ကလေး ဘဝတွင် စိတ်ထိခိုက်မှု အခြေအနေ ဖြစ်ခဲ့ပါက အရွယ် ရောက်လာ ပြီးနောက် နှလုံးရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်လျက်ရှိ


ကလေးဘဝ၌ စိတ်ထိခိုက်ဖွယ် အခြေအနေ အရပ်ရပ်နှင့် ရင်ဆိုင် ခဲ့ရသူများသည် သက်လတ်ပိုင်း အရွယ်တွင် နှလုံးရောဂါ ဖြစ်ပွားမှုနှင့် ဆက်နွှယ်မှု ရှိနိုင်ကြောင်း၊ အထူးသဖြင့် အမျိုးသမီးများတွင် ထိုသို့ သော အခြေအနေမျိုး ဖြစ်ပွားလေ့ ရှိကြောင်း သုတေသီများက အကြံ ပြု ပြောကြားထားသည်။

ခုနစ်နှစ် အရွယ်တွင် စိတ်ထိခိုက် နာကျင်မှု မျိုးစုံ ခံစား ရသူများသည် နောက်ပိုင်းတွင် နှလုံး သွေးကြောပိုင်း ဆိုင်ရာ ရောဂါ ဖြစ်ပွားမှုနှုန်းကို သိသိသာသာ မြင့်မားစေကြောင်း သုတေသီ များ၏ လေ့လာချက် တစ်ရပ်တွင် တွေ့ရှိခဲ့သည်။

အပြန်အလှန် အားဖြင့် သာယာချမ်းမြေ့ဖွယ် စိတ်ပျော်ရွှင်စရာ ငယ်ဘဝကို ဖြတ်သန်း ခဲ့ရသူများသည် အသက်အရွယ် ကြီးပြင်း လာသောအခါ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း လျော့ နည်းသည်ကို တွေ့ရှိရသည်။
အဆိုပါ ဆက်နွှယ်မှုကို နားလည် သဘောပေါက်ရန် အတွက် လေ့လာ မှုများ လုပ်ဆောင်သွားရန် လိုအပ်နေ သေးကြောင်း အမေရိကန် သုတေသီ များက ပြောကြား ထားသည်။

သုတေသီ များသည် အရွယ်ရောက် ပြီးသူ လူပေါင်း ၃၇၇ ဦး၏ ငယ်ဘဝ များကို လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့ရာ ၄င်းတို့သည် ခုနစ်နှစ် အရွယ်တွင် စိတ်ထိခိုက် ကြေကွဲဖွယ် အခြေအနေ အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်ကို တွေ့ရှိ ခဲ့ကြသည်။

အဆိုပါ လေ့လာ ဆန်းစစ်မှုမှ ပေါ်ထွက် လာသော အချက်အလက်များ အရ သုတေသန ပြုလုပ်မှုတွင် ပါဝင်သူ အများစု သည် ယခုအခါ ၄ဝ ကျော်အရွယ်သို့ ရောက်ရှိနေပြီး ရောဂါ ဖြစ်ပွားမှု ရလဒ်များ ကို သုတေသီများက နှိုင်းယှဉ်ကြည့်ခဲ့ ကြသည်။

ထို့အပြင် နှလုံး ရောဂါဖြစ်ပွား စေလောက်သော အခြား အချက်အလက် များအား ထိန်းချုပ်ပြီးနောက် သုတေသီများက အသက် ခုနစ်နှစ် အရွယ်တွင် စိတ် သောက ဝေဒနာများ ပြင်းထန်စွာ ခံစား ခဲ့ရမှုသည် သက်လတ်ပိုင်း အရွယ် အမျိုးသမီး များတွင် နှလုံးရောဂါ ဖြစ်ပွားမှု ၃၁ ရာခိုင်နှုန်း မြင့်မားခြင်းနှင့် ဆက်နွှယ် နေသည်ကို တွေ့ရှိခဲ့သည်။

ကလေးဘဝ၌ စိတ်ထိခိုက် နာကျင်မှု များစွာ ခံစားခဲ့ရသော အမျိုးသား များမှာ စိတ်တို ဒေါသ ထွက်လွယ်မှု အပါအဝင် နှလုံးရောဂါ ဖြစ်ပွားမှု နှုန်းမှာလည်း ၁၇ ရာခိုင်နှုန်း တိုးမြင့် ဖြစ်ပေါ် စေသည်ကို တွေ့ရှိရသည်။
ငယ်စဉ်အခါက စိတ်ထိခိုက် ကြေကွဲဖွယ် အခြေအနေ အမျိုးမျိုးနှင့် ကြုံတွေ့ ခဲ့ရသော အသက် ၄ဝ ကျော်အရွယ် အမျိုးသား၊ အမျိုးသမီးများသည် နောင် ၁ဝ နှစ်တာ ကာလအတွင်း လေဖြတ်ခြင်း သို့မဟုတ် ရုတ်တရက် နှလုံးသွေး ရပ်သွားခြင်း (heart attack) တို့ ပိုမို ဖြစ်ပေါ်နိုင်သော နှုန်းထား သည် အမျိုးသမီး များတွင် ၃ ဒသမ ၂ ရာခိုင်နှုန်းမှ ၄ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးမြင့်လာပြီး အမျိုးသား များတွင် ၇ ဒသမ ၃ ရာ ခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြင့် လာကြောင်း တွေ့ရှိ ရသည်။

အပြန်အလှန် အားဖြင့် ငယ်စဉ် အခါတွင် သာယာ ပျော်ရွှင် ချမ်းမြေ့ဖွယ် ဘဝကို ဖြတ်သန်း ခဲ့ရခြင်းများသည် နှလုံးသွေး လည်ပတ်မှု အခြေအနေ ပိုမို ကောင်းမွန်ခြင်းနှင့် ဆက်နွှယ်မှု ရှိသည်ကိုလည်း သုတေသီ များက တွေ့ရှိခဲ့သည်။

ထို့ကြောင့် ကလေးဘဝ၌ အပူအပင် ကင်းစွာဖြင့် ပျော်ရွှင်ဖွယ် ဘဝကို ဖြတ်သန်းခဲ့သော အရွယ်ရောက်ပြီး သူများ၏ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို သုတေသီ များက လေ့လာ ခဲ့ရာတွင် မူလက စမ်းသပ်မှု ရလဒ်နှင့် ဆန့်ကျင်ဘက် အဖြေကို ရရှိခဲ့သည်။

ယခု တွေ့ရှိချက်သည် မိဘများက အပြု သဘောဆောင်သော လုပ်ဆောင်ချက် များဖြင့် ကလေးများ၏ အနာဂတ်တွင် နှလုံးရောဂါ ဆိုင်ရာ ကျန်းမာရေး အခြေအနေများကို ကြိုတင် ကာကွယ် နိုင်မည် ဖြစ်သည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ