မိုင်းဖြတ်မြို့နယ် မိုင်းတင်းကျေးရွာရှိ ထူးခြားအံ့ဖွယ် နတ်ငါးကန် ဆီသို့ ...

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် မိုင်းဖြတ် - မိုင်းယောင်းလမ်းရှိ ပြည်ငြိမ်းအေးကျေးရွာမှတဆင့်
မြောက်ဘက် (၅)မိုင်ခန့်သွားရောက်ပါက ထူးခြားတင့်တယ် နက်နဲဆန်းကြယ် ဓမ္မဂမ္ဘီရသာသနာ့လိုဏ်ဂူ
တော်ကြီး သို့ လည်းကောင်း၊ အနောက်ဘက်သို့ (၁၅)မိုင်ခန့် မြေသားလမ်း အတက်အဆင်းများ၊ ချောင်းများ ဖြတ်ကျော်ခြင်းဖြင့် သွားရောက်ပါက မြူခိုးမြူငွေ့များနှင့် ပြည့်လွှမ်းနေသော တောင်ပတ်လည် ၀န်းရံထားသည့် မိုင်းတင်းကျေးရွာအုပ်စု၊ မိုင်းတင်းကျေးရွာလေးကို တွေ့ရှိရမည် ဖြစ်ပါသည်။


မိုင်းတင်းကျေးရွာလေးသည် မိုင်းတင်း(အထက်) ၊ မိုင်းတင်း(အောက်)ဟု ရွာနှစ်ရွာရှိပြီး၊ အိမ်ခြေ(၂၀)ကျော်
ခန့်တွင် လူဦးရေ (၁၀၀)ကျော် နေထိုင်သော ရှမ်းရွာလေးပင်ဖြစ်သည်။ ရွာ၏ အနီးတွင် လွယ်ပါဆန်း တောင်ရှိပြီး၊ တောင်ခြေတွင် သဘာဝအလျောက် ဖြစ်ထွန်းတည်ရှိနေသော၊ ဒေသနေ တိုင်းရင်းသားများ ယုံကြည်လျက်ရှိသည့်ထူးခြားအံ့ဖွယ် နတ်ငါးကန် ကို တွေ့ရမည်ဖြစ်ပါသည်။
( ဒေသသမုတ် နတ်ငါးများ )

ယင်းနတ်ငါးကန်၏ လက်ရှိ အကျယ်အ၀န်းမှာ (၃၀x၄၀)ပေအကျယ်ရှိ ရေကန်ငယ်(သို့မဟုတ်)ရေအိုင် တစ်ခုဖြစ်ပေသည်။ ရေကန် ၏ အထက်အရပ်တွင် ရေစီးဝင်ရောက်မှုမရှိဘဲ၊ ရေကန်၏ အောက်မှသာ ရေစိမ့်ထွက်ပြီး ရေကန်အဖြစ် တည်ရှိနေခြင်းသာဖြစ်သည်။ ရေကန် ၏အောက်ဘက်သို့ ရေများဆက်လက် စီးဆင်းပြီး ချောင်းငယ်အဖြစ် ဆက်လက်စီးဆင်း ဖြစ်ပေါ်လျက်ရှိပေသည်။ အဆိုပါ နတ်ငါးကန် အတွင်းဝယ် ဒေသခံတိုင်းရင်းသားများ ယုံကြည်လျက်ရှိသည့် ထူးခြားအံ့ဖွယ်ကောင်းလှသော နှစ်အတိုင်းအတာ မသိရသည့် နတ်ငါးများ တည်ရှိနေလျက်ရှိသည်။
အချို့ငါးများ၏ ကိုယ်လုံး အရွယ်မှာ(၆)လက်မ မှ (၈)လက်မခန့် အရွယ်အစားရှိသည်။ နတ်ငါးများသည် မိုးရာသီအတွင်း ရေကြီးရေလျှံပြီး၊ အနီးရှိလယ်ကွက်မျာနှင့် ရေပြင်မှာ တစ်ဆက်တစ်စပ်တည်း ရေလွှမ်းမိုးမှု ဖြစ်ခဲ့သော်လည်း၊ ရေကျချိန်၌ နတ်ငါးကန်အတွင်းသာ နေထိုင်လျက်ရှိပေသည်။ အခြားနေရာများသို့ ရောက်ရှိသွားခြင်းမရှိပေ။
( နတ်ငါးကန် ရှိရာ ရေကန်အနီး )
နတ်ငါးများကိုလည်း ဖမ်းယူစားသောက်၍ မရဟု ဒေသနေ တိုင်းရင်းသားများယုံကြည်လျက်ရှိသည်ကို
သိရသည်။ ယခင် ရှေးကာလ က ဖမ်းယူစားသောက်ခဲ့သူ (၃၀)ဦးခန့် သေဆုံးခဲ့ဖူးကြောင်း ၊ ဖမ်းယူစားသောက်သူများမှာ လူမသေသော်လည်း ၎င်းတို့နေထိုင်ရာ အိမ်မွေးတိရိစ္ဆာန်များ သေကျေပျက်စီးကြောင်း ယုံကြည်လျက်ရှိသည်။
( ဒေသသမုတ် နတ်ငါးများ )
နတ်ငါးကန်သည် အနီးအနားရှိ ရေအိုင်၊ ချောင်းကန်များ ရေခန်းခြောက်သွားသော်လည်း ရေခမ်း
ခြောက်ခြင်းမရှိပေ။ ကျေးရွာနေ တိုင်းရင်းသားများ ရေရှားပါးချိန်၌ သောက်ရေအဖြစ် ခပ်ယူ သုံးစွဲလျက်ရှိပြီး၊ ရေမှာ ကြည်ပြာရောင်ကဲ့သို့ စိမ်းလန်းကြည်လင်လျက်ရှိသည်။ နတ်ငါးများ ရှိသော်လည်း ညှီစော်နံခြင်း၊ ရေပြင်နောက်ကျိနေခြင်းမရှိပေ။ ထို့အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် အတွင်းမှ ဗဟုသုတဖြစ်ဖွယ် ထူးခြားမှုတစ်ရပ်အဖြစ် တစ်ခါတစ်ခေါက် လာရောက် လေ့လာနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ဆောင်းပါးရှင်။       ။ ဝေယံလင်း 
Tachileik Online News
 
 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ