Bell's palsy မျက်နှာတခြမ်း လေဖြတ်ခြင်း


ဆရာ ကျမအမေက အသက် ၄၅ ပါ။ မျက်နှာလေတခြမ်းဖြတ်သလိုဖြစ်ပြီး မြန်မာဆေးနဲ့ကုနေတာ ၁၆ ရက်ရှိပါပြီ။ ခု English ဆေးနဲ့ ပြောင်းကုချင်တာ ကုသရင်ဆိုးကျိုးရှိ မရှိသိချင်လို့ပါ ဟိုလူကတမျိုး ဒီလူက တမျိုး အမျိုးမျိုး ပြောနေကြလို့ပါ။ English ဆေးကဆေးထိုးရမယ်ပြောပါတယ် အာရုံကြော C 7 လို့ခေါ်တဲ့ အကြောရောင်တယ်လို့ ပြောတာ ကြားဖူးပါတယ်။ အဲဒါခု English ဆေးထိုးရမလားဆရာ မြန်မာဆေးက အကြောပဲပင်တာပါ၊ ရက်ကြာနေသလောက်မပျောက်သေးလို့ English ဆေးပါတွဲပြီးကုရင် ရ မရ သိချင်လို့ပါ။ ဆရာ့ကလွဲပြီး တိုင်ပင်ရမယ့်လူမရှိလို့ပါ။ ဖြစ်ကာစ က ပုံပါဆရာ။ ခုနောက်ပိုင်းပုံပါဆရာ။ တိုးတက်လာပေမဲ့ ရောဂါအရှင်း မပျောက်သေးလို့ ဘယ်ဆေးနဲ့ကုရမလဲ အင်္ဂလိပ်ဆေး မြန်မာဆေး ရောကုရင်ဆိုးကျိုးရှိနိုင်လား ဖြေပေးပါ။ လူနာက စိတ်ဓာတ်ကျနေလို့ပါဆရာ english ဆေးထပ်ကုရမလားသိချင်ပါတယ် english ဆေးနဲ့မြန်မာဆေး ရောကုရင် ဆိုးသွားနိုင်လားသိပါရစေ။ Myanmar ဆေးဆရာက လုံးဝမနှိပ်ပါ။ မျက်နှာကိုအကြောပြင်တာပဲရှိပါတယ်။ ရွဲတဲ့ညာဘက်ပါးကို ဆေးကပ်ပေးပါတယ်။
အရင်ကလည်းမေးကြပါတယ်။

၁။ သမီးအစ်မက ၁ဝ နှစ်သမီးတုန်းက လေဖြတ်ပြီး ပါးတစ်ခြမ်း စောင်းသွားပါတယ်။ အခု အစ်မက အသက် ၄ဝ ရှိပါပြီ။ အဲဒီအချိန်ကဖြစ်ဖြစ်ချင်း အမေက ဆေးရုံကို ချက်ချင်း ပို့ခဲ့ပါတယ်။ ပါးက ပြန်တည့်ပေမဲ့ ၁၀၀% နှုန်းတော့ ပြန်မကောင်းပါဘူး။ ၁ဝ%နှုန်းလောက်တော့ ကျန်ပါသေးတယ် အခုချိန်ထိပဲ။ ရုတ်တရက်ကြည့်ရင် မသိသာပေမဲ့ စကားပြောရင် သိရပါတယ်။ ဒါကြောင့်မို့ ဆေးလေးညွှန်းပေးပါအုံး။ အထောက်အကူပြုပစ္စည်းလေးတွေရှိရင်လည်း ညွှန်းပေးပါအုံးဆရာ။ သမီးလည်း စင်ကာပူမှာနေတာဆိုတော့ ဝယ်ရအဆင်ပြေတာပေါ့။ ဆေးစာအုပ်က ကြာပြီဆိုတော့ မရှိတော့လို့ သီးခံပေးပါဆရာ။ အဲဒီအချိန်က ရှမ်းပြည်မြောက်ပိုင်းမှာနေတာပါ။ လေးစားစွာဖြင့့်။

၂။ ကျွန်မအသက် ၃၅ ပါ။ ယနေ့အပါအဝင် လွန်ခဲ့သည့် ၃ ရက်တည်းက ဘယ်လက်ထုံနေခဲ့ပါသည်။ ယနေ့ ၁၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဘယ်နှုတ်ခမ်းဘက်ခြမ်းပါထုံလာ၍ ဆရာဝန်ပြရာ ဘယ်ပါးနည်းနည်းရွဲ့သွားပါသည်။ အအေးပတ်သွားသည်ဟု ပြောပါသည်။ သုံးရက်ဆက်ပြရန်ပြောပါသည်။ ကျွန်မပြန်ကောင်းဘာနိုင်ပါသလားရှင်။ ဆောင်ရန်ရှောင်ရန်နှင့် မည်ကဲ့သို့ပြုလုပ်သင့်သည်ကို အကြံဥာဏ်တောင်းခံအပါသည်။

၃။ ကျွန်တော် အရက်မသောက်ပဲနဲ့ ပါးတစ်ခြမ်းရွဲသွားလို့ ဘာလုပ်ရမလဲဆရာ။ တစ်ရက်ရှိပြီဆရာ။ တခါမှ မဖြစ်ဖူးဘူးဆရာ။

၎။ မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း (လေဖြန်းခြင်း) အကြောင်း ရေးပေးပါလားဆရာ။ ကိုယ်ဝန်နဲ့ပါဆရာ။

၅။ အသိတစ်ယောက် ဦးခေါင်းတစ်ခြမ်းကိုက်ပြီး ပါးတစ်ဖက်စောင်းနေတယ်။ ပြီးတော့ မျက်စိတစ်ဖက်လဲ မှိတ်လို့မရဘူး ဖြစ်နေတယ်။ ခန္ဓာကိုယ်ကျန်းမာရေးကောင်းပါတယ်။ စကားပြောရတာလဲ အဆင်မပြေဘူး။ မျက်စိတစ်ဖက်ကလဲ လုံးဝမှိတ်လို့မရဖြစ်နေတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံးပေးစေချင်ပါတယ်။

၆။ ဆရာကျေးဇူးပြု၍ Bell palsy အကြောင်း မြန်မာလိုရှိရင် ဖတ်ချင်ပါတယ်။

၇။ ကျွန်တော့ ဇနီးက မျက်နှာတဖတ် စောင်းတယ်ဆရာ။ ပါးတဖတ် မျက်စိတဖတ်။ အသက် ၄၂ ပါဆရာ။ ကျန်ခဲ့တဲ့ ၁၂ လပိုင်း ၂ဝ၁၅ မှယာ တခါ ဒီလိုဖြစ်ပါတယ်ဆရာ။ ဆေးရုံက ဆေးပေးစားပါတယ်ဆရာ။ မျက်စိဆေးလဲ ပေးပါတယ်ဆရာ။ Bell palsy လို့ ဆရာဝန်ကပြောပါတယ် ၂ဝ၁၅ ဒီဇင်ဘာမှာတခါဖြစ်ပြီး ဆေးစားတော့ ၁၅ရက် လောက်ကြာတော့ ပျောက်သွားတယ်ဆရာ။ အခုပြန်ဖြစ်တာ ၅ လပိုင်း ၁၈ ရက်မှာ ပြန်ဖြစ်ပါတယ်ဆရာ။

မျက်နှာတခြမ်းလေဖြတ်တာက ရုတ်တရက်ဖြစ်မယ်။ မျက်နှာကြွက်သားတွေ တွဲလုပ်တဲ့အလုပ်ကိုထိခိုက်မယ်။ Lower motor neuron type အမျိုးအစားလေဖြတ်တယ်လို့ ခေါ်တယ်။ ဖြစ်တဲ့ဘက်မှာမျက်လုံးကိုပိတ်မရဘူး၊ မျက်တောင်ခတ်တာ၊ မျက်လုံးပိတ်-မှိတ်တာ၊ ပြုံးတာ၊ မျက်မှောင် ကုပ်တာ၊ တံတွေးမထိန်းနိုင်တာ၊ နှာသီးဖျားဖေါင်း-ပိန်လုပ်တာ၊ မျက်စပြစ်တာတွေ မလုပ်နိုင် ဖြစ်လာတယ်။ မျက်ရည် နည်းလာမယ်။ နားနောက်ကနာမယ်။ မျက်နှာ ကြွက်သားတွေ အားနည်းလာမယ်။ မျက်စိပိတ်ဘို့ ခက်လာမယ်။ သွား-ပါးထုံလာမယ်။ မျက်ရည်စီးကျမယ်။ မျက်စိဝေဝါးမယ်။ အောက်မျက်ခွံလံနေမယ်။ အပေါ်မျက်ခွံကျနေမယ်။ နှာခေါင်းနဲ့ ပါးစပ်ကြားအရစ် ပျောက်မယ်။ မျက်လုံးပေါ်နေလို့ မျက်ကြည်လွှာရောင်မယ်။ ဒါဆိုရင် ဆိုးတယ်။ လျှာ ရှေ့ပိုင်း ၃ ပုံ ၂ ပုံမှာအရသာပျက်လာသေးတယ်။ ၃ဝ% အသံလှိုင်း အပြောင်းအလဲမှာထူးခြားတာမယ်။ ခါတိုင်းကြားနေကြအသံကိုမခံချင် ဖြစ်လာတယ်။ ၅၇% အရသာပျက်မယ်။ ၆ဝ% နားထဲမှာကိုက်မယ်။

(ဒေါက်တာချားလ်ဘဲလ်) ကနေစသိခဲ့တဲ့ Bell's palsy (ဘဲလ်ပေါ်လ်စီ) ခေါ်တယ်။ လူတသန်းမှာ ၂ဝ-၂၃ ယောက် ဖြစ်တယ်။ အသက်ရလေဖြစ်နိုင်ခြေများလေ။ အမေရိကားမှာ တနှစ်ကိုလူ ၄ သောင်း ဖြစ်တယ်။

Facial paralysis မျက်နှာလေဖြတ်ခြင်း တမျိုးဖြစ်တယ်။ ဖြစ်တဲ့ဘက်က အာရုံကြောအမှတ် (၇) မှာရောဂါလာဖြစ်တာပါ။ ဦးနှောက် အကျိတ်၊ ဦးနှောက်သွေးကြောပိတ်တာ၊ (လိုင်းမ်) ရောဂါစတဲ့ ဆိုးတဲ့ရောဂါတွေရဲ့ အဆက်ကနေလဲ ဖြစ်တယ်။ ဗိုင်းရပ်စ်ကနေလဲ ဖြစ်နိုင်တယ်။ များသောအားဖြင့် ရေယုံပိုး။ ရေကျောက်၊ (အင်ဖက်ရှပ်စ်-မိုနိုနူကလီယိုးဆစ်) တွေကနေဖြစ်စေတယ်။ တခါတလေဘာလို့ဖြစ်လဲမသိနိုင်ဘူး။ တစိတ်တပိုင်းကနေ လုံးဝအာရုံကြော အလုပ်မလုပ်တာအထိ ဖြစ်တယ်။ နှစ်ဖက်လုံးဖြစ်တာ ၁% တောင်မရှိဘူး။

နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဆိုးကျိုးတခုကတော့ အရသာပျက်တာ၊ မျက်နှာကြွက်သားလှုပ်နေတာ၊ မျက်နှာနာနေတာနဲ့ မျက်ကြည်လွှာပိုးဝင်တာတွေ ဖြစ်တယ်။

ဆေးကုသခြင်းရည်ရွယ်ချက်က ရောင်နေတဲ့အာရုံကြောကို သက်သာစေဘို့ဖြစ်တယ်။ အလားအလာက ယေဘုယျ အလွန်ကောင်းတယ်။ အလိုလိုပျောက်နိုင်တာလည်းရှိတယ်။ အာရုံကြောကို ဘယ်လောက်ထိခိုက်သလည်း အပေါ်မှာ မူတည်တယ်။ ၂ ပါတ်နဲ့ပျောက်တယ်။ အလွန်ဆုံး ၃ လ ကနေ ၆ လအထိကြာတာလည်းရှိတယ်။ ကံဆိုးရင်တော့ ပိုကြာတယ်။ ဆေးပေးရတာရဲ့ ရည်ရွယ်ချက်ကပိုမဆိုးအောင်နဲ့ သက်သာစေဘို့ဖြစ်တယ်။

ဗိုင်းရပ်စ်ဆေးထဲက Acyclovir (Zovirax) နဲ့ Valacyclovir (Valtrex) တွေသုံးတယ်။ Acyclovir (Zovirax) ကို 400 mg တနေ့ (၅) ကြိမ်၊ ၁ဝ ရက်ပေးတယ်။ Varicella zoster virus (VZV) လို့ထင်ရင် 800 mg တနေ့ (၅) ကြိမ်ပေးတယ်။ Valacyclovir (Valtrex) 500 mg တနေ့ (၂) ကြိမ်၊ ၃ ရက်ပေးနိုင်တယ်။ VZV ကြောင့်ဖြစ်တာဆိုရင် 1000 mg တနေ့ (၃) ကြိမ်ပေးတယ်။

တပြိုင်တည်းမှာ Parecetamol, aspirin or ibuprofen အနာသက်သာဆေး တခုခုကနေ နာတာနဲ့ ရောင်တာကို သက်သာစေမယ်။ တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ် သောက်ပါ။

မျက်စိကိုကာကွယ်မှုလုပ်ရမယ်။ မျက်ရည်တုမျက်စဉ်းခပ်ပါ။ မျက်ခွံကိုပလာစတာနဲ့ ၁-၂ ရက် ပိတ်ထားသင့်တယ်။ အောက်မျက်ခွံလံနေတာကိုလဲပလာစတာနဲ့ ယာယီလုပ်ပေးနိုင်တယ်။ မျက်ခွံအစပ် အလယ်နေရာကနေဘေးဘက်နဲ့ အထက်ဆီကိုဆွဲပြီးမျက်ရိုးကွင်းမှာကပ်ထားပါ။

Prednisone ဆေးနဲ့ပတ်သက်တဲ့ သတိထားရမှာတွေမရှိသူကို ချက်ချင်း Prednisolone တခါသောက် ၂ ပြား၊ တနေ့ ၄ ကြိမ်၊ ၂ ရက်၊ နောက်မှာ တခါသောက် ၂ ပြား၊ တနေ့ ၃ ကြိမ်၊ ၂ ရက်၊ နောက်မှာ တခါသောက် ၁ ပြား၊ တနေ့ ၄ ကြိမ်၊ ၂ ရက်၊ နောက်မှာ တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၂ ရက်၊ နောက်မှာ တခါသောက် ၁ ပြား၊ တနေ့ ၁ ကြိမ်၊ ၂ ရက်၊ နောက်မှာ တခါသောက် ၁ ပြား၊ တနေ့ ၁ ကြိမ်၊ ၂ ရက်၊ သောက်စေပါ။

ဆေးရဲ့ ဘေးထွက်ဆိုးကျိုးးတွေကိုလဲ သတိထားရမယ်။ ကိုယ်ရောင်၊ (ပိုတက်ဆီယမ်) နည်း၊ ကြွက်သားးအားနည်း၊ လေနာဖြစ်၊ ခေါင်းကိုက်၊ ရာသီမမှန်၊ မျက်စိအတွင်းတိမ်၊ မျက်စိရေတိမ် နဲ့ ဆီးချိုတွေကို သတိထားရတယ်။ စတီရွိုက်ဆေးနဲ့ စောစောပေးရင် သက်သာတာအမှန်ဘဲ။ ဖြစ်ကာစ ၃ ရက်အတွင်းမှာပေးနိုင်ရင်ကောင်းတယ်။ တီဘီ၊ ကိုယ်ဝန်၊ လေနာ၊ ပိုးဝင်နေတာ၊ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်မကောင်း၊ အသဲမကောင်းသူတွေနဲ့ HIV/AIDS, Sarcoidosis ရောဂါရှိသူတွေကို သတိထားပေးရတယ်။

Physiotherapy (ဗီဇီယိုသာရာပီ) အကြောကုသနည်းကို တချို့သာလုပ်သင့်တယ်။ တချို့က ခွဲစိတ်ပြုပြင်ပေးဘို့လိုမယ်။ နည်းတွေအမျိုးမျိုးရှိတယ်။ အကောင်း-အဆိုးချင့်ချိန်ရတယ်။ ခွဲစိတ်နည်းတွေမှာ Facial nerve decompression, Subocularis oculi fat lift, Implantable devices placed into the eyelid, Tarsorrhaphy, Transposition of the temporalis muscle, Facial nerve grafting နဲ့ Direct brow lift နည်းတွေ ရှိတယ်။ ခွဲစိတ်နည်းတွေကို ဆေးနဲ့လဲမရ လုံးဝလဲဖြစ်နေတာအတွက်သာ စဉ်းစားသင့်တယ်။

Botulinum toxin ထိုးဆေးကိုလဲသုံးတယ်။ အရေပြားထဲဖြစ်ဖြစ် မျက်စိအဖုံးအောက်မှာဖြစ်ဖြစ်ထိုးတယ်။ Tarsus အနားသတ်အထက်ကနေLevator muscle ဆီဦးတည်ထိုးရတယ်။ မျက်ကြည်လွှာကိုကာကွယ်ပေးတယ်။

၁၉၈၂ ခုနှစ်မှာဒီရောဂါလူနာပေါင်း ၁ဝ၁၁ ယောက်ကိုလေ့လာမှုတော့ ဆေးမကုဘဲနဲ့ ၈၅% ဟာ ၃ ပါတ်အတွင်း ပြန်ကောင်းလာတယ်။ အဲဒီအချိန်ကဆေးနည်းဆိုတာမပေါ်သေးဘူး။ ကျန် ၁၅% ဟာ ၃-၆ လအထိအချိန်ယူတယ်။ တနှစ်ကြာတော့ ၇၂% အကောင်းပကတိ ဖြစ်နေတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ