အောင်မြင်ပေမယ့် အဖွဲသားတွေ လျော့နည်းလာတဲ့ Me and Ma Girls အဖွဲ့

ဖေဖော်ဝါရီလ ၉ ရက်နေ့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ ဂျပန်အင်တာတိန်းမန့်ပွဲတော်မှာ Me and Ma Girls အဖွဲ့အနေနဲ့ ခေမီနဲ့ အမွန်းတို့သာ ဖျော်ဖြေခဲ့ကြပါတယ်။ သီရိ/မြန်မာတိုင်း(မ်)
အမျိုးသမီးဂီတအဖွဲ့ဖြစ်တဲ့ Me and Ma Girls ဟာ အောင်မြင်မှုလှေကားထစ်တွေကို လှမ်းတက်
နေရင်းနဲ့မှ အဖွဲ့ဝင်တွေဟာ တစ်ဦးပြီးတစ်ဦး လျော့နည်းလာကြပါတယ်။

လွန်ခဲ့တဲ့လေးနှစ်က အဖွဲ့စတင်ဖွဲ့စည်းစဉ်က အဖွဲ့သူငါးဦး ပါဝင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ထဲမှာ ဝေနှင်း
နုတ်ထွက်သွားခဲ့ပြီး ဒီနှစ်မှာတော့ နောက်ထပ်နှစ်ဦး ထပ်လျော့သွားခဲ့ပါတယ်။

ပြည်တွင်းမှာ အောင်မြင်မှုရနေသလို နိုင်ငံတကာဆီလည်း တက်လှမ်းနေတဲ့အဖွဲ့ကနေ ဘာကြောင့်
နုတ်ထွက်သွားရသလဲဆိုတာ သူတို့ ပရိသတ်တွေအတွက်တော့ ပဟေဠိတစ်ခု ဖြစ်နေပါတယ်။

လတ်တလော နုတ်ထွက်သွားတဲ့ အဖွဲ့သူ တွေဖြစ်တဲ့ ထိုက်ထိုက်နဲ့ ချာချာကို ဆက်သွယ်မေးမြန်း
ကြည့်ရာမှာ ဖြေကြားချင်စိတ် မရှိသေးဘူးလို့ တူညီစွာဆိုကြပါတယ်။

ကျန်ခဲ့တဲ့အဖွဲ့သူနှစ်ဦးကတော့ အမွန်းနဲ့ ခေမီတို့ဖြစ်ကြပါတယ်။

သူတို့နဲ့ စာချုပ်ချုပ်ဆိုထားတယ်ဆိုတဲ့ အမေရိကန်နိုင်ငံအခြေစိုက် Power Music ထုတ်လုပ်ရေးမှ
မစ္စတာ Daniel Hubbert ကတော့ အဆိုတော်နှစ်ဦးကို စာချုပ်ဖောက်ဖျက်တယ်လို့ဆိုပြီး တရားစွဲ
သွားဖို့လည်း စီစဉ်နေတယ်လို့ အီးမေးလ်မှတစ်ဆင့် မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"သူတို့ စာချုပ်ချုပ်ထားတာပါ။ သူတို့ဘက်က စာချုပ်ကို ဖောက်ဖျက်တယ်။ အမှန်တော့ ဒီလို
တရားရင်ဆိုင်ရတာတွေကို ကိုယ်တိုင်လည်း မကြိုက်ဘူး။ ဒါပေမဲ့ သူတို့ရဲ့တုံ့ပြန်မှုတွေက အရမ်းကို
ဆိုးရွားလွန်းတဲ့အတွက်ကြောင့် စီစဉ်ရတာဖြစ်တယ်"လို့ မစ္စတာ Hubbert က ပြောပါတယ်။

လက်ရှိအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အမွန်း ပြောပြတာကတော့ ထိုက်ထိုက်နဲ့ ချာချာတို့က တချို့ ပြည်တွင်း
ထုတ်ဂျာနယ်တွေမှာ အဖွဲ့ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းတွေကို သူတို့ သဘောနဲ့ ပြောဆို
ခဲ့တာကြောင့် ကုမ္ပဏီကနေ စိတ်ဆိုးသွားတယ်လို့ သိရပါတယ်။

"ညီမလည်း ကုမ္ပဏီဘက်က လုပ်နေတာတွေကို သေသေချာချာကြီးတော့ မသိပါဘူး။ ပရိုဂျူဆာ
ကလည်း အာရုံမစိုက်ခိုင်းဘဲ သီချင်းတွေကိုသာ ကောင်းကောင်းအာရုံစိုက်ဖို့ ပြောထားတာကြောင့်
မမေးဖြစ်ပါဘူး။ ဒါပေမဲ့လည်း အားလုံးကို အဆင်ပြေပြေလေးပဲ ပြီးသွားစေချင်တယ်"လို့ အမွန်းက
ပြောပါတယ်။

အဖွဲ့ထဲမှာ ခေမီနဲ့သူ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပေမယ့် ရှေ့ဆက်သွားဖို့ ယုံကြည်ချက် ရှိသလို
ဆက်ကြိုးစားသွားဖို့ ဆုံးဖြတ်ပြီးသားပါ လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အဖွဲ့စဖွဲ့စဉ်ကတည်းက လက်တွဲလာပြီး ညီအစ်မတွေလို ဖြစ်နေတဲ့အတွက်ကြောင့် အခုလို
မျိုးဖြစ်သွားရတာ ၀မ်းနည်းရတယ်လို့ ဆိုပါတယ်။

မစ္စတာ Hubbert က ၂၀၁၂ ခုနှစ်မှစတင်ကာ သူ့ထုတ်လုပ်ရေးကုမ္ပဏီနဲ့ Me and Ma Girls ကို
စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်ပါစည်းမျဉ်း အရ အဖွဲ့အတွက် အခွေတစ်ခွေစာပြီးတဲ့ထိ ပရိုဂျူဆာက
အကုန်စီစဉ်ပေးရမှာဖြစ်ပြီး အခွေပြီးတဲ့နောက်ပိုင်း ၁၈ လအထိ ကုမ္ပဏီပိုင် အနုပညာရှင်များ
ဖြစ်တယ်ဆိုတဲ့ စည်းမျဉ်း ပါရှိတယ်လို့ဆိုပါတယ်။

အခုလက်ရှိမှာ အဖွဲ့ အတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းနီးပါး အကုန်အကျခံပြီးသွားပြီလို့လည်း
သူက ဆိုပါသေးတယ်။

လက်ရှိမှာ သီချင်းရှစ်ပုဒ် ထွက်ပြီး သွားပြီလို့လည်း ဆိုပါတယ်။

အမွန်းက အဖွဲ့ဝင်တိုင်းအတွက် တူညီတဲ့ စည်းကမ်းတွေနဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ရတာဖြစ်ပြီး
စဉ်းစားချိန်လည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

"စာချုပ်မှာက အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ကုမ္ပဏီကပိုင်တဲ့ အနုပညာရှင်ဖြစ်တယ်လို့
ပါပြီးသားပါ။ အဲဒီတော့ စည်းကမ်းတွေကို လိုက်နာရပါတယ်။ တစ်ကိုယ် တော်ကိစ္စတွေ လုပ်နေလို့
မအားတာနဲ့ ပျက်ကွက်လို့မရဘူး။ အဲဒီလိုတွေများလာလို့ သူတို့နဲ့ အလုပ်ဆက်မလုပ်တော့ဖို့
ကုမ္ပဏီက ဆုံးဖြတ်လိုက်တာပါ"လို့ အမွန်းက ဆိုပါတယ်။
အဖွဲ့ဝင်တွေစုံလင်စဉ်က Me and Ma Girls ။ ဓာတ်ပုံ - ထက်အောင်ကျော်
အစမ်းလေ့ကျင့်ဖို့အတွက် ပျက်ကွက်တာတွေ များလာတာကြောင့် ထိုက်ထိုက်ကို အရင်ထုတ်ပယ်
လိုက်ပြီး ချာချာကတော့ ရိုက်ကူးရေးနေ့မှာ ရောက်မလာတာကြောင့် နောက်ပိုင်း အလုပ်ဆက်
မလုပ်ဖြစ်တော့တာလို့လည်း ဆိုပါတယ်။

နှစ်ဦးနှစ်ဖက်ကြားက ဆက်ဆံရေးကို အဆိုးဆုံးဖြစ် သွားစေတာကတော့ သီချင်းသစ်ရိုက်ကူးမယ့်
နေ့မှာ ချာချာ ရောက်မလာတာကြောင့် ပရိုဂျူဆာက အရမ်းစိတ်ဆိုးသွားခဲ့တယ်လို့လည်း ပြောပြ
ပါတယ်။

"မြန်မာနိုင်ငံမှာ လာရိုက်နေတဲ့အချိန်ပေါ့။ သူ ရောက်မလာသေးလို့ စောင့်နေရင်း စောင့်နေရင်းနဲ့
နောက်ဆုံးမှာ ဖုန်းလေးတစ်ခါဆက်ပြီး မလာနိုင်တော့ဘူးလို့ပြောပါတယ်။ အဲဒီနေ့ကဆို ဘာလုပ်
ရမှန်းတောင် မသိဖြစ်သွားတယ်။ ဒါပေမဲ့လည်း ပရိုဂျူဆာက ရိုက်ကွင်းကိုတော့ မဖျက်နိုင်ဘူး။
အမွန်းနဲ့ ခေမီနှစ်ယောက်တည်းနဲ့ ရိုက်မယ်ဆိုပြီး ဆက်ရိုက်ဖြစ်သွားတာပါ။ ဆက်ရိုက်နေပေမယ့်
လည်း စိတ်ထဲမှာ ဟာတာတာကြီး ဖြစ်နေခဲ့တယ်"လို့ ဆိုပါတယ်။

"ကုမ္ပဏီရဲ့ စာချုပ်စည်းကမ်းနဲ့ မကိုက်ညီတာတွေ လုပ်တာများလာတာကြောင့်ပါ။ အစမ်း လေ့ကျင့်
တာတွေ ပျက်ကွက်တာ များလာတယ်။ တခြားအရာတွေလည်း ပါလာတာကြောင့် ကုမ္ပဏီက
သူတို့ကို ထုတ်ပယ်လိုက်တာပါ။ ကုမ္ပဏီက တရားဝင်ထုတ်ပြန်ချက် မလုပ်ဘူးဆိုတာကလည်း
အဓိက အဆိုရှင်နှစ်ဦးနဲ့ ဆက်သွားနေတာကြောင့် လုပ်စရာမလိုဘူးလို့ သတ်မှတ်ပြီး မလုပ်တာပါ"
လို့ အမွန်းက ဆိုပါတယ်။

မစ္စတာ Hubbert က "ဘယ်အဆိုတော်အဖွဲ့ပဲဖြစ်ဖြစ် ဘယ်အဖွဲ့မှာမှ အရာအားလုံး ညီမျှနေတယ်
ဆိုတာ မရှိပါဘူး။ ဥပမာ - Beatles အဖွဲ့မှာဆိုရင် John Lennon နဲ့ Paul Mccartney က
၉၀ ရာခိုင်နှုန်း အဓိက အဆိုပိုင်းကို တာဝန်ယူရတယ်။ အဖွဲ့တစ်ဖွဲ့ အောင်မြင်ဖို့ ကိုယ့်ရဲ့
အားသာချက်၊ အားနည်းချက်တွေကို သိဖို့လိုပါတယ်။ ကိုယ်အားနည်းတဲ့အရာတွေကို သူများကို
ဦးစားပေးလိုက်လို့ မကျေနပ်တာတွေ ရှိလာတာနဲ့အမျှ အဖွဲ့ကွဲဖို့က ဖြစ်လာတာပါပဲ။ အမွန်းနဲ့ ခေမီ
က အဲဒီသဘောတရားတွေကို နားလည်ပြီး ထိုက်ထိုက်နဲ့ ချာချာကတော့ အကုန်လုံးကို ညီညီမျှမျှ
လိုချင်စိတ်ကြောင့် ဒီလိုတွေ ဖြစ်လာရတယ်"လို့ ဆိုပါတယ်။

"အခုလက်ရှိ အဖွဲ့ဝင်နှစ်ယောက်တည်းနဲ့ ဆက်အလုပ်လုပ်ရတာ ပိုမြန်ဆန်ပြီး သီချင်းတွေကို ပိုမို
ကောင်းမွန်အောင် ထုတ်လုပ်လာ နိုင်တဲ့အတွက်ကြောင့် ပိုအဆင်ပြေတယ်" လို့ လည်း သူက
ဆိုပါတယ်။

နိုင်ငံတကာကုမ္ပဏီနဲ့ ပထမဆုံး ရိုက်ကူးအသံသွင်းဖြစ်ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ Girl Strong Music Video
ကလည်း အာရှနိုင်ငံများ အကောင်းဆုံးသီချင်းများ ရွေးချယ်ဆုချီးမြှင့်တဲ့ VIMA 2014 ဂီတဆုပေးပွဲ
မှာ အကောင်းဆုံး ပေါ့ပ်သီချင်းနဲ့ အကောင်းဆုံးဂီတဗီဒီယိုဆုတို့အတွက် နောက်ဆုံး ဆန်ခါတင်
အဆင့်မှာ ပါဝင်နေတယ်လို့ အမွန်းက ဆိုပါတယ်။

ဆန်ခါတင်စာရင်းဝင်နေတဲ့ ဒီသီချင်းကို လော့စ်အိန်ဂျလိစ်မှာ သွားရောက် ရိုက်ကူးခဲ့တာဖြစ်ပြီး
ရိုက်ကူးစဉ်က အဖွဲ့လေးဦး ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

"အရင်တုန်းက ဒီပွဲရဲ့အကြောင်းကိုတောင် မသိခဲ့ပါဘူး။ သူတို့ဘက်က အကြောင်းကြားခဲ့တာပါ။
မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ ဒါက ပထမဆုံးပါ။ အရမ်းဝမ်းသာပါတယ်။ အာရှ နိုင်ငံတွေထဲက
အကောင်းဆုံးတွေရွေးတဲ့ထဲမှာ မြန်မာနိုင်ငံအနေနဲ့ ပါရတယ်။ ပြီးတော့ ကိုယ့်သီချင်းလေးကို
အခုလို အသိအမှတ်ပြုခံရတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်"လို့ အမွန်းက ဆိုပါတယ်။

မတ်လထဲမှာ မလေးရှားမှာ ကျင်းပမယ့် ဆုပေးပွဲကိုတော့ ပရိုဂျူဆာနဲ့ ဆွေးနွေးပြီးမှ ပွဲတက်ဖြစ်၊
မတက်ဖြစ် သိရမယ်လို့လည်း ဆိုပါတယ်။ တက်ဖြစ်မယ်ဆိုရင်တောင် ဒီပွဲဟာ Me and Ma Girls
အဖွဲ့အတွက် ပထမဆုံးတက်ဖြစ်တဲ့ နိုင်ငံတကာပွဲတော့ မဟုတ်တော့ပါဘူး။

သူတို့ရဲ့ ပထမဆုံးအယ်လ်ဘမ် "Year of the Tiger" ကို ၂၀၁၀ ပြည့်နှစ်မှာ အဖွဲ့သားငါးဦးနဲ့
ထုတ်ဝေခဲ့ပြီး အဲဒီအချိန်တုန်းက သူတို့ အဖွဲ့ရဲ့အမည်က Tiger Girl ဖြစ်ကာ ဩစတြေးလျ
ဂီတပညာရှင် မစ္စနီကီက ဂီတနည်းပြအဖြစ် တာဝန်ယူပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မှာ လက်ရှိအဖွဲ့အမည်ကို ပြောင်းလဲခဲ့ပြီး 'မင်္ဂလာပါ' လို့ အမည်ပေးထားတဲ့ ဒုတိယ
တေးစီးရီးကို ဖြန့်ချိခဲ့ပါတယ်။

သူတို့အဖွဲ့နဲ့ သူတို့ဂီတနည်းပြအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းကား Miss Nikki and Tiger
Girls ဟာ ၂၀၁၃ နှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Sydney Film Festival 2013 မှာ Foxtel
Australian Documentary Prize အတွက် ဆန်ခါတင် စာရင်းထဲမှာ ပါဝင်ရွေးချယ်ခံခဲ့ရပါတယ်။

လွင်မာထွန်း

မြန်မာတိုင်း(မ်)
ဖေဖော်ဝါရီလ ၉ ရက်နေ့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ ဂျပန်အင်တာတိန်းမန့်ပွဲတော်မှာ Me and Ma Girls အဖွဲ့အနေနဲ့ ခေမီနဲ့ အမွန်းတို့သာ ဖျော်ဖြေခဲ့ကြပါတယ်။ သီရိ/မြန်မာတိုင်း(မ်)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ