Animal bite wound care တိရစ္ဆာန်ကိုက်ခံရရင်



တမိနစ်အတွင်း မေးသူ ၂ ယောက်။ ကလေးကို ကြောင်ကုပ်လို့။
၁။ ဆရာ မင်္ဂလာပါရှင့်။ သမီး သားလေးက အသက်တနှစ်ပါရှင့်။ ဒီနေ့ရုံးခေါ်သွားတာ ကြောင်ကုတ်မိသွားပါတယ်။ သွေးလည်းထွက်သွားပါတယ်။ အနာကလည်း နဲနဲများပါတယ်။ အဲဒါ ကာကွယ်ဆေးထိုးဖို့ လိုပါသလားရှင်။ အနားမရင်းအောင် ဘာဆေးလိမ်းရမလဲ ညွှန်းပေးပါရှင်။ ကျေးဇူးတင်ပါတယ်ရှင့်
၂။ ဆရာရှင့် ကျွန်မရဲ့သမီးလေးက ၁နှစ်၃လကျော်ပါပြီ ဒီနေ့မနက်၉နာရီခွဲလောက်က အိမ်မှာမွေးထားတဲ့ကြောင်ကို သွားကိုင်မိလို့ ကြောင်ပါးစပ်နဲ့ ကိုက်မိသလိုဖြစ်သွားပါတယ်။ သမီးလက်မောင်းမှာ စဖြစ်ချင်းတော့ မသိသာပါဘူး။ လက်ဆေးပြီး ခဏနေတော့ အစင်းရာ နီလာပါတယ်။ အရေပြားပေါက် မပေါက်တော့သေချာမသိပါဘူးဆရာ။ ဘယ်လို လုပ်သင့်ပါသလဲ။ ခွေးရူးကာကွယ်ဆေး ထိုးသင့်ပါသလားဆရာ။ ကျေးဇူးပြု၍ အကြံပေးပါဦးဆရာ။

အနာကို ရေ + ဆပ်ပြာနဲ့ ဆေးပါ။ ရှေးဦးသူနာပြု အနာထည့်ဆေးသုံးပါ။ နာတာ + ရောင်တာ သက်သာအောင် ပါရာစီတမော အရည် ကလေး အသက်အရ တိုက်ပါ။ ကိုက်တဲ့ကြောင် ၇ ရက်အတွင်း ရောဂါနဲ့သေသွားရင် ကာကွယ်ဆေးအတွက် ကလေးအထူးကုဆရာဝန်ပြပါ။
အရင်က ခွေးကိုက်နာကိုမေးလို့ ရေးထားပါတယ်။ ခွေးကိုက်ဒဏ်ရာက ၁ လက်မ၊ ၂ လက်မလောက် ပြဲနေရင်လဲ မချုပ်ဘဲထားရမှာပါလားဆရာ ။ ပြီးတော့ အနာသစ်လုပ်တဲ့ ပုံစံကိုလဲ နည်းနည်းရှင်းပြပေးပါရှင့်။
တိရစ္ဆာန်ကိုက်တဲ့လူနာ မရှားပါ ။ လေ့လာမှုတခုအရ ၈ဝ-၉ဝ% က ခွေးကိုက်ခံရတာဖြစ်တယ် ။ ကြောင် ကိုက်တာ ၁ဝ% ရှိတယ် ။ ခြေလက်တွေမှာ အများဆုံးကိုက်ခံရတယ်။ တခြားနေရာတွေလည်းမလွတ်ပါ။ ၉-၃၆% က ခေါင်းနဲ့လည်ပင်း အကိုက်ခံရတယ်။ အဲဒီနေရာက ကလေးတွေမှာများတယ်။
အနာအမျိုးအစားတွေ က ပွန်းနာ၊ စုတ်ပြဲနာ၊ ပေါက်တာ နဲ့ ကိုယ်ခန္ဓာကနေ ကွာထွက်လာတဲ့ အနာမျိုးတွေဖြစ်မယ် ။ ခွေးကိုက်တယ်ဆိုတာ အကောင်ကြီးကြီးသလို ၁၅ဝ ကနေ ၄၅ဝ ပေါင်ဖိအားနဲ့ ခံရတာဖြစ်တယ်။ ဖိအားဒဏ်ကိုပါ ထည့်တွက်ရမယ်။

အနာကို ကောင်းကောင်း သန့်ရှင်းရေးလုပ်ပေးရမယ်။ အနာထဲဆေးစရာ Povidone-iodine solution (Betadine) ဆေးရည်ကောင်းတယ်။ အရေပြားပေါက်ရင် ပိုလိုတယ်။ စုတ်ပြဲတဲ့အနားနေရာတွေကို ဖယ်ပြစ်ရမယ်။ ကလေးတွေဖြစ်ရင် အနာကိုပိတ်ပြီး ပိုးသေဆေးကောင်းကောင်းပေးနိုင်တယ်။ လူကြီးဖြစ်လည်း ချုပ်လို့ရတာရှိပါတယ်။ Laceration injuries စုပ်ပြဲနာမျိုးက တခါတည်းချုပ်လို့ရနိုင်တယ်။ Avulsion injuries အမျိုးအစားကို တခါတည်း မချုပ်သင့်ပါ။

အနာကိုပိုးဝင်လာရင် နီတာ၊ နာတာ။ ရောင်တာ၊ ပူတာနဲ့သိသာမယ်။ ပြည်နဲ့ မန်းရည်လည်းထွက်နိုင်တယ်။ အကိုက်ခံရပြီးနောက် ၂၄-၇၂ နာရီမှာ ပိုးဝင်တဲ့လက္ခဏာတွေတွေ့လာမယ်။ မန်းရည်နဲ့ ပြည်ထွက်နေတဲ့ အနာကို ထွက်စရာတွေ ထွက်အောင်လုပ်ပေးရမယ်။

ပိုးတွေထဲမှာ Staphylococcus species, Streptococcus species, Pasteurella multocida, and anaerobic organisms အမျိုးအစားတွေကနေဖြစ်စေတယ်။ ဒါကြောင့် ဘယ်ဆေးပေးတာနဲ့ရမယ်လို့ မရှိတတ်ပါ။ Amoxicillin and Clavulanate (Augmentin) နဲ့ Penicillin (Beepen-VK, Pfizerpen) ဆေးတွေကို သုံးရတာများတယ်။

Tetanus toxoid မေးခိုင်ကာကွယ်ဆေးထိုးရမယ်။ Rabies virus vaccine (Imovax, RabAvert) ခွေးရူး ကာကွယ်ဆေး လိုရင် ထိုးရမယ် ။ တိရစ္ဆာန်ကိုက်တာနဲ့ လူကိုက်တဲ့ဒဏ်ရာတွေကို တခါတည်းမချုပ်ရ-မရ စဉ်းစားရတယ်။ သွားရည်ဆိုတာ ကိုယ်ပိုင်ပစ္စည်း မဟုတ်လို့ တွန်းလှန်ထုတ်ပြစ်မယ်။ ချုပ်ရင် အနာကွဲ ထွက်လာနိုင်တယ် ။ ညစ်ပေနေတဲ့အနာတွေကိုလည်း တခါတည်း မချုပ်ရပါ။ ပိုးတွေနဲ့ အညစ်အကြေးတွေကြောင့် အနာရင်းမယ် ။

အဲလိုအနာတွေကို ဆေးထည့်တာနဲ့ ပိုးသေဆေး၊ အနာသက်သာဆေးတွေပေးရတယ်။ မသင့်တာတွေကုန်ရင် အနာက အသားနုတက်လာမယ်။ အရောင်က ပန်းနုရောင်ကနေ နီရဲရဲဖြစ်လာမယ်။ ပိုးသေဆေးတွေကလည်းနိုင်ချိန်မှာ မန်းရည်၊ ပြည်တွေမရှိတော့ပဲ အသားနုချည်းသာရှိရင် အနာကိုအသစ်လုပ်ပြီး ချုပ်နိုင်ပြီ။ အနာပြင်က ကျယ်နေမယ်။

ချုပ်တဲ့အခါ အနာဘေးပတ်လည် အရေပြားအကောင်း ၂ မီလီမီတာကနေ လှီးဖြတ်ရမယ်။ တခါတည်း ဆွဲချုပ်လို့ရရင် ချုပ်မယ်။ အနာကျယ်ရင် မရတာကများတယ်။ အတင်းဆွဲချုပ်ရင် အမာရွတ်မလှဖြစ်မယ်။ အရေပြားနဲ့ အဆီပြင်ကြား ဓါးနဲ့ ပတ်ပတ်လည် ခွါပေးရင် (အန်ဒါမိုင်းလို့ ခေါ်တယ်) အရေပြားကို ဆွဲယူပြီး ချုပ်လို့အဆင်ပြေမယ်။ တချို့အနာကို ၂ ထပ် (အဆီ + အရေပြား) ချုပ်ရနိုင်တယ်။ တချို့က အရေပြားအစားထိုးဖို့ လိုနိုင်တယ်။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ