အော်စကာဆုပေးပွဲတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေသည်ဟု ဂျူလီဒယ်လ်ပီပြော

ဟောလိဝုဒ်၊ မတ် ၂

ပြင်သစ်-အမေရိကန် အမျိုးသမီး သရုပ်ဆောင် ဂျူလီဒယ်လ်ပီက အော်စကာဆု ရွေးချယ်ရေး ကော်မတီအတွင်းမှာ လာဘ်ပေး၊ လာဘ်ယူမှုတွေ ရှိနေတယ်လို့ စွပ်စွဲ ပြောကြားလိုက်ကြောင်း contactmusic.com မှာ ဖော်ပြထားပါတယ်။

ဇာတ်ညွှန်းရေး ဆရာမ တစ်ယောက်လည်းဖြစ်တဲ့ ဂျူလီဒယ်လ်ပီဟာ လက်ရှိအချိန်ထိ ဟောလိဝုဒ် ရုပ်ရှင်လောကမှာ အမျိုးသမီးတွေကို ခွဲခြား ဆက်ဆံမှုတွေ ရှိနေသေးတာကို မချင့်မရဲ ဖြစ်မိကြောင်းနဲ့၊ အော်စကာ ဆုရွေးချယ်ရေး ကော်မတီမှာ ပါဝင်တဲ့ အဘိုးကြီးတွေဟာ တံစိုးလက်ဆောင်တွေ လက်ခံရယူပြီး ဘက်လိုက်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဆုရွေးချယ်ရေး အဖွဲ့ဝင်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ငွေလိုနေတဲ့ အသက် ၇၀ ကျော် အဘိုးကြီးတွေပါ။ အဲဒီတော့ သူတို့ကို လက်ဆောင်နှစ်ခု၊ သုံးခုလောက် ပေးလိုက်ပြီး အိတ်ထဲ ထည့်လိုက်လို့ ရပါတယ်။ အဲဒါကြောင့် အော်စကာဆုကို ကျွန်မ စိတ်လည်း မဝင်စားသလို ဆုရွေးချယ်တဲ့ နေရာမှာ အမျိုးသမီးပါ မပါကိုလည်း ကျွန်မ ဂရုမစိုက်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသား သရုပ်ဆောင်တွေနဲ့ အမျိုးသမီး သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ကြေးတွေ ကွာဟနေတာနဲ့ အော်စကာ ဆုချီးမြှင့်ခံရတဲ့ အမျိုးသမီး အရေအတွက် နည်းပါးနေတာ အပါအဝင် ဟောလိဝုဒ် ရုပ်ရှင်လောကမှာ အမျိုးသမီးတွေကို ခွဲခြား ဆက်ဆံနေတာနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ငြင်းခုံမှုတွေ ပေါ်ပေါက်လျက် ရှိတဲ့အချိန်မှာ ဂျူလီဒယ်လ်ပီက အခုလို အော်စကာဆု ရွေးချယ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဂျူလီဒယ်လ်ပီ ဇာတ်ညွှန်း ရေးသားထားပြီး သရုပ်ဆောင် အနေနဲ့လည်း ပါဝင်ထားတဲ့ Before Midnight ဇာတ်ကားဟာ ယခုနှစ် အော်စကာဆုပေးပွဲရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်လျက် ရှိပါတယ်။

The Voice Weekly


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ