အိမ်ထောင်ပြုခြင်းက နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်

အိမ်ထောင်ပြုခြင်းက နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင် လူနှစ်ဦး ပေါင်းစပ်ခြင်း ကို နှလုံးသား ချင်း ထိတွေ့မှုအဖြစ် ညွှန်းဆိုဖွဲ့သီကြသည့် အခြေအနေသည် အမေရိကန် နိုင်ငံမှ ပညာရှင်များ၏ တွေ့ရှိ ချက်ကြောင့် ပိုမို၍ လက်တွေ့ကျလာပြီ ဖြစ်သည်။

ထိမ်းမြားလက်ထပ်ခြင်းသည် နှလုံးကျန်းမာရေးကို စောင့်ရှောက်မှုပေးသည့် သဘာဝ ကုထုံးတစ်ရပ်ဟု ပညာရှင်များက ထောက်ခံပြောဆိုလိုက်သည်။ လူနှစ်ဦး ပေါင်းစပ်ခြင်းကို နှလုံးသားချင်း ထိတွေ့မှုအဖြစ် ညွှန်းဆိုဖွဲ့သီကြသည့် အခြေအနေသည် အမေရိကန် နိုင်ငံမှ ပညာရှင်များ၏ တွေ့ရှိချက်ကြောင့် ပိုမို၍ လက်တွေ့ကျလာပြီ ဖြစ်သည်။ လူပေါင်း (၃.၅)သန်းကို လေ့လာခဲ့သည့် စစ်တမ်းများအရ လက်ထပ်ပေါင်းသင်းပြီး ဇနီးမောင်နှံနှစ်ဦး ဘဝကို အတူဖြတ်သန်းခြင်းသည် နှလုံးတွင် ရောဂါတစ်ခုခု ဖြစ်ပေါ်နိုင်သည့် အခြေအနေကို သိသိသာသာ ယုတ်လျော့ ကျဆင်းသွားစေကြောင်း သိရှိရသည်။ နယူးယော့ခ် တက္ကသိုလ်ရှိ လန်ဂိုနီ ဆေးပညာစင်တာက တစ်ကိုယ်တည်း နေထိုင်သူများထက် ဇနီးမောင်နှံများက နှလုံးရောဂါ ဖြစ်နိုင်ခြေ သာမန်ထက် လျော့နည်းနေတတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

ယခင်က လူနေမှုဘဝနှင့် နှလုံးကျန်းမာရေးတို့ကို ဆက်စပ်လေ့လာမှုများ ရှိခဲ့သည့်တိုင် ရလဒ်များက မပီမပြင် ရောနှောရှုပ်ထွေးနေခဲ့သည်။ နယူးယော့ခ် တက္ကသိုလ်မှ နှလုံးသုတေသန ပညာရှင် တစ်ဦးဖြစ်သည့် ဒေါက်တာကားလို့စ် အယ်လ်ဗီရာက လူတစ်ဦး၏ အချစ်ရေးဘဝနှင့် နှလုံး၏ ကျန်းမာရေးတို့ကြား ဆက်နွယ်မှု တစ်စုံတစ်ရာ ရှိနေကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ “အရင်တုန်းက လုပ်ဆောင်ခဲ့တဲ့ သုတေသန ရလဒ်တွေက လက်ထပ်ထားသူတွေနဲ့ တစ်ကိုယ်တည်း နေထိုင်သူတွေကြား အဓိက နှိုင်းယှဉ်ခဲ့တယ် ဆိုရင်တောင် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုတည်းကိုပဲ အကျိုးသက်ရောက်မှု ဘယ်လိုဘယ်ပုံ ရှိတယ် ဆိုတာကို စူးစိုက် လေ့လာခဲ့ကြတာပါ”ဟု ဒေါက်တာ အယ်လ်ဗီရာက ဆိုသည်။

၎င်းက “ကျွန်တော်တို့ကတော့ သတင်းအချက်အလက်တွေ အများကြီးကို ဖြန့်ကျက်စုဆောင်းပါတယ်။ နည်းလမ်းအသွယ်သွယ်ကနေ လေ့လာပါတယ်။ အိမ်ထောင်ပြုခြင်း၊ မပြုခြင်းဟာ နှလုံးနဲ့ ဆက်နွယ်တဲ့ တစ်မျိုးထက်မကတဲ့ ရောဂါတွေ တော်တော်များများကို ဘယ်လိုဘယ်ပုံ သက်ရောက်စေသလဲ ဆိုတာကို အဖြေရှာခဲ့ပါတယ်”ဟု ရှင်းပြခဲ့သည်။ သုတေသီများသည် အသက်(၂၁)နှစ်မှ (၉၉)နှစ်ကြား ကန့်သတ်ထားသည့် အသက်အရွယ်အတွင်း အိမ်ထောင်ရေးနှင့် နှလုံးကျန်းမာရေး ဆက်နွယ်မှုကို လေ့လာခဲ့ကြသည်။ အထူးသဖြင့် နှလုံးအပြင် နှလုံးသွေးကြောများနှင့် ဆက်နွယ်သော ရောဂါများအတွက်ပါ ဂရုတစိုက် အဖြေရှာ စောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။

ခြုံငုံသုံးသပ်ချက်အရ အိမ်ထောင်ပြုထားသူ အများစုသည် ယေဘုယျအားဖြင့် တစ်ကိုယ်ရည် သမားများထက် နှလုံးရောဂါ ပြင်းပြင်းထန်ထန် ရရှိခံစားရနိုင်ခြေ (၅)ရာခိုင်နှုန်းအောက်ထိ လျော့နည်းနေကြောင်း သိရသည်။ အကြောင်းရင်းကို တိတိကျကျ အဖြေမထုတ်နိုင်သော်လည်း ဒေါက်တာအယ်လ်ဗီရာနှင့် လုပ်ဖော်ကိုင်ဖက်များက အိမ်ထောင်သည်များတွင် ပိုမိုကောင်းမွန်သည့် ကျန်းမာရေး အကြံပြုချက်များ ရှိနေ၍ ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။ “လူတွေက ကြင်ဖော်ကြင်ဖက် တစ်ယောက်ရှိလာပြီဆိုရင် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ ကုသမှုတွေ၊ စောင့်ရှောက်မှုတွေနဲ့ ပိုနီးစပ်လာတတ်တယ်။ တစ်ယောက်ရဲ့ ကျန်းမာရေးအတွက် စောင့်ကြည့်ပေးဖို့ တစ်ယောက်က အလိုလို တာဝန်ယူနေတတ်တာမျိုးပေါ့။ ဒီအချက်ဟာ ပိုပြီး ကောင်းမွန်တဲ့ ကျန်းမာရေးဘဝကို ဦးတည်စေတယ်လေ”ဟု ဒေါက်တာ အယ်လ်ဗီရာက ဆိုသည်။

၎င်းက “တွေ့ရှိချက်တွေမှာတော့ အိမ်ထောင်သည်တွေဟာ သွေးကြောတွေထဲက ရောင်ရမ်းမှုတွေ ဖြစ်ပေါ်နိုင်ခြေ နည်းပါးနေတတ်တာ တွေ့ရတယ်။ အကျိုးဆက်ကတော့ သွေးကြောတွေ ပိတ်ဆို့နိုင်တဲ့ အနေအထားမျိုး ဖြစ်ပေါ်နိုင်ခြေ ပိုလျော့သွားတာပဲပေါ့”ဟုလည်း ပြောကြားခဲ့သည်။ သုတေသနပြု လေ့လာမှုများအရ အိမ်ထောင်ပြုခြင်းကြောင့် နှလုံးရောဂါများ ဖြစ်နိုင်ခြေ လျော့ကျသွားသည့် ယေဘုယျ ကောင်းကျိုးသည် ငယ်ရွယ်သော စုံတွဲများတွင် ပိုမိုထင်ရှားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ