ့ မြင်လွှာ retina ကိုထိခိုက်စေပါတယ်။

ကလေးတွေ သက်ကြီးရွယ်အိုတွေကိုလည်း ထည့်တွက်ရမှာပါပဲ ။ လူတိုင်းဟာ အန္တရာယ်ရှိပါတယ် ။
ကျွန်တော်တို့ အိပ်စက်တဲ့ အခါ ကျွန်တော်တို့ရဲ့ မျက်လုံးဟာ ဖုန်တွေ အမှုန်တွေ မီးခိုးတွေ စတဲ့ နေ့ခင်းဖက်မှာ စုထားမိတဲ့ အရာတွေကို ပြန်လည်သန့်စင်ပါတယ် ။ မျက်လုံးမှာ ရှိတဲ့ အလင်းကို အာရုံခံနိုင်တဲ့ ဆဲလ် တွေဟာ အိပ်စက်ချိန်နိုးထချိန်ပုံမှန်ရရှိစေဖို့ အရေးကြီးပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ဟာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ လိုအပ်သလို ပုံမှန်အိပ်စက်ခြင်းကို ရရှိစေဖို့ သဘာဝအလင်းရောင်ကို ထိတွေ့ဖို့လည်း လိုအပ်ပါသေးတယ်။
အရိုးသန်မာဖို့ ဗီတာမင်ဒီ ဖွဲ့စည်းဖို့ နေရောင်ခြည်ကို ( အထူးသဖြင့် မနက် ၈နာရီကနေ ဆယ်နာရီအတွင်းက နေရောင်ခြည်ဟာ ခရမ်းလွန်ရောင်ခြည် ပြင်းအား သိပ်မရှိတဲ့ အတွက် ) ထိတွေ့ ရရှိဖို့ လည်း လိုအပ်ပါတယ် ။

ခွန်းညိုသွေး
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ