Perforated eardrum နားစည်ပေါက်ခြင်း

လေးစားရပါသောဆရာ။ ကျမနာမည်က့ ။့ မှာနေပါတယ်။ အသက်က (၄၃)နှစ်ပါ။ ကျမရဲ့ ဘယ်ဘက်နားက ပြည်ယိုနေတာ ၃ နှစ်လောက်ရှိပါပြီ။ ဖြစ်စကတော့နား၊ နှာခေါင်းဆရာဝန်နဲ့ ၁ နှစ်နီးပါးပြပြီး ဆေးလဲသောက်ပါတယ်ဆရာ။ နားဖားစည်ပေါက်နေလို့ အမြဲဘဲယိုနေမှာဘဲတဲ့။ မသက်သာလို့၊ ဆေးသောက်ပြီးရင် ခေါင်းအမြဲမူး နေတတ်လို့ ဆက်မသောက်ဖြစ်တော့ပါဘူး။ နားပြည်ယိုနေတာ မပျောက်ပါဘူး။ အများကြီးလဲမယိုပါဘူး။ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးနဲ့ သောက်သင့်သောဆေးနှင့် ကာကွယ်တဲ့နည်းလမ်းရှိရင် အကြံပြုပါအုံးဆရာ။

2. Apr 15, 2011 at 11:45 AM
ကျွန်တော်က ယခု (့) တွင် အလုပ် လုပ်နေပါတယ်။ (၁၃-၃-၂ဝ၁၁) ကစပြီး နားကိုက်နေပါသည်။ ပထမခံစားရတဲ့ နေ့က နားထဲက ယားလို့ နားကြပ်တံနှင့် ကြပ်ကြည့်ရာ နားထဲတွင် သွေးများ ရှိနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် General Hospital သို့ သွားပြရာ နားအကြား အာရုံစစ်ဆေးခြင်း၊ နားစည်အတွင်းသို့ ကင်မရာနှင့် ကြည့်စစ်ဆေးပေးရာ နားစည် နှစ်ဖက်လုံး ပေါက်နေကြောင်း ပြပါသည်။ ယခု CILOXAN 5 ml Alcon ဆေးရည် ၄ ဗူး ပေးလိုက်ပါသည်။ တနေ့ ၃ ကြိမ်၊ တခါထည့် ၃ စက်၊ ၂ ပတ် ထည့်ရမည်လို့ ပြောပါသည်။ နောက် ၃ လ ကြာပြီး ပြန်လာပြရမည်လို့ မှာလိုက်ပါသည်။ ထို့ကြောင့် နားစည်ပေါက်လျှင် ကုလို့ရပါသလား၊ ဘယ်အရွယ်တွင် အကြားအာရုံကို ထိခိုက်လာနိုင်မလဲ။ ယခုတော့ ကြားနေရပါသည်။ အသက်ကြီးလာရင် အခက်တွေ့နိုင်ပါသလား။ လိုအပ်ရင် ကြည့်ရှူစစ်နေဆေးနိုင်ရန် ဆေးရုံမှ ရိုက်ပေးလိုက်သော နားစည် အတွင်းပိုင်း ဓါတ်ပုံပါ ပူးတွဲပို့လိုက်ပါသည်။ ကုလို့ ရပါ့မလား။ Age 33, Male

နားကို ခန္ဓာဗေဒအရ အပိုင်း ၃ ပိုင်းခွဲထားတယ်။ Eardrum (Tympanic membrane) နားစည် နောက်မှာ လေနဲ့ ပြည့်နေတဲ့ Middle ear နားအလည်ပိုင်း ရှိတယ်။ နှာခေါင်းနဲ့ နားအလည်ပိုင်းက Eustachian tube ဆိုတဲ့ လမ်းကြောင်း (ပြွန်) နဲ့ ဆက်နေတယ်။ နားထဲကလေဟာ အဲဒီလမ်း ကနေ ပြန်ထွက်တယ်။

နားစည်က အလုပ် ၂ မျိုး လုပ်ပေးနေတယ်။
1. Hearing အသံလှိုင်းက လာရိုက်ခတ်ရင် အာရုံကြောကတဆင့် အသံကြားရတယ်။
2. Protection အလည်နားပိုင်းကို အပြင်လောကကနေ အကာကွယ် ပေးထားတယ်။

နားစည် ဘာလို့ ပေါက်ရသလဲ -
• Middle ear infection (Otitis media) နားအလည်ပိုင်းပိုးဝင်တာကနေ ထွက်တဲ့အရည်ရဲ့ဖိအားကြောင့် နားစည်ပေါက်ရတယ်။
• Barotrauma နားစည်ရဲ့ အတွင်းပိုင်းနဲ့ အပြင်ဘက်မှာ Air pressure လေဖိအား သိပ်ခြားနာတဲ့အခါမှာ ဖြစ်တယ်။ Airplane ear လို့ ခေါ်ကြတယ်။ Scuba diving လုပ်ရင်လဲ ဖြစ်တတ်တယ်။
• Acoustic trauma သေနတ်သံလို၊ Explosion ပေါက်ကွဲသံ၊ Loud noise ကျယ်လွန်းတဲ့အသံကြောင့် ဖြစ်တယ်။
• Foreign objects နားထဲကို အပြင်ပစ္စည်း တခုခုဝင်ရာကနေ ဖြစ်တယ်။
• Severe head trauma ခေါင်းကို အပြင်းအထံခိုက်မိရာကနေ ဖြစ်တယ်။
• သိပ်အေးလွန်းတဲ့ ဥတုကြောင့်လဲ အအေးမိရာကနေ ဖြစ်စေနိုင်သေးတယ်။

နားစည် ပေါက်နေရင် -
• Consistent ear pain that stops suddenly နားက နာနေမယ်။ နောက် ရုတ်တရက် နာတာပျောက်သွားတယ်။
• Clear, pus-filled or bloody drainage from your ear နားကနေ အရည်-ပြည်-သွေးထွက်မယ်။
• Hearing loss နားအကြား ထိခိုက်မယ်။
• Ringing (Tinnitus) နားထဲ ဆူညံသံတွေ ကြားနေရမယ်။
• Spinning sensation (Vertigo) ခေါင်း ပတ်ခြာလည်မူးမယ်။
• Nausea or vomiting မူးရာကနေ ပျို့-အန်ချင်မယ်။

Complications ဆက်တွဲခံစားရမှာတွေကတော့ -
1. Hearing loss နားမကြားတာ၊
2. Middle ear infection (Otitis media) နားအလည်ပိုင်း ရောင်ရမ်းတာ၊
3. Middle ear cyst (Cholesteatoma) နားအလည်ပိုင်းအိတ် ဖြစ်လာတာ၊

တချို့မှာ ခွဲစရာမလိုဘဲ အပေါက်က ပိတ်ပြီး ပျောက်သွားမယ်။ ပျောက်ဘို့ ရက်သတ္တပါတ် နဲနဲကနေ လနဲနဲအထိ ကြာနိုင်တယ်။ Ear drops နားထည့်ဆေးတိုင်း နားစည်ပေါက်သူနဲ့ မတည့်ပါ။ နားအထူးကု-ဆရာဝန် ညွှန်တာ သုံးပါ။ CILOXAN Eye Drop မှာ Ciprofloxacin hydrochloride ပါတယ်။ ပိုးတွေကို နိုင်တဲ့ဆေးဖြစ်တယ်။ နာတာရှည် ပိုးဝင်နေရင် ရေချိုး-ရေကူးတိုင်း နားကို Ear plug ဆို့စရာ တပ်ရတတ်မယ်။

၆-၈ ပါတ်နဲ့ မပျောက်ရင် ခွဲစိတ်ဘို့ လိုနိုင်တယ်။ Paper patch တခုခုနဲ့ ဖါထေးတာရယ် Tympanoplasty ခွဲစိတ် ပြုပြင်နည်းရယ် ရှိတယ်။ ကံမကောင်း ရင်တော့ နှစ်တွေ ကြာနိုင်တယ်။ တချို့ကြ ပြန်မရတတ်ဘူး။ Tympanoplasty ခွဲစိတ်ကုသတာက ၈၅-၉ဝ% အောင်မြင်တယ်။ တချို့မှာ နောက်တခါ ထပ်ခွဲရတတ်တယ်။

• Ear infections (1) နားပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/04/ear-infection.html
• Ear Infections (2) နားပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.in/2012/06/ear-infections.html

Dr. တင့်ဆွေ
၁၅-၄-၂ဝ၁၁
၁၂-၅-၂ဝ၁၄

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ