လမ်းဘေးအစားအစာများ၏သန့်ရှင်းမှု နှင့် ကျန်းမာရေးအန္တရာယ်


စားသုံးသူ ပြည်သူများအတွက် လမ်းဘေးအစားအစာအများစုက သန့် ရှင်းမှုမရှိဘူး ၊ ကျန်းမာရေး နဲ့ မညီညွတ်ဘူး ၊ လမ်းဘေး အစားအစာတွေကို ရှောင်သင့်တယ်ဟူ၍ ကျန်းမာရေးဝန်ကြီးဌာနမှနေ၍ သတင်းစာများ ၊ ဂျာနယ်များ ၊ ရေဒီယိုလှိုင်းများ ၊ တီဗွီများ …စသဖြင့် သတင်းမီဒီယာဘက်ပေါင်းစုံမှ သတိပေးအကြံပြုထားသော်လည်း ယနေ့ မြန်မာနိုင်ငံမှာတော့ လမ်းဘေး အစားအစာတွေ ကို ရောင်း ချမြဲရောင်းချနေကြသလို ၊ စားသုံးမြဲစားသုံးလျက်ရှိကြပါတယ် ။ ဘာကြောင့်လဲဆိုရင် ၄င်းလမ်းဘေး အစားအစာ များဟာ အရသာမဆိုးပဲ ဈေးပေါ၍တွက်ခြေကိုက်တာကြောင့် ဆာလောင်မှုကို လွယ်လွယ်နဲ့  ဖြေရှင်းနိုင်လို့ ပါဘဲ ။ ဒီတော့ လူများများစားကြပြီးနောက် ရောဂါဆိုးတွေရကြကာ သက်တမ်းစေ့မနေနိုင်ကြတော့ပါဘူး ။

(ရေ မသန့် ရှင်းမှု)
လမ်းဘေးအစားအစာဆိုသည့်အတိုင်း လမ်းဘေးတွင် ရောင်းချနေရတာကြောင့်လည်း အိုးခွက် ပန်းကန်ခွက်ယောက်တွေကို ရေစင်စင်ဆေးကြောမှု အားနည်းပါတယ် ။ ဒါ့ပြင် မသန့် ရှင်းသောရေဖြင့် ချက်ပြုတ်ထားတဲ့ မသန့် ရှင်းသော အစားအစာများ ကြောင့် အသည်းရောဂါ ဖြစ်ပွားနိုင်ခြေ အလား အလာပိုနေပါပြီ ။ အလျဉ်းသင့်၍ ပြောရရင် မိုးရေ နှင့်  မိုးသီး တို့ ဟာလည်း ကျန်းမာရေး အတွက် ဘေးဖြစ်စေပါတယ် ။ မိုးရေဟာ ကောင်းကင်မှ လေထုကို ဖြတ်သန်းလာရသောကြောင့် ယင်းအထဲတွင် ဖုန် မှုန့် များ ၊ မီးခိုး ၊ ကျပ်ခိုးများ ၊ အခြားသောဓာတ်ငွေ့ များအပြင် အနုမြူပြာများ ပါဝင်နိုင်ပါသေးတယ် ။ ဒါ့ကြောင့် မိုးရေသည်ပင်လျှင် သောက်သုံးရန်အတွက် ရောဂါကင်းပြီဟု မဆိုနိုင်သေးပါ ။  မိုးသီးလည်း ထိုနည်း၎င်းပါဘဲ ။

(ထုံချိုင်း တုတ်ထိုးများ)
ရန်ကုန်မြို့မှာ လမ်းဘေး အသားကင်ဆိုင်တွေ တော်တော်များများ ပေါ်လာသလို ထုံချိုင်း ၊ တရုပ်ပြည် နှင့် ကိုရီးယား တို့ မှ တင် သွင်းလာသော တန်ဖိုးနည်း အသားကြိတ်လုံးလေးတွေကို စားချင့်စဖွယ်ဖြစ်အောင် ပုံစံအမျိုးမျိုး အရောင်မျိုးစုံတို့ ဖြင့် ကြော်၍ သော်လည်းကောင်း ၊ ကင်၍တစ်ဖုံ တုတ်ချောင်းလေးများ ထိုးသီ၍ ရောင်းချလျက်ရှိပါတယ် ။ လမ်းဘေးဆိုင်တွေ များလာကာ မြို့ပြနေလူထုရဲ့ စားသောက်မှု ပုံစံပြောင်းလဲလာကြပြီး အာသာငမ်းငမ်း ခံတွင်းတွေ့ နေကြပါတယ် ။ တစ်ခုမှ ကျပ် ၁၀၀ ၊ အလွန်ဆုံး ၂၀၀ ထက် မပိုတာကြောင့် ဈေးနှုန်းသက်သာပြီး အရသာကောင်းလို့ ၀ယ်စားနေကြပါတယ် ။ တကယ်တော့ ၄င်း အသားလုံး ၊ အသားချောင်းများဟာ သူတို့ အမည်ပေးကင်ပွန်းတပ်ထားသော အသားစစ်စစ်တော့ မဟုတ်ကြပါဘူး ။ အဆိုးဆုံးမှာ ၄င်းတို့ ကို တို့ ၍စားရသော အချဉ်ရည်ဖြစ်ပါတယ် ။ တန်ဖိုး နည်းဈေးဆိုင်ဖြစ်တာကြောင့် အချဉ်ရေက ငရုတ်ဆီစစ်စစ်မဟုတ်ဘဲ စားကောင်းအောင် ရောစပ် ထားတာတွေ ဖြစ်နေခြင်း (သို့ ) ဘယ်နှရက်မှန်းမသိ ထည့်ထားတဲ့ အချဉ်ရေတွေနဲ့ တို့စားကြတာ ကြောင့် အစာအိမ် နှင့် အူတွေကို ပိုးဝင်ကာ ၀မ်းလျောဝမ်းပျက်ဖြစ်စေနိုင်ပါတယ် ။

(ကြက်-၀က်-ဆိတ်-အမဲသား တုတ်ထိုးများ)
လမ်းဘေးမှာ တန်းစီရောင်းချနေတဲ့ အသားတုတ်ထိုးများကို သင့်အနေဖြင့် ကျန်းမာရေး ရှုထောင့် မှ လေ့လာကြည့်ဖူးပါသလား ။ သင်စားပြီးတဲ့ တုတ်ချောင်းလေးတွေကိုရေတွက်၍ ငွေရှင်းပြီးတဲ့အခါမှာ၊ ဆိုင်ရှင်က ၄င်းတုတ်ချောင်းများကို ပြီးစလွယ် ရေခွက်ထဲမှာ တစ်ချက် နှစ်ချက်လှုပ်ခါ ဆေးကြောရုံ သာပြုပါတယ် ။ ပြီးနောက် ၄င်းတုတ်ချောင်းတွေ မပျက်စီး မကျိုးပဲ့မချင်း ဆက်လက်၍ သုံးစွဲလျက် ရှိပါတယ် ။ နောက်ပြီး လမ်းဘေး တုတ်ထိုးဆိုင်အများစုဟာ အသားပြုတ်ရည်ကို တသီးတသန့်  ပန်းကန် လုံးဖြင့် စီမံထားခြင်းမရှိပဲ စတီးဇွန်း ၃ - ၄ ချောင်းသာချထားပြီး အလှည့်ကျ ခပ်ယူသောက်စား ကြတာမျိုးပါ ။ ၄င်း အသား တုတ်ထိုးများကို တို့ ၍စားကြသော အချဉ်ရည်များကလည်း အထက် မှာ ဖော်ပြ ထားသကဲ့သို့  အန္တရာယ်ရှိပါတယ် ။ ထို့ ပြင် လတ်ဆတ်မှုမရှိ လက်ကျန်အဟောင်း ပစ္စည်း များဖြစ်နိုင်သေး တာကို သတိပြုပါ ။ ဒါကြောင့် မစားခင်မှာ မိမိရွေးချယ်မည့် ဆိုင်၏ သန့် ရှင်းမှု ၊ ၄င်းဆိုင်၏ ပတ်ဝန်းကျင် သန့် ရှင်းမှု ၊ ဈေးရောင်းသူ၏ သပ်ရပ်မှုတို့ ကို ဦးစွာလေ့လာပါ ။ သို့ မဟုတ်ပါက (၁) ရက်လွန် အသားများ (၂) ထပ်ခါထပ်ခါသုံးထားသော တုတ်ချောင်းများ (၃) အလှည့်ကျ ခပ်ယူသောက်သုံးပြီးသော စတီးဇွန်းများ (၄) အချဉ်များ ..စသဖြင့် လေးထပ်ကွမ်း ကျန်းမာရေးအန္တာရာယ် ရနိုင်ကြောင်း သတိရှိပါလေ ။

(အသားကင်-ငါးးကင်)
အသားကင်တွေမှာ ရောဂါပိုးတွေ ရှိနေတဲ့အတွက် ၄င်းတို့ ကို နေ့ စဉ်ရက်ဆက်စားသောက်ပြီးနောက် ၂ နှစ်အတွင်းမှာပင် အူမကြီးကင်ဆာ ဝေဒနာကို ခံစားရနိုင်ကြောင်း ၊ အသားကင်တွေမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ E.Coli (Escherichia Coil) ခေါ် ဘက်တီးရီယားပိုးတွေ တွေ့ရှိရကြောင်း၊ အဲဒီ E. Coli ပိုးက အူမကြီးရောင်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ ကျောက်ကပ်ပျက်စီးခြင်း ၊ ဆီးထဲသွေးပါခြင်း နှင့် နောက် ဆက်တွဲ ကင်ဆာရောဂါတွေကို ဖြစ်လာစေနိုင်ကြောင်းတို့ ကို FDA မှ သတိပေးထားပြီးဖြစ် ပါတယ် ။ ရိုးရိုးလေးဘဲ စဉ်းစားကြည့်ကြရအောင် ။ လမ်းဘေးအစားအစာတစ်မျိုးဖြစ်တဲ့ အထူးသဖြင့် အသားကင် ဆိုတာ ကျက်ချင်မှ ကျက်မယ် (သို့ ) တူးတာတွေရှိပါမယ်။ ဒီလိုမျိုးတွေ ကြာကြာစားမိလာရင် ကျန်းမာရေး ကို ထိခိုက်လာနိုင်ပါတယ် ။ ၄င်းအသားကင်အတွက် စီမံထားသော အချဉ်ရည်များဟာ လတ်ဆတ်မှု ရှိမရှိ သင်သိနိုင်ပါမည်လား ။ ဒါ့ပြင် အကင်ဖြင့် တွဲ ဖက်၍စားရသော တန်ဖိုးနည်းဟင်းရွက်များဖြစ်ကြတဲ့ ဂေါ်ဖီ၊ ပဲသီး တို့ ဟာလည်း စင်ကြယ်စွာဆေးကြောထားပါရဲ့ လား ။

(လက်သုပ်စုံ)
မြန်မာပြည်တွင် ခေတ်တွေဘယ်လောက်ပြောင်းပြောင်း အရိုးပေါ်အရွက်မဖုံး အစဉ်အမြဲ တည်ရှိနေတာ ကတော့ လမ်းဘေး အစားအစာ နှင့် လက်သုပ်စုံပဲ ဖြစ်ပါတယ်။ အသုပ်စုံအတွက် ပြင်ဆင်ထားသော ပစ္စည်းအမယ်စုံ ၊ အချဉ်ရည် ၊  ချက်ပြုတ် ဆေးကြော အသုံးပြုသောရေ ၊ အရည်အသွေးနိမ့် တန်ဖိုးနည်း အချိုမှုန့် များ၊ ဈေးသည်၏ တစ်ကိုယ်ရေ သန့် ရှင်းမှု.. စတာ တွေအပြင် ၊ ယင်ကောင်သတ္တ၀ါတို့ ၏ အန္တရာယ်ကို သိလေလေ ၊ မိမိကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး နည်းလေလေ ဖြစ်ပါတယ် ။

(အကြော်စုံ) 
လမ်းဘေးအစားအစာတွေထဲမှာ အကြော်တွေလည်း ပါနေပါသေးတယ် ။ ဆီကြော်မုန့်ဆိုသည်မှာ ကျန်းမာရေးနဲ့  လုံးဝ မညီ ညွတ်ပါဘူး ။ ဈေးသက်သာသော စားအုန်းဆီကိုသုံးခြင်း ၊ ဆီဟောင်းများကို ထပ်ခါထပ်ခါသုံးခြင်းက စားသုံးသူအတွက် အာ ဟာရ မဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ ကိုလက်စထရောတက်၍ အဆီပို အ၀လွန်စေပါမယ် ။ တချို့ သော ၀ိသမလောက အကြော်သည်တွေ က ဈေးရောင်းကောင်းစေရန်အလို့ ဌာ မျက်စိအမြင်မှာ အကြော်လှစေဖို့ နဲ့  တာရှည်ခံကြွပ် ရွ နေစေ ဖို့ အတွက် အကြော်ဆီပူအိုးထဲကို ပလတ်စတစ် အကြည်တွေ ထည့်ကြော်တာမျိုးရှိနေပါတယ် ။ ထို့ ပြင် အကြော်ဖြင့်တို့ ၍ စားရသော မသန့် ရှင်းသည့် လက်လုပ်အချဉ်ရည်ကလည်း စားသုံးသူတွေ  အတွက် ဘေးဖြစ်စေတာကို မမေ့ပါနှင့် ။

(အချိုမှုန့် )
လမ်းဘေးအစားအစာ ရောင်းချသောဆိုင်တွေဟာ အရည်အသွေးနိမ့် အချိုမှုန့် တွေကို သုံးစွဲလျက်ရှိပါတယ်။ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ် ။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲထည့်လိုက်ရင် Free Glumate တွေ အဖြစ် ကို ပြောင်းလဲ သွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွား တိုးပေးလိုက်တာ ဖြစ်ပါတယ် ။ ဒါကြောင့် ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝ မဟုတ်ပါ ။ နည်းနည်းစားစား များများစားစား ရေရှည်စားရင် အန္တရာယ်ကတော့ ရှိတာပါပဲ ။ ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ် ။ အမှန်က ဆား က Sodium chloride ၊ အချိုမှုန့်က Monosodium glutamate  ဖြစ်လို့  နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ် ။ အချိုမှုန့် မှ ရရှိသော ရောဂါများမှာ အကြောတက် ၊ ဆီးချို၊ အ၀လွန် ၊ နှလုံးသွေးကြောပိတ် ၊ ဦးနှောက်ဆဲလ်တွေ၍ ပျက်စီး၍ မှတ်ဥာဏ် အားနည်း ၊ သားသမီးမရနိုင်ခြင်း ၊ ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ ၊ သွေးတိုးရောဂါတို့ ဖြစ်ပါတယ် ။ ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ် ။

(သကြား)
တချို့ လမ်းဘေး အစားအစာဆိုင်တွေက အချိုမှုန့် လုံးဝမသုံးဘူးလို့  ဆိုကြပါလိမ့်မယ်။ တန်းဖိုးနည်း ဈေးဆိုင်ဖြစ်တဲ့အတွက် အသားမှုန့် ကိုတော့ သုံးစွဲခြင်းဌာ မတတ်နိုင်ကြပါဘူး။ ဒီတော့ ဈေးကွက်ထဲမှာ အပေါဆုံးသကြားဖြူဖြူအမှုန့် တွေကို သုံး နေကြပါတယ် ။ နိုင်ငံခြား တိုင်းပြည်များတွင် သကြားကို မူသဘာဝအရောင်အတိုင်း ၀ါညစ်ညစ်သကြားများကို စားသုံးကြသော် လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟုခေါ်သော ဓာတုချွတ်ဆေးသုံး ၍ ဖြူဖွေးသကြားများ ကို ရွေးချယ် စားသုံးနေကြပါတယ် ။ ထန်းလျက်မှာလည်း မူလအညိုရောင်ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေး သွားပါတယ် ။ အိမ်သုံးဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံး၍ ဖြူဖွေးအောင်လုပ်ထားကြပါတယ်။ ထိုဓာတုချွတ်ဆေးများဟာ ကင်ဆာရောဂါကိုဖြစ်ပွားစေသဖြင့် သဘာဝ အရောင်ကို ရွေးချယ် စားသောက်ကြပါရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက တိုက်တွန်းထားပါတယ်။

မှတ်ချက်။
(၁) လမ်းဘေးအစားအစာများ နှင့် ပတ်သက်၍ စာရေးသူမှ သိသင့်သိထိုက်သော အခြေခံကျန်းမာရေး ဗဟုသုတကို အထက် ပါအတိုင်း တင်ပြခဲ့ပြီးဖြစ်ရာ၊ သင်ရွေးချယ် စားသုံးနေသော အစားအစာဟာ သင့်အတွက် “ အာဟာရလား၊ အန္တရာယ်လား ” ဆိုတာကို ခွဲခြားဝေဖန်ကြည့်စေလိုပါတယ်။
(၂) မသန့် ရှင်းသော အစားအစာကို စားသုံးမိခြင်းကြောင့် အစာအဆိပ်ဖြစ်တတ်ပြီး၊ အထူးသဖြင့် အသက်ငယ်လွန်းသူ၊ အသက်ကြီးရင့်သူ၊ နာတာရှည်ရောဂါ တစ်မျိုးမျိုး ခံစားနေ ရသူ၊ ကိုယ်ခံအား စံနစ်ပျက်ပြားသူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။
(၃) လမ်းဘေးအစားအစာ ယင်နားထားသောအစားအစာကို စားမိတဲ့အခါ ကာလ၀မ်းရောဂါ၊ တိုက်ဖွိုက်(ခေါ်) အူရောင် ငန်းဖျား ရောဂါ၊ အထက် လန်အောက်လျော(ခေါ်)ရေငတ်ဝမ်းကျရောဂါ၊ ၀မ်းဖောဝမ်းရောင်၊ သွေးဝမ်းသွား(ခေါ်)၀မ်းကိုက်ရောဂါတို့  ဖြစ်ပေါ်လာပါတယ်။ ၄င်းရောဂါတွေဟာ ကပ်ရောဂါသဖွယ် လူသားမျိုးနွယ်တွေကို ဒုက္ခပေးတတ်ပါတယ်။
(၄) ၂၁ ရာစုမှာ လူအများက ကျန်းမာရေး အသိအမြင်ရှိကြသော်လည်း လမ်းဘေးအစာတွေနဲ့ မကင်းနိုင်ကြပါဘူး။ ဖုံးအုပ် ထား ခြင်းမရှိ၊ မသန့် ရှင်းသောအစားအစာတွေမှာ သန်ဥတွေကပ်ပြီး ၀မ်းဗိုက်အထဲရောက်သွားတဲ့အခါ သန်ကောင်တွေ ပေါက် ပွား လာပါတော့တယ် ။
xxxxxxxxx
ကင်ဆာရောဂါဆိုတာ ခန္ဓာကိုယ်တွင်းရောဂါဖြစ်တာကြောင့် အပေါ်ယံမှာ ရောဂါတစ်ခုခုဖြစ်သလို ချက်ချင်း မသိနိုင်ပါဘူး ။ ကင်ဆာရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ဆန်းစစ်ရင် အခုခေတ် လူတွေရဲ့နေထိုင် စားသောက်မှု ပုံစံတွေပြောင်းလဲ လာတာ ကြောင့် အဖြစ်များလာရခြင်းဖြစ်ပါကြောင်း စာရေးသူမှ အကြံပြု လိုက်ရပါတယ် ။
စေတနာများစွာဖြင့်….
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

Health Guide
https://www.facebook.com/pg/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ