Pleural effusion အဆုပ်အိတ်ထဲ အရည်အောင်းခြင်း



ဆရာ ကျနော် အသက်၂၂ပါ ။ ညာဘက်ခြမ်းနောက်ကျော အောင့်တာ နှစ်နဲ့ချီနေပါပြီ ။ အေးတဲ့အချိန်ဆို ပိုအောင့်ပါတယ် ။ ဒါနဲ့ ဆရာဝန်ပြကြည့်တော့ ဆရာဝန်က ဓာတ်မှန်ရိုက်ခိုင်းပါတယ် ။ စမ်းသပ်ပါတယ် ။ အဖြေက အဆုတ်ထဲရေဝင်တာတဲ့ ။ရေချိုးရင် အကြာကြီးမချိုးခိုင်း သလို နွေးနွေးထွေးထွေး နေခိုင်းပါတယ် ။ ပြီးတော့ အဲဆရာဝန်မှာပဲ ၃-၄ရက်ပြပြီး ဆေး နေ့တိုင်းထိုး ဆေးသောက်ပါတယ် ။ ဒါပေမဲ့ မသက်သာခဲ့ပါဘူး ။ ဒီကြားထဲဒီလိုပဲ နေခဲ့တယ် ။ ဒါပေမဲ့ မပျောက်ကင်းခဲ့ဘူး ။ ပိုက်ဆံအခြေအနေ အရရော အချိန်မအားတာရောကြောင့် အဲလိုပစ်ထားခဲ့တာ အခုထိလဲ အောင့်တုန်းပါပဲ ။ အခုက ကျနော်က နိုင်ငံခြားမှာ အလုပ်လုပ်နေရတာပါ ။ သူများနိုင်ငံဆိုတော့ ပိုက်ဆံသိပ်အကုန် မခံတဲ့ မြန်မာနိုင်ငံသားကို ကောင်းကောင်း မစမ်းသပ်ပေးချင်ပါဘူး ။ သူတို့ဆီမှာ သွားပြရင် ကြွတ် သားရောင်တာ ဆိုပြီး အရောင်ကျဆေးတွေပဲပေးပါတယ် ။မြန်မာဆရာဝန်ကနေ ဘာဆေးပေးသလဲ မသိရပါ ။ ရေချိုးနည်း အဲလိုပြောတယ်ဆိုတာတော့ ဆန်းနေတယ် ။ ကျွန်တော့် လူနာတွေကိုတော့ အဲလို မပြောပါ ။ နိုင်ငံခြားတိုင်းပြည်မှာဖြစ်နေတာကိုတော့ ဆောရီးသာပြောနိုင်ပါတယ် ။ ဆောရီး ။
အဆုပ်ကို ဖုံးထားတဲ့အလွှာ ၂ ခုရှိတယ် ။ ဆက်နေလို့ အိတ်လိုဖြစ်နေတယ် ။ အိတ်ထဲမှာ အရည်ပါးပါးလေး ရှိနေတယ် ။ အဲဒီအရည် ပုံမှန်ထက်များလာကို အလွယ်နဲ့ အဆုပ်ထဲရေဝင်တယ်လို့ ပြောကြတာ ။ အမှန်က အဆုပ်အပြင်မှာ အရည်များတာသာဖြစ်တယ် ။ အခြေခံရောဂါလက္ခဏာတွေပါ ရှိနေမယ် ။ အခြေခံရောဂါတွေဆိုတာ အဆုပ်နဲ့ နှလုံး ။ ဖြစ်စေတဲ့ အခြေခံရောဂါကိုကုသဘို့က ပဌမဦးစားပေးဖြစ်တယ် ။

ဖြစ်စေတဲ့အကြောင်းရင်းများ
၁။ Lung infection အဆိုပ်ရောဂါများ။ Pneumonia နူမိုးနီးယား၊ Tuberculosis တီဘီနဲ့ Cancers ကင်ဆာတွေဖြစ်တယ်။
၂။ Heart failure နှလုံးအလုပ်မနိုင်တော့ခြင်း။ လူနာဟာ မျက်နှာခြေလက်တွေရောင်သလို အလုပ်လည်းရောင်မယ်။
၃။ Rheumatoid arthritis ရုမတွိုက်အဆစ်နာနဲ့ (SLE) ရောဂါတွေမှာလည်း ဆက်ဖြစ်တာရှိတတ်တယ်။
၎။ အသည်းခြောက်သူ ပရိုတင်းဓါတ်နည်းရာကနေ ဆက်ဖြစ်နိုင်တယ်။
၅။ ကျောက်ကပ်မကောင်းသူ တချို့မှာလည်း ဆက်ဖြစ်နိုင်တယ်။
တချို့မှာ အဲလိုဖြစ်နေပမဲ့ ဘာမှ မခံစားရဘူး။ အဲတာရှိရင် အသက်ရှူမဝဖြစ်မယ်။ အောင့်နာမယ်။ အရည်များလာ ရင်တော့ ခံစားရတော့မယ် ။ တချို့ကိုယ်နည်းနည်းပူမယ် ။
ရင်ပတ်ဓါတ်မှန်ရိုက်ရင် မြင်ရမယ်။ ဓါတ်မှန်မှာ လေရှိတဲ့နေရာက မည်းနေတယ် ။ လေမဟုတ်တာက ဖြူနေတယ် ။ အရည်ကိုလည်း အဖြူပြင်မြင်ရမယ် ။
တီဘီဆိုရင် တီဘီဆေး စနစ်တကျ အနည်းဆုံး (၆) လ ရက်မပျက်ပေးရမယ် ။ နူမိုးနီးယားဆိုရင် သင့်တဲ့ပိုးသေဆေး ဆေးပတ်လည်ပေးရမယ် ။ ကင်ဆာဆိုရင် ကင်ဆာကုသနည်း (ကင်ဆာဆေး + ဓါတ်ကင်) လုပ်ရပါမယ် ။ ဖြစ်စေတဲ့အကြောင်းကိုနိုင်လာတာနဲ့ အဆုပ်အိတ်ထဲအရည်အောင်းတာ သက်သာကောင်းမွန်လာပါမယ် ။

အရည်အောင်းတာကများလို့ အနေရခက်မယ် ၊ နာမယ် ၊ အသက်ရှူခက်မယ်ဆိုရင် အရည်ကို စုပ်ထုတ်ပေးပါမယ် ။ pleural fluid aspiration နဲ့ pleural tap လို့ခေါ်တယ် ။ အရည်ကိုပါ ဓါတ်ခွဲစစ်ဆေးနိုင်တယ် ။ Pleurodesis နည်းဆိုတာ အဆုပ်ဖုံးအိတ်ထဲကို ဆေးထိုးထည့်ပေးနည်းဖြစ်တယ် ။ အဖုံးလွှာတွေ ကပ်သွားစေမယ် ။ tetracycline , sterile talc နဲ့ bleomycin ဆေးတွေကို သုံးတယ် ။ Shunt ထည့်ပေးနည်းလည်းလုပ်တယ် ။ Pleuroperitoneal shunt လို့ခေါ်တယ် ။ Pleurectomy ခွဲစိတ်နည်းလည်း လိုအပ်သူကို လုပ်ပေးရတယ် ။
ဒီရောဂါစာ ရေးပြီးသာမရှိလို့ အသစ်ရေးရတယ် ။ အင်တာနက်ကနေ ရီဆာ့ခ်ျလုပ်တာမှာ ဒီရောဂါ မျိုးအတွက်က သတိထားရတယ် ။ အမေရိကမှာ တီဘီကရှားတော့ နှလုံးရောဂါ ကနေ ဆက်ဖြစ်တာကိုသာ ဦးစားပေး ရေးထားတာက များတယ် ။ ကျွန်တော်တို့မြန်မာပြည်ကလူနာတွေနဲ့ မကိုက်ပါ။
မြန်မာပြည်မှာ တီဘီကနေဆက်ဖြစ်တာများတယ်။ ကျွန်တော် နယူးဒေလီမှာ ယမုန်နာဆေးခန်းလေး ဖွင့်စဉ်က မကြာသေးခင်ကရောက်လာတဲ့ ချင်းပြည်နယ်က အမျိုးသမီးကြီးတယောက်လာပြတော့ နားကြပ် နဲ့စမ်း ၊ လက်နဲ့ ခေါက်စမ်းတာနဲ့ အဲဒီရောဂါလို့သိတယ် ။ အဆုပ်ထဲမှာလေရှိတယ် ။ အပေါ်နံရိုး ကြားနေရာလေးတွေ ကနေ ကိုယ့်လက်ချောင်းတခုပေါ်မှာ နောက်လက်တဖက်ကလက်ချောင်းနဲ့ အထက်ကနေ အောက်ဆီ နံကြားတခုချင်း ခေါက်စမ်းရတယ် ။ အောက်မှာလေဆိုရင် လှိုင်သံကြားရမယ် ။ အရည်နဲ့ အစိုင်အခဲဆို ထုံသံကြားရမယ် ။ ဓါတ်ဆီပေပါကို လက်နဲ့ခေါက်သလိုပါပဲ ။
ကျွန်တော့်လူနာက ဆင်းရဲလို့ ပိုက်ဆံပေးပြီး ဓါတ်မှန်သွားရိုက်ခိုင်းရတယ်။ ထင်တဲ့အတိုင်းပဲ။ အဲတာနဲ့ ထုံဆေးလေးထိုးပြီး အရည်တွေကို စုပ်ထုတ်ပေးတယ်။ တီဘီဆေးလည်း စကေးလိုက်တယ်။ နောက်နေ့ သူကဆက်မလာတော့ဘူး။ တပါတ် နှစ်ပါတ်လောက်နေမှ ပြန်လာတယ်။ ဘာလို့ ဆက်မလာတာလဲ ဆိုတော့ သက်သာလို့ အလုပ်သွားလုပ်တာတဲ့။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ