Allergy သို့မဟုတ် မတည့်အတူနေ


ဆရာ မင်္ဂလာပါရှင့် ကျမ အသက် ၂၄ ပါရှင့် ကျမ ဓာတ်မတည့်သော mistine မှ နှုတ်ခမ်းနီကို ဆိုးမိပါသဖြင့် allergic ဖြစ်နေရပါတယ် ။ ကျေးဇူးပြု၍ အမြန်ဆုံးပျောက်ကင်းနိုင် မဲ့ဆေးကို ဖြေကြားပေး ပါဦးရှင် ။ နှုတ်ခမ်းတခုတည်းရောင်ယမ်းပြီး အဖုသေးလေးတေဖြစ်နေတာပါ ။ mistine နဲ့မတည့်တာ ကြာပါပြီဆရာ။ ခဏခဏဖြစ်လို့ လုံးဝမသုံးပဲရှောင်ထားတာပါ ။ အခု သတိမထားမိပဲပြန်ဆိုးမိ လို့ ပြန်ဖြစ်ရတာပါရှင့် ။

မတည့်တဲ့အရာတွေထဲမှာ အများဆုံးတာကတော့ ဆေးတမျိုးမျိုးနဲ့ မတည့်တာဖြစ်ပါတယ်။ ဆေးဟာ အကောင်း-အဆိုး ဒွန်တွဲနေတာမျိုး ဖြစ်ပါတယ်။ ဘယ်ဆေးမှာမဆို ဘေးထွက်ဆိုးကျိုးတွေ အနည်းနဲ့ အများရှိကြတယ်။ အဲဒါတွေထဲမှာ (အလာဂျီ) ဆိုတာက တခုပါ ။

Allergic rhinitis ဆိုတဲ့ နှာရည်တွေ တယိုယိုဖြစ်နေတာ။ Asthma ပန်းနာရောဂါ၊ Atopic eczema နှင်းခူနာ၊ Multiple allergies မတည့်ခြင်းပေါင်းစုံ (ပန်းနာ + နှင်းခူးနာ + နှာရည်ယို) အတူတွဲ ဖြစ်နေတာ ဆိုပြီးရှိပါတယ်။ Insect venom သန်း-မှက်-လှေးစတဲ့ အင်းဆက်ကိုက်ခံရတာ၊ Hook Worm ချိတ်သံကောင် ရှိတာ၊ ပန်း-မြက်-သစ်ပင်-ပေါင်းပင် တွေရဲ့ဝတ်မှုံတွေ၊ (ဖန်းဂတ်စ်) မှို၊ အိမ်မွေးတိရစ္ဆာန် ကြောင်၊ ခွေးတွေဟာလည်း (အလာဂျီ)ကို ရစေတဲ့အရာတွေပါဘဲ။

အစားအသောက်ကြောင့် ဖြစ်ရတာကို (အလာဂျီ) အမျိုးအစား (၁)လို့ သတ်မှတ်ပါတယ်။ ပင်လယ်စာ၊ နွားနို့၊ ဥ၊ ငါး၊ အစေ့အဆံ၊ အချဉ်သီး၊ ခရမ်းချဉ်သီးတွေပါတယ်။ အသားတွေကသာ (အလာဂျီ) ရစေတာ မဟုတ်ဘူး။

မတည့်တာတခုခု ကိုယ်ခန္ဓာထဲဝင်လာရင် လူကနေ သူ့ကို တန်ပြန်နိုင်စွမ်းရှိတဲ့ (အင်တီဘော်ဒီ) ဆိုတဲ့ IgE အလိုလို ထွက်လာတယ်။ သူ့လူနဲ့ ကိုယ့်လူ ရန်ဖြစ်-စစ်ခင်း ကြတာကို (အလာဂျီ) လို့ ခေါ်လိုက်တာ ပါဘဲ။ နှာရည်တွေထွက်၊ ယားယံ၊ မျက်လုံးတွေနီရဲ၊ အရေပြား အဖုအပိန့်ထွက်၊ ဝမ်းပျက်၊ စတာတွေ တခုဖြစ်ဖြစ် အကုန်ဖြစ်ဖြစ် ဖြစ်လာမယ်။

အနာသိဆေးရှိလို့ဆိုပေမဲ့ အနာထပ်မဖြစ်အောင် ဘာကိုမတည့်တာလည်းဆိုတာ သိဘို့လိုတယ်။ အများစုလူနာတွေက ဘာကိုမတည့် ဖြစ်နေတာကို မသိကြပါ။ ဒါ့ကြောင့် ဖြစ်တတ်တဲ့လူတွေ ထပ်ဖြစ်နေရ တာပေါ့။ မတည့်ဘူးထင်တာကို သေခြာအောင်၊ အတိအကျ သိအောင်လုပ်တဲ့နည်းကတော့ Desensitization သွေးစမ်းနည်းနဲ့ အရေပြားစမ်းနည်းဆိုပြီး ရှိပါတယ်။ ကရိကထအတော်များပါတယ်။

ဒီလိုမျိုးလုပ်နိုင်တဲ့ အခွင့်အလမ်းမရှိရင် ကိုယ့်အား ကိုယ်ကိုးရပါလိမ့်မယ်။ ငါ ဘာနဲ့ တကယ်မတည့်တာလဲ ဆိုတာ စနစ်တကျ ဆန်းစစ်-ရွေးထုတ်-ရှောင်ကျဉ်ပါလေ။ မည်းမည်းမြင်တိုင်းတော့ တစ္ဆေမမှတ်လေနဲ့။ လူသုံးပုံတပုံလောက်က အစားတမျိုးမျိုး ရှောင်နေကြတယ်လို့ပြောနိုင်ပေမဲ့ တကယ်မတည့်တာကတော့ ၃% လောက်သာရှိတယ်လို့ သုတေသန လုပ်တော့ တွေ့ပါတယ်။

ဗမာလူမျိုးပီပီ ခန့်မှန်းတာကို လွယ်လွယ်ကြီး လုပ်တတ်တယ်။ ဒါကြောင့် ထင်တယ်။ ဒါများလား မသိ ။ ဘေးက လူတွေကလည်း စေတနာတော့ ရှိတာပေါ့။ ဟိုဟာက မတည့်ဘူးအေ့။ ဒီဟာကို မစားနဲ့ကွ။ ဒီလိုနဲ့ ရှောင်လိုက်ရတာများ စားစရာကို မရှိတော့ဘူး။ အသားကြောင့်ထင်လို့ (ဗက်ဂျီ) လုပ်လိုက်ရတဲ့ အဖြစ်က ဒါ့ကြောင့်ပေါ့။

အမှန်က မတည့်တာ တမျိုးထည်းဖြစ်လေ့ရှိတာပါ။ တမျိုးထဲကမှ တမျိုးကမတည့်တာ။ ခေါင်းရှုတ်မသွားနဲ့။ ဟင်းတခွက် ချက်ရင် အမယ်မျိုးစုံ ထည့်ချက်ရတယ်မဟုတ်လား။ အဲဒီထဲက နံနံပင် ဖြစ်ချင်ဖြစ်မယ်။ ကြက်သွန်နီ ဖြစ်ချင်ဖြစ်မယ်။ ကိုယ်နဲ့မသင့်တာက တခုခုတည်းဖြစ်မှာပါ။

အသုံးအဆောင်တွေမှာလည်း အဲလိုဘဲ။ ခေါင်းလျှော်ရည်တခုမှာ အမယ်စုံထည့် လုပ်ထားတာကိုး ။ မွှေးအောင် လုပ်တဲ့ ဓါတုပစ္စည်းလေးတခုကြောင့် ခေါင်းလျှော်ရည်နဲ့ မတည့်တာဖြစ်စေတယ်။ (ကော့စ်မက်တစ်) လို့ခေါ်တဲ့ အလှသုံး ပစ္စည်းတွေ၊ နေ့စဉ်သုံး ပစ္စည်းတွေထဲက တမယ်မယ်ကနေ ကိုယ်နဲ့မသင့်တာ ဖြစ်တတ်ပါတယ်။ မိတ်ဆွေတဦးရဲ့ဇနီးဆိုရင် ဆပ်ပြာမှန်သမျှ မတည့်တဲ့ ဘဝ ရောက်နေရရှာတယ် ။ သူတို့ အမေရိကားရောက်တော့လည်း ဒီအတိုင်းဘဲတဲ့ ။ အလာဂျီ ရလို့ ဗမာပြည်က ခွါတာတော့ မလုပ်နဲ့ပေါ့။

ဆောင်ရန်ကတော့ (အင်တီ-ဟစ်စ်တမင်း) ဆေးများပါဘဲ ။ Allergy ဖြစ်ရင် သွေးဖြူဥတမျိုးဖြစ်တဲ့ Basophil ကနေ Histamine ထုတ်ပေးတယ်။ ဒါကို ဆန့်ကျင်တဲ့ဆေးပေါ့။ (ဘာမီတွန်) လို ဆေးတွေကို လူတိုင်းလောက် သိနေကြပြီ။ အရေးပေါ်လိုရင် ထိုးဘို့ ထိုးဆေး၊ လိမ်းဆေး၊ ရှူဆေးနဲ့ မျက်စဉ်းတောင် ရှိပါတယ်။

(အင်တီ-ဟစ်စ်တမင်း) တွေဟာ အိပ်ချင်၊ ခေါင်းကိုက်၊ မျက်စိမြင်ဝေဝါး၊ ဝမ်းချုပ်၊ အာခြောက်၊ ခေါင်းမူး၊ ဆီးသွားရခက်၊ ခေါင်းမကြည်မလင် ဖြစ်တတ်တဲ့ ဘေးထွက် မကောင်းကျိုးတွေ ရှိပါတယ်။ ခုခေတ်မှာတော့ အိပ်ချင်စေခြင်း မရှိတဲ့ ဒုတိယ၊ တတိယမျိုးဆက်ဆိုတာတွေ ပေါ်လာပါပြီ။ နောက်မျိုးဆက်တွေက တယ်တော်ကြတာကိုး။

Alimemazine, Chlorphenamine, Clemastine, Cyproheptadine, Hydroxyzine, Promethazine ဆိုတာတွေ ဖြစ်နေရင် သိပ်အကောင်းကြီး မဟုတ်သေးဘူး။ ဒီဆေးတွေက အိပ်ချင်တယ်။ အလုပ်လုပ်စရာ မရှိအောင် ကံကောင်းသူများ ဆိုရင်တော့ အံကိုက်ဘဲ ။

Acrivastine, Cetirizine, Desloratadine Loratadine, Mizolastine တွေကတော့ အိပ်ချင်စေခြင်းမရှိတဲ့ ဒုတိယ မျိုးဆက်မို့ ပိုကောင်းတယ်။

လက်ကိုင်အိပ်ထဲမှာ Cetirizine ကို ဆောင်ထားပါ။ စားဆေး၊ သောက်ဆေး။ 5 mg, 10 mg ဆိုပြီးလာတယ်။ အသက် ၆ နှစ်အထက်ဆိုရင် တနေ့ တပြား။ အစာနဲ့နီးမှ ဝေးမှ ဆိုတာ မရှိဘူး ။ ရောဂါပြင်းရင်တော့ ပိုသောက်ရမယ်ပေါ့။ တနေ့ကို နှစ်ခါ ခွဲသောက်လဲရတယ်။ အသက်ငယ်ရင် ကိုယ်အလေးချိန်အလိုက် လျှော့သောက်ရမယ်။ တဝက်၊ လေးပုံတပုံ။ ဆေးဆိုတာ ကိုယ်အလေးအချိန် နဲ့ ပေးရတာ ။ ဇာတာသက်ကြည့် ပေးတာ မဟုတ်ပါ ။

ပုရွက်ဆိတ်ကိုက်ရင်၊ ခြင်ကိုက်ရင် လိမ်းဘို့ (အင်တီ-ဟစ်တမင်း) ပါတဲ့လိမ်းဆေးလည်း သုံးနိုင်သလို၊ Lidocaine 2% ထုံဆေးပါတဲ့ Spray နဲ့ Cream နှစ်မျိုး အတူတူဘဲ။ Calamine Lotion က ချက်ချင်းဆို သလို ယူပစ်သလို၊ အနာ-အယား သက်သာသွားမယ် ။

အလှအပသုံး (ကော့စ်မက်တစ်) ကို ရှောင်နိုင်သမျှ ရှောင်ပါ။ သဘာဝပစ္စည်းတွေဖြစ်တဲ့ သနပ်ခါး၊ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်ထက် မက်စရာ မရှိပါ။ အသစ်တွေ ဘယ်လို ဆန်းဆန်း၊ အကောင်းစားလို့ ဘယ်လို ကြွားကြွား ၊ သဘာဝ၊ ရိုးရာ၊ ထုံးစံမဟုတ်တာ မှန်သမျှ မေးခွန်းထုတ်ခံနေကြရပါပြီ။

မိဘမျိုးရိုး လိုက်တတ်တယ်။ ဒါ့ကြောင့် အမေ-အဖေကို ရွေးပြီးမှ အမျိုးတော်ကြပေတော့။ ငယ်တုံးက မတည့်ပေမဲ့ ကြီးလာတော့ ရှောင်စရာ မလိုတော့တာလည်း ဖြစ်တတ်တယ်။ လူကြီးများ ဒီနေရာမှာ ကံကောင်းတယ်နော်။ စက်ရုံတွေ ပေါတဲ့နေရာ၊ လူတွေရှုတ်တဲ့ မြို့ကြီးတွေမှာ ပိုဖြစ်တတ်တယ် ။ တောသူ -တောင်သားတွေက ဒီတချက်မှာ စားတယ် ။ ယောက်ျားလေးများက မိန်းကလေးတွေထက် အဖြစ်များ သတဲ့။ အမျိုးသမီးများ ဂုဏ်ယူကြပါလေ။ ဒါပေမဲ့ (အလာဂျီ) အကြောင်းမေးတာက အမျိုးသမီးတွေ ချည်း ဖြစ်နေ တာမို့ မြန်မာ အမျိုးသမီးတွေ သုတေသနလုပ်တဲ့အထဲ ပါသွားကြပုံမရဘူး ။

ယားယံတာကိုဖြစ်စေတဲ့ အကြောင်းရင်ကို ရှာနိုင်-ရှောင်နိုင်ရင် ပျောက်မှာပါ။

1. Allergic rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
2. Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
3. Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း
4. Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
5. Allergy drug may have potential against Hep C
6. Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
7. Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
8. Allergy testing (အလာဂျီ) စစ်ဆေးခြင်း
9. Allergy to Eczema မတည့်တာနဲ့ နှင်းကူနာ
10. Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://doctortintswe.blogspot.com/2014/10/allergy-triggers.html
11. Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ်
12. Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
13. Asthma and allergy devices not used properly
14. Mango Skin Allergy သရက်သီးခွံ အလာဂျီ

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ