အသုပ်တစ်ပွဲကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးလေးများ


အသုပ်

အသုပ်လက်ရာကောင်းတဲ့ အိမ်ရှင်မတွေကို လင်ယောက်ျားတွေက အချစ်ပိုတယ်လို့ရှေးလူကြီးများက ဆိုထားကြ ပါတယ်။ ကျွန်မတို့မြန်မာပါးစပ်ကတော့ အသုပ်ဆိုရင် အမျိုးသမီး ၊ အမျိုးသား ၊ ကလေး၊ လူကြီး အားလုံးကြိုက်ပြီးသားဖြစ် ပါတယ် ။ အစပ်မစားသူတွေအတွက်ကတော့ ငရုတ်သီးကို လိုအပ်သလို ဖယ်လိုက်လျော့လိုက်ရင် အဆင်ပြေသွားမှာပါ ။ တစ်နေ့တစ်နေ့ ဘာချက်စားရမလဲ ။ အကြံအိုက်နေသူများအတွက် ကျန်းမာစေဖို့ အသုပ်စားကြပါလို့ တိုက်တွန်းလိုက်ပါ တယ်။ အသီးအရွက်သုပ်လေးတွေက အိမ်ရှင်မတွေအတွက်လည်း ထမင်းဝိုင်းလည်းမြိန်စေ ၊ ဈေးဖိုး လည်းချွေတာစေဖြစ်ပါ တယ် ။ အိမ်မှာသုပ်စားတွက်အတွက်ကြောင့်လည်း ဝယ်စားရ တာလောက်ဈေးမကြီးဘဲ လုံလုံလောက်လောက်စားနိုင်ပါ တယ် ။ သုတေသီများရဲ့လေ့လာစမ်းသပ်ချက်မှု မှတ်တမ်းများအရ လတ်လတ်ဆတ်ဆတ် အစိမ်းရောင်အရွက်များများပါတဲ့ ဟင်းရွက်စုံသုပ်တစ်ပွဲမှာ အသီးအရွက်မှရရှိတဲ့ သဘာဝအာဟာရဓာတ်များဖြစ်ကြတဲ့ ဗီတာမင်စီ ၊ ဖောလစ်အက်ဆစ် ၊ အယ်လ်ဖာ ၊ ဘီတာကယ်ရိုတင်း ၊ လိုက်ဆိုပင် ၊ ဗီတာမင်အီး စတဲ့ဓာတ်တွေ ရရှိစေနိုင်တာကြောင့် အသီးအရွက် များများစား သူတွေမျာ သွေးလည်ပတ်စီးဆင်းမှုအားကောင်းမွန်စေကြောင်းသိရှိရပါတယ် ။ ၎င်းစမ်းသပ်မှုကို Louisiana State University မှ လူဦးရေ ၁၇၅၀၀ ဖြင့်လေ့လာခဲ့တာဖြစ်ပါတယ် ။ ဒါကြောင့် အသုပ်စုံ ဟင်းလျာထဲမှာ အသီးအရွက်စုံ အမယ် များလေ ကျန်းမာရေးနဲ့ညီညွတ်လေပါပဲ ။ ဒါပေမဲ့ အော်ဂဲနစ် ပစ္စည်းများကိုသာ ရွေးချယ်တတ်ဖို့လိုပါတယ် ။ နေ့စဉ် ထမင်းစား မီနူးစာရင်းထဲမှာ အသုပ် ဟင်းလျာ တစ်ခွက် ပါအောင်စားခြင်းဟာ ကျန်းမာရေးအတွက် အလေ့ အကျင့်ကောင်းဖြစ်စေတာအမှန်ပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အစိမ်းလိုက်သုပ်စားခြင်းက လူကို ပေါ့ပေါ့ပါး ပါးဖြစ်စေတဲ့အပြင် ကျန်းမာပြီး အသက်ရှည်ရှည်နေနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ မိမိရွေးချယ်လိုက်တဲ့ ဟင်းသီးဟင်းရွက်တွေ ဟာသန့်ရှင်းလတ်ဆတ်ပြီး ဓာတုပစ္စည်းများကင်းစင်ဖို့တော့လိုပါတယ်။ သတိပြုရမှာက မိမိပြင်ဆင်တဲ့ အသုပ်ထဲမှာ ပါဝင် ပစ္စည်းအမျိုးအစားနဲ့ အချိုးအစားဟာ ပမာဏပေါ်မူတည်ပြီး အာဟာရတန်ဖိုး ရရှိမှုမှာလည်း မတူညီနိုင်ပါဘူး ။ တကယ်လို့ အသုပ်ထဲမှာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ချိစ်(သို့)မရောနိစ်(သို့) အစေ့အဆန်တွေပါဝင်မှုများပြားနေခဲ့ရင် ကယ်လိုရီများသွား ပြီးမို့ ကျန်းမာရေးနဲ့မညီညွတ်နိုင်တော့ပါဘူး။
အမေရိကန်ပြည်ထောင်စုရှိ The National Cancer Institute ရဲ့အကြံပြုချက်များအရ ကင်ဆာဝေဒနာ ခံစားနေရ သောလူနာတွေကို (က) ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကိုရံဖန်ရံခါမျှသာ စားသောအုပ်စု၊ (ခ) ဟင်းသီးဟင်းရွက် တစ်မျိုးတည်းကိုသာ တစိုက်မတ်မတ်စားသောအုပ်စု၊ (ဂ) ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံနှစ်မျိုးစလုံးကို နေ့တိုင်းနီးပါး စုံစုံလင်လင်စားသောအုပ်စုဟူပြီး အုပ်စု-၃မျိုးခွဲလေ့လာခဲ့ရာမှာ အဲဒီနှစ်မျိုးစလုံးကိုစုံလင်စွာစားကြသူတွေမှာ ဦးနှောက် ကင်ဆာနဲ့ လည်ပင်း ကင်ဆာဖြစ်နိုင်ခြေ အလားအလာလျော့ကျသွားကြောင်း အဖြေထွက်ရှိခဲ့ပါတယ် ။ ၎င်းစမ်းသပ်မှုမှာ အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ ပဲစေ့အမျိုးမျိုး၊ ပန်းငရုတ်ပွ၊ ငရုပ်သီးစိမ်း၊ ဘရိုကိုလီ(ခေါ်) ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ပန်းသီး၊ ဇီးသီး၊ ပန်းသစ်တော်သီး၊ စတော်ဘယ်ရီသီး၊ မက်မွန်သီးတို့ပါဝင်ပါတယ် ။

အသုပ်စားသုံးခြင့်ဖြင့်ရရှိလာမယ့်အကျိုးကျေးဇူးတွေကတော့

ကိုယ်အလေးချိန်ကျစေပါတယ်
ကျန်းမာရေးသုတေသီများရဲ့ အကြံပြုချက်အရ ကိုယ်အလေးချိန်ကျလိုသူများဟာ ထမင်းဝိုင်းမှာ ဟင်းရွက်စုံသုပ် တစ်ပန်းကန်နဲ့ဦးစွာပထမ ဝမ်းဖြည့်ထားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဟင်းသီးဟင်းရွက်ထဲမှာပါရှိတဲ့အမျှင် ဓာတ်က လူကိုဗိုက်ပြည့်သွားစေပြီး ဆာလောင်မှုကိုအာသာပြေသွားကာ နောက်ထပ်အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတာ ကြောင့် ဝိတ်တက်မှာကိုစိတ်မပူရတော့ပါဘူး။

ခံတွင်းမြိန်စေပါတယ်
ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတို့ရောပြွန်းထားတဲ့အသုပ်စုံတစ်ခွက်ရဖို့အတွက် လှီးချွတ်ပြင်ဆင်ရတာ အတန်ငယ်ကရိကထများပေမယ့် အဲဒီအသုပ်ထဲရှိ အရောင်အမျိုးစုံလင်လှတဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက်ဝါးစား ရတာကြောင့် လူကိုခံစားမှုအပြောင်းအလဲဖြစ်ကာ ခံတွင်းမြိန်စေပြီး အာဟာရဖြစ်စေပါတယ်။

ကယ်လိုရီကျစေပါတယ်

ဟင်းသီးဟင်းရွက်တွေကို ဆီဖြင့်မကြော်ဘဲ သုပ်စားတဲ့အတွက်ကြောင့် လူကိုကယ်လိုရီကျစေပြီး ကိုယ်အလေး ချိန်ကျဖို့ကိုလည်း အထောက်အပံဖြစ်စေပါတယ်။ အသုပ်ထဲကို သံလွင်ဆီထည့်သုပ်ခြင်း ၊ ထောပတ်သီးပါးပါးလှီးထည့်ခြင်း ၊ Lycopene ဓာတ်ပါဝင်သော ခရမ်းချဉ်သီးထည့်ခြင်း၊ Lutein ဓာတ်ပါသော အစိမ်းရင့်ရောင်ဟင်းရွက်များလှီးထည့်ခြင်း ၊ သံ ဓာတ်ပါသော ဟင်းနုနွယ်ရွက် ကိုရေနွေးဖြောထည့်ခြင်း အထူးတလည်အမယ်စုံအောင်ပြင်ဆင်စားသုံးနိုင်မယ်ဆိုရင် ကယ်လိုရီ ကျစေသောဟင်းလျာကောင်းတစ်ခွက်ကိုရရှိနိုင်ပါပြီ ။ လေ့လာစမ်းသပ်မှုမှတ်တမ်းများအရ၊ အစိမ်းရောင်အရွက်စုံ သုပ်တစ်ဇလုံကိုတစ်ထိုင်တည်းစားခြင်းက ကယ်လိုရီ ၁၅၀ ကျစေကြောင်းအကြံပြုထားပါတယ် ။ ဆောင်ပုဒ်က ‘Bigger is better’ ပါတဲ့ ။ ဆိုလိုသည်မှာ “ကယ်လိုရီများများကျလေ ကျန်းမာရေးအတွက်ပိုကောင်းလေ” ဖြစ်ပါတယ် ။

အမျှင်ဓာတ်တွေ ရရှိနိုင်ပါတယ်

အမျှင်ဓာတ်ပါတဲ့ ဟင်းရွက်စုံသုပ်တစ်ပွဲက ကိုလက်စထရောကိုကျစေကာ ဝမ်းချုပ်ခြင်းကို လည်းပြေလျော့စေပါ တယ် ။ တနည်းအားဖြင့်ဆိုရင် အမျှင်ဓာတ်က ကိုယ်အလေးချိန်ကျခြင်း၊ အူသိမ်အူမများကိုသန့်စေခြင်း ၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းလင်းပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုပေးပါတယ် ။

အကောင်းဆုံးသရေစာဖြစ်ပါတယ်

ဟင်းသီးဟင်းရွက်အသုပ်စုံဆိုတာ နေ့လည်စာ၊ ညစာတို့လို ထမင်းဖြင့်စားဖို့သက်သက် ဟင်းလျာ မျှသာမယူဆ သင့်ပါဘူး ။ ဥပမာ-ကွတ်ကီး၊ အာလူးကြော်၊ ဒိုးနတ်မုန့်တို့မစားဘဲ မြင်းခွာရွက်သုပ် ၊ ဂျင်းသုပ် ၊ မိုးကျလက်ဖက်သုပ် ၊ ပဲကတ္တီပါသုပ် ၊ ငှက်ပျောဖူးသုပ် ၊ ပဲပင်ပေါက် ပဲပြားသုပ် ၊ ထမင်းသုပ် ၊ မုန့်ဖတ်သုပ် ၊ မဲဇလီဖူးသုပ် ၊ သင်္ဘောသီးသုပ် ၊ ရှောက်သီးသုပ် ၊ ကျောက်ပွင့်သုပ် ၊ ရေညှိစိမ်းတို့ကိုစားပေးခြင်းက ကျန်းမာရေးနဲ့ညီညွတ်သောအဆာပြေသရေစာများဖြစ် ပါတယ် ။

အာဟာရစုံနိုင်ပါတယ်

မည်သည့်အသုပ်မျိုးဖြစ်ပါစေ။ အသုပ်တစ်ပွဲမှာ အခြေခံအားဖြင့် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ၊ မန်ကျည်းသီးအနှစ် ၊ ငရုတ်သီးစိမ်း ၊ သံပုရာရည်(သို့)ရှောက်ရည် ၊ ရှောက်ရွက်တို့ပါရှိကြစမြဲဖြစ်ပါတယ် ။ ဥပမာ-မြင်းခွာရွက်သုပ်တစ်ပွဲရဖို့ အတွက် ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ နံနံပင်တို့ထည့်ပေးရပါမယ် ။ မိမိပြင်ဆင်တဲ့အသုပ်ပွဲအမျိုးအစားပေါ်မူတည်ပြီး ဆလပ်ရွက်၊ အာလူး၊ သခွားသီး၊ မုန်လာဥနီ၊ ပူစီနံရွက်၊ ပင်စိမ်းရွက်၊ ပဲပင်ပေါက် စသည်ဖြင့်စီမံထည့်ဝင်ရပါမယ်။ ဟင်းသီးဟင်းရွက်တွေ မှာ သူ့အမျိုးချင်းစီလိုက် သဘာဝအလျောက်ကျန်းမာရေးအာနိသင်ပါရှိနေကြပြီး၊ ၎င်းဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ကိုရောစပ်၍ အသုပ်စုံလုပ်စားခြင်းဖြင့် အမျိုးမျိုးအဖုံဖုံသော ကျန်းမာရေးအာနိသင်တွေကို ထမင်း တစ်နပ်စာထဲမှာပင် ရရှိသွားမှာဖြစ်ပါတယ် ။ အသီးအနှံမကြိုက်သူတွေ အတွက် အဆင်ပြေစေ ပါတယ် အသီးအနှံမကြိုက်သူများနဲ့ ရံဖန်ရံခါမှသာစားလေ့ရှိသူများဟာ ဟင်းရွက်စုံသုပ်ကို ထမင်းနဲ့တွဲဖက် ၍သော်လည်း ကောင်း ၊ သရေစာအစာပြေအသုပ်လုပ်စား၍သော်လည်ကောင်း အချိန်ယူစီမံ၍ စားပေးသင့်ပါတယ် ။ ဒါမှသာ အပင်မှရတဲ့ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းလေးများက ခန္ဓာကိုယ်ထဲရှိ လူကိုဘေးဖြစ်စေတတ်တဲ့ Free radicals မော်လီကျူးများ အန္တရာယ်မှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုသော် ကျွဲကောသီးမကြိုက်ပါက သုပ်စား ၍သော်လည်း ကောင်း ၊ ထောပတ်သီး မကြိုက်ပါက အသုပ်ထဲမှာ ခပ်ပါးပါးလှီးထည့် ၍သော်လည်ကောင်း ရောပြွန်း၍ ထည့်စားပေးနိုင်ပါ တယ် ။

သဘာဝအဆီဓာတ်ကို ရရှိစေပါတယ်

ကျန်းမာရေးအတွက် ညီညွတ်တဲ့အသုပ်ဖြစ်ဖို့အတွက်ဆိုရင် သံလွင်ဆီကိုသာဦးစားပေးရွေးချယ်ရမှာပါ ။ ဘာ ကြောင့်လဲဆိုရင် သံလွင်ဆီနဲ့နယ်ထားတဲ့ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံမျိုးစုံကို ဝါးစားမျိုချ လိုက်တဲ့အခါ ၊ ၎င်းအရော အနှောများဟာ ခန္ဓာကိုယ်ထဲက အပူရှိန်ဖြင့်ကောင်းစွာချက်လုပ်ပြီး၍ ဓာတ်ပြုမှုကြောင့် ခန္ဓာကိုယ်ထဲကအပူရှိန်ဖြင့်ကောင်း စွာချက်လုပ်ပြီး၍ ဓာတ်ပြုမှုကြောင့် ခန္ဓာကိုယ်ကြီးက photo-chemicals တွေကို ကာကွယ်ပေးနိုင်တာမို့ ခံရခက်တဲ့ကင်ဆာရောဂါဆိုးတွေမှ ကင်းဝေးစေနိုင် ပါလိမ့်မယ် ။ အကယ်၍ အသုပ်ထဲမှာ ဆီသုံးတာများနေမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ မညီ ညွတ်နိုင်တော့ပါဘူး ။ ဆီများများစားသုံးခြင်းက ကင်ဆာရောဂါနဲ့ နှလုံးရောဂါကိုဖြစ်စေနိုင်လို့ အထူးသတိပြုပါ ။

ပေါက်ပေါက်
HealthGuide
https://www.facebook.com/healthguidemyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ