အက်ဆစ်ဖြင့် အပက်ခံရသူ အိန္ဒိယ အမျိုးသမီး နိုင်ငံတကာ အမျိုးသမီး သူရဲကောင်းဆု ရရှိ

အိန္ဒိယ နိုင်ငံတွင် အက်ဆစ်ဖြင့် တိုက်ခိုက် ခံရမှုကို အဆုံး သတ်စေရန် လှုပ်ရှားမှုတွင် ရှေ့ဆောင်လမ်းပြ အဖြစ် လုပ်ဆောင်ခဲ့ပြီး ကိုယ်တိုင် အက်ဆစ်ဖြင့် အပက် ခံခဲ့ရသည့် အိန္ဒိယ အမျိုးသမီး တစ်ဦးဖြစ်သူ လက်ရှမီးသည် မတ် ၅ ရက်က အမေရိကန် နိုင်ငံ၌ နိုင်ငံတကာ အမျိုးသမီး သူရဲကောင်း ဆုကို ပေးအပ်ချီးမြှင့် ခံခဲ့ရကြောင်း သိရသည်။

လက်ရှမီးနှင့် အတူ နိုင်ငံတကာ အမျိုးသမီး သူရဲကောင်းဆု ရရှိသည့် အခြား အမျိုးသမီး ၁ဝ ဦးအား အမေရိကန် သမ္မတ အိုဘားမား၏ ဇနီး မီချဲလ်အိုဘားမား ကိုယ်တိုင် ဂုဏ်ပြုဆု ပေးအပ် ချီးမြှင့်ခဲ့သည်။

အများကောင်းကျိုး အတွက် ထမ်းရွက်ခဲ့သည့် အမျိုးသမီး များအား ဂုဏ်ပြု ချီးမြှင့်ရန် မိမိတို့တွင် တာဝန်ရှိကြောင်း သမ္မတ အိုဘားမားက နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ကြီးမှူး ကျင်းပသော အခမ်းအနားတွင် ပြောကြားခဲ့သည်။

လက်ရှမီးသည် အစ်ကို ဖြစ်သူ၏ သူငယ်ချင်း တစ်ဦးက ချစ်ရေး ဆိုမှုကို ငြင်းပယ် ခဲ့သဖြင့် ၂ဝဝ၅ ခုနှစ်တွင် နယူးဒေလီ မြို့ရှိ လူစည်ကားသော ဈေးတစ်ခု အနီးရှိ ဘတ်စကား မှတ်တိုင်တွင် အက်ဆစ်ဖြင့် အပက် ခံခဲ့ရသည်။ လက်ရှမီးက ဂုဏ်ပြုဆု ချီးမြှင့်သော အခမ်းအနားတွင် သူမကို အက်ဆစ်ဖြင့် တိုက်ခိုက်ခဲ့သော သူအား ရည်ရွယ်၍ မိမိကို လူတော မတိုးအောင် မိမိ၏ မျက်နှာအား ဖျက်ဆီး ခဲ့သော်လည်း ယခု နေရာတွင် ဝင့်ကြွားစွာ ရပ်တည် နေနိုင်ဆဲ ဖြစ်ကြောင်း စာသားများ ပါဝင်သည့် ကဗျာ တစ်ပုဒ်ကို ရွတ်ဆိုခဲ့ကြောင်း သိရသည်။

မြ၀တီ


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ