ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်း လျှော့ချခြင်း


ခန္ဓာကိုယ်''ဝ''နေလို့ စိတ်မပျက်ပါနှင့် ။ အားလည်း မလျှော့လိုက်ပါနှင့် ။ ကမ္ဘာပေါ်မှာပေါင် ၄ဝဝ ကျော်ရှိသူများ ပေါင် ၂ဝဝ အောက် ကျဆင်းပြီး ခန္ဓာကိုယ် သွယ်သွယ်လျလျ ဖြစ်သွားသူတွေ
ဒုနဲ့ဒေးရှိသည် ။ ခန္ဓာကိုယ် ''ဝ'' လာခြင်းကြောင့် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ ၊ သွေးတိုးရောဂါ ၊ ဆီးချိုရောဂါ ၊ အဆစ်အမျက်ရောင်ခြင်း ၊ သွေးတွင်း အဆီဓာတ်များခြင်း ၊ အသည်းအဆီဖုံးခြင်း ၊ သည်းခြေအိတ်ရောဂါ ၊ တချို့သော ကင်ဆာရောဂါများ ဖြစ်ပွားခြင်း ၊ သန္ဓေအောင်ရန် ခက်ခဲခြင်း ၊ ခါးနာခြင်း ၊ ဒူးနာခြင်း ရောဂါများ ဖြစ်သည့်အပြင် လူမှုရေး ပြဿနာများ ၊ ပတ်ဝန်းကျင်နှင့် သီးခြားဖြစ် လာခြင်းနှင့် စိတ်ကျရောဂါ စသည်များ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်လာနိုင်သည် ။

''ဝ''သောသူများမှာ အစားအသောက် ခုံမင်ခြင်း ၊ လိုအပ်သည်ထက် ပိုစားခြင်း ၊ အချို၊အဆိမ့် ၊ အဆီများစားခြင်းကြောင့် ဖြစ်စေသို့မဟုတ် နေ့စဉ်စားသောက်နေသော အစားအစာ များထဲမှာ ကယ်လိုရီများများပါသော Calorie Foods လို့ခေါ်တဲ့ အစာများ ပါဝင်၍လည်း ဖြစ်နိုင်သည် ။ နေ့စဉ် စားသောက်နေကျ အစာထဲတွင် Calorie Foods တွေ အစားအစာတွေမှာ ပါတယ်ဆိုလျှင်တော့ ထမင်းတွေ ကယ်လိုရီ ၁၅၅ ၊ အုန်းထမင်းမှာ ကယ်လိုရီ ၃၂၅ ၊ ဒံပေါက်တွင် ကယ်လိုရီ ၁၉၅ ၊ အုန်းနို့ခေါက်ဆွဲတွင် ကယ်လိုရီ ၂၂၁ ၊ ရှမ်းခေါက်ဆွဲ (ဝက်သား) ကယ်လိုရီ ၃၅၁ ၊ ထန်းလျက် ကယ်လိုရီ ၃၅၉ ၊ သကြားကယ်လိုရီ ၃၅၁ ၊ နံပြားကယ်လိုရီ ၂၈၃ ၊ ပလာတာကယ်လိုရီ ၃၅၉ တို့ ပါဝင်ကြသည် ။

အစားအသောက်တိုင်း၏ အလေးချိန် ပမာဏကို ၁ဝဝ ဂရမ် ( ၆ ကျပ်တစ်မတ်သား) တွင် အခြေခံသည် ။ ဖော်ပြပါ ကယ်လိုရီ များများပါသော အစားအစာများကို မကြာခဏ စားမိပြီဆိုလျှင်တော့ ခန္ဓာကိုယ် ဝလာဖို့ သေချာသည် ။ စားတာများပြီး ကိုယ်လက်လှုပ်ရှားမှု နည်းလာလျှင် ကိုယ်အလေးချိန် တိုးလာ မှာ ဖြစ်သည် ။ လူတော်တော်များများမှာ ကိုယ်လက်လှုပ်ရှားမှုကို မသိမသာနှင့် ဥပေက္ခာ ပြုမိကြသည် ။ ကလေးငယ်တွေ တီဗွီ၊ အင်တာနက်ရှေ့မှာ ထိုင်ရသော အချိန်များလာခြင်း၊ ရိုးရိုးလှေကား အစား ဓာတ်လှေကားများ အသုံးပြုခြင်း ၊ စက်ဘီးနေရာမှာ ဆိုင်ကယ် ၊ မော်တော်ကားများ တစ်စ တစ်စ နေရာယူလာကြခြင်း ။ နိစ္စဓူဝ ရုန်းကန်လှုပ်ရှားရင်း စီးပွားရေး ပြဿနာ စားဝတ်နေရေး အတွက် မအားမလပ်ဘဲ ရှိနေကြခြင်းသည် ကိုယ်လက်လှုပ်ရှားမှု နည်းစေသော အကြောင်းများ ဖြစ်ပေါ်နေသည် ။

ထို့ကြောင့် ကိုယ်အလေးချိန် လျော့ကျစေရန် စိတ်ဓာတ်ခိုင်မာပြီး ဇွဲကောင်းဖို့ လိုအပ်သည် ။ ကမ္ဘာ့ ကျန်းမာရေး ပညာရှင်များကတော့ ခန္ဓာကိုယ် အလေးချိန်ကျရာမှ တစ်လနှစ်ပေါင်ထက် ပိုမလျော့ သင့်ကြောင်း အကြံပြုထားသည် ။ ဝနေတာ ပိန်ရန်အတွက် ပိန်ဆေးအမျိုးမျိုး ၊ အစား အသောက်တွေ လျှော့စားခြင်း အမျိုးမျိုးဟာ ကျန်းမာရေး ရှုထောင့်က ကြည့်လျှင် အန္တရာယ် များကြောင်း တွေ့ရသည် ။ နေ့စဉ်လေ့ကျင့်ခန်း၊ လမ်းလျှောက်ခြင်းများ လုပ်ပြီး ကယ်လိုရီများသော အစာကို လျှော့စားမယ် ဆိုရင်တော့ အလေးချိန် လျော့ကျနိုင်သည် ။ ကိုယ်လက် လှုပ်ရှားခြင်း ပြုလုပ် မည်ဆိုလျှင် မိမိနှင့် သင့်တော်သော နည်းလမ်းကို ရွေးချယ်ရပါမယ်။ ဒါမှသာ ရေရှည်လုပ်ဖြစ်ပြီး အကျိုးရှိမှာပါ။

 ဥပမာတစ်နေ့ တစ်နာရီ လမ်းလျှောက်ခြင်း ၊ စားသောက်တဲ့ နေရာမှာလည်း တစ်ရက်ကို အနည်းဆုံး သုံးနပ် ၊ စားလေ့စားထ ရှိသည် ။ နံနက်စာ မစားရလို့ဆိုပြီး နေ့လယ်စာ ပေါင်းမစားမိဖို့ အရေးကြီးသည် ။ အဘယ်ကြောင့်ဆိုသော် ဗိုက်ဆာပြီး ပိုပြီး စားတတ်လို့ဖြစ်သည် ။ နံနက်စာကို ဝဝလင်လင် စားပါ ။ နေ့လယ်စာကို ပိုမစားမိပါစေနှင့် ။ ညစာကို လျှော့စားပါ ။ ဖြစ်နိုင်လျှင် အရည်၊ အရွက်သုပ်လောက်သာ စားပါ ။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ ဗီတာမင်နှင့် သတ္တုဓာတ်တို့ကို များများစားသုံးပါ ။ သားငါးကို မျှမျှတတစားပါ ။ အလေးချိန် တိုးစေမည့် ဆီပြန်ဟင်း ၊ အကြော်အလှော် ၊ အချိုဓာတ်ပါသော အစားအစာ ကစီဓာတ် Carbohoidrate ကြွယ်ဝတဲ့ အစာဆန် ၊ ဂျုံ၊ အာလူး အစာတွေကို လျှော့စားပါ ။

ပုံမှန် ထမင်း တစ်ပန်းကန်လျှင် အကြမ်းဖျင်းအားဖြင့် ကယ်လိုရီ ၁၅ဝ လောက် ပါဝင်သည် ။ စားသောက်သော အစားအစာတွေက ပိုလျှံတဲ့က စီဓာတ်တွေကို ခန္ဓာကိုယ် Fat အဆီအဖြစ် သို့ ပြောင်းလဲ သိုလှောင်ခြင်းကြောင့် ဖြစ်သည်။ ခန္ဓာကိုယ် အလေးချိန် ၁၅၅ ပေါင်ရှိ လူတစ်ယောက်အား တစ်နာရီ လှုပ်ရှားမယ်ဆိုရင် လောင်ကျွမ်းသွားတဲ့ ကယ်လိုရီကို ဖော်ပြလိုက်သည်။ လမ်းလျှောက်ခြင်း ၃ မိုင်၂၄၆ ကယ်လိုရီ၊ ပြေးခြင်း ၅ မိုင် ၅၆၃ ကယ်လိုရီ၊ အေရိုးဗစ် ကစားခြင်း ၃၅၂ ကယ်လိုရီ၊ ရေကူးခြင်း ၄၂၂ ကယ်လိုရီ၊ ခပ်ရွရွပြေးခြင်း Jogging ၄၉၃ ကယ်လိုရီ၊ စက်ဘီးစီးခြင်း ၄၂၂ ကယ်လိုရီ ၊ ကြက်တောက် ရိုက်ခြင်း ၃၁၇ ကယ်လိုရီ၊ ဂေါက်ရိုက်ခြင်း ၂၈၁ ကယ်လိုရီ၊ ဘောလုံးကန်ခြင်း ၄၉၃ ကယ်လိုရီ၊ ထိုက်ချိ ၂၈၁ ကယ်လိုရီ၊ Yoga ၂၈၁ ကယ်လိုရီ၊ Health Center ကစားခြင်း ၃၈၇ ကယ်လိုရီ၊ အိမ်သန့်ရှင်းရေး လုပ်ခြင်း ၂၄၈ ကယ်လိုရီ၊ ကလေးထိန်းခြင်း ၂၈၁ ကယ်လိုရီ၊ ဂစ်တာတီးခြင်း ၁၄၄ ကယ်လိုရီ၊ ကခုန်ခြင်း ၃၁၇ ကယ်လိုရီများ လျော့ကျနိုင်သည်။ သို့ဖြစ်၍ သင်နှင့်နီးစပ်သော ကိုယ်လက် လှုပ်ရှားမှုမျိုး ကို ပြုလုပ်နိုင်ရန် ဖော်ပြထားသည် ။ တစ်နာရီလုံးစာကို တစ်ပြိုင်နက် မလုပ်နိုင်လျှင် ၂ ကြိမ်၊ ၃ ကြိမ် ခွဲပြီး လုပ်နိုင်ပါသည် ။ မည်သူမဆို တစ်နေ့ကို နာရီဝက် ကိုယ်လက် လှုပ်ရှားခြင်းဖြင့် ကိုယ်ခန္ဓာ ဝဖြိုးလာခြင်းကို ထိန်းသိမ်းသည့်အပြင် ကျန်းမာရေးလည်း ပြည့်စုံမည် ဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါသည် ။

မြဝတီ
https://www.facebook.com/mwdwebportal/posts/1207139442656770

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ