Chikungunya ဆင်ဖြူတော် တုပ်ကွေး

နာမယ် အခေါ်က တကျောင်း-တဂါထာ၊ စာလုံးပေါင်းရတာကလဲ တရွာ-တပုဒ်ဆန်း၊ အသံကလည်း မှန်းထွက်ရတဲ့ တုပ်ကွေး ရောဂါ။ (မြန်မာတိုင်းမ်) ကတော့ “ဂျပန်တုပ်ကွေး” သုံးတယ်။ အိန္ဒိယက Times of India ၁၉-၁ဝ-၂ဝ၁ဝ သတင်းစာရဲ့ ကျန်းမာရေး သတိပေးချက်မှာ မျောက်ပုံနဲ့ ဖေါ်ပြပြန်သေးတယ်။ ရေဒီယိုတွေကရော၊ မြန်မာလိုရေးကြတဲ့ ဆိုဒ်တွေကပါ အများဆုံး သုံးနေကြတာကတော့ “ဆင်တုပ်ကွေး” တဲ့။ အများညီရင် “ဤ” ကို “ကျွဲ” လို့ ဖတ်ကြတယ် မဟုတ်လား။ ဒီစာဖတ်ပြီး “ကျွဲတုပ်ကွေး” လို့တော့ မလုပ်လိုက်ကြနဲ့။

အင်္ဂလိပ်လို Chickungunya လို့ အမှတ်မထင် မှားပေါင်းထားတာ ဖတ်ရသေးတယ်။ အပြစ်တင်ဘို့ မရှိပါ။ အင်္ဂလိပ် စကားလုံးလည်း မဟုတ်ဘူး။ အသံထွက်လဲ သူတို့လို မှန်အောင်ထွက်ဘို့ မလွယ်ဘူး။ အင်္ဂလိပ်တွေကလဲ ဗမာတွေလို ပါဘဲ၊ ကိုယ်နဲ့ အဆင်ပြေတာ လုပ်တာပါဘဲ Chicken guinea လို့မှားကြသလို အခု CHIKV လို့ အလွယ်ခေါ် ခေါ်နေကြတယ်။

(မြန်မာတိုင်းမ်) သတင်းခေါင်းစဉ်မှာ “ချီကန်ကင်ညာ” လို့ ဖတ်ရပြန်တော့ စကားလုံးရဲ့ (အောရီဂျင်နယ်လ်) နဲ့ဆို အထင် မှားဦးမယ်။ Chikungunya ဆိုတာ (တန်ဇန်နီးယား) အရှေ့တောင်ပိုင်း နဲ့ (မိုဇမ်ဘစ်) မြောက်ပိုင်းနေ လူတွေသုံးတဲ့ Makonde စကားဖြစ်ပါသတဲ့။ Kenya ရဲ့တောင်ဘက်ကျပါတယ်။ ၁၉၅၂ တုံးက အဲဒီ တောင်ကုန်းလွင်ပြင်မှာ ကူးစက်-ရောဂါ စခဲ့ရာကနေ နာမည်ရခဲ့တယ်။

ဘယ်လိုခေါ်ခေါ်၊ ဘယ်လိုထွက်ထွက်၊ ဘယ်လိုပေါင်းပေါင်း ရောဂါအကြောင်းကတော့ လွဲမရပါ။ ဗိုင်းရပ်စ် ကနေဖြစ်တယ်။ ခြင်ကနေကူးတယ်။ တိကျချင်ရင် Alphavirus နဲ့ Aedes mosquitoes ခြင်တွေဖြစ်တယ်။ သွေးလွန်-တုပ်ကွေးနဲ့ ဆင်တယ်။ “ဒါ့ကြောင့် ဆင်-တုပ်ကွေး လုပ်ကြသလားမသိ။” ခေတ်မီအောင် “ဆင်ဖြူတော် တုပ်ကွေး” ခေါ်လိုက်မယ်။

ပိုးရှိတဲ့ခြင် အကိုက်ခံရပြီးနောက် ၂-၅ ရက်အတွင်း ဖျားမယ်။ အဖျား ဒီဂရီ ၁ဝ၂ အထိ တက်နိုင်တယ်။ (ဆဲလ်စီယပ်စ်) နဲ့ ဆိုရင် ၄ဝ ဒီဂရီပေါ့။ ကိုယ်လက် ကိုက်ခဲတယ်။ အဆစ်တွေနာတာ ထူးခြားတယ်။ သွေးလွန်-တုပ်ကွေးနဲ့ ဆင်တာက Petechial, Maculopapular rash သွေးခြည်ဥ နဲ့ အနီပြင် ထွက်တတ်လို့။ တချို့ ခေါင်းကိုက်နိုင်တယ်၊ မျက်စိနာနိုင်တယ်၊ အားယုတ်နိုင်တယ်၊ ပျို့-အန်ချင်မယ်၊ အိပ်မရတာ ဖြစ်နိုင်တယ်။ ၂ ရက်ဆိုရင် အဖျားကျပြီ။ ၅-၇ ရက်ဆို ပျောက်ပါပြီ။ အဖျားပျောက်တဲ့ နောက်မှာပါ အဆစ်က ဆက်နာနေ သေးတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူး။ ကိုယ်ဝန်မှာဖြစ်လဲ ပြဿနာ ထူးမဖြစ်ပါ။

ကျန်းမာရေးဌာနအတွက် Serological tests သွေးစစ်ပြီး ဗိုင်းရပ်စ် ဟုတ်မဟုတ် လုပ်ရသေးတယ်။ မကူးအောင်က ခြင်မကိုက်အောင်သာ ဂရုစိုက်ရတာပါ။ ဆေးကုရတာ လက္ခဏာ သက်သာဆေးသာ ရှိတယ်။ ကာကွယ်ဆေး မရှိသေးပါ။ ငယ်သူတွေက နာလံထတာ မြန်ပါတယ်။

Chikungunya ဗိုင်းရပ်စ်ကို Biological weapon ဇီဝပိုးမွှား လက်နက်အနေနဲ့ စမ်းသပ်မှုတွေ လုပ်ဖူးတယ်။ အရင်ကပါ။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025?ref=br_tf


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ