ယူနိုက်တက်၏ကစားပုံကိုခုခံရင်ဆိုင်ရန်မခက်လှဟု မူလန်စတင်း သုံးသပ်

မန်ချက်စတာ ယူနိုက်တက် အသင်းကို ခုခံကစားရသည်မှာ ခက်ခဲလွန်းသော အခြေအနေမျိုး မဟုတ်ကြောင်း ဖူလ်ဟမ်မန်နေဂျာ ရင်းန်မူလန်စတင်းက ပြောကြားလိုက်သည်။

အိုးလ်ထရက်ဖို့ဒ်တွင် ယူနိုက်တက်ကို (၂)ဂိုးစီ သရေကျခဲ့သည့်နောက် မိမိအတွက် အဆိုပါ ရလဒ်သည် အနိုင်သဖွယ် ခံစားမိကြောင်းလည်း အသက်(၄၉)နှစ်ရှိ ဒတ်ခ်ျမန်နေဂျာက ဆိုသည်။မူလန်စတင်းသည် ယူနိုက်တက်တွင် မန်နေဂျာဟောင်း ဆာအဲလက်စ်ဖာဂူဆန်၏ လက်ရုံးတစ်ဆူအဖြစ် ကာလရှည်ကြာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး ယခုတစ်ကြိမ်တွင် အသင်းဟောင်းကို ပထမဆုံးအကြိမ် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခြင်းလည်း ဖြစ်သည်။ ဖူလ်ဟမ်အနေဖြင့် (၉၄)မိနစ်တွင် တိုက်စစ်မှူး ဒါရင်ဘန့်တ် သွင်းယူသည့် ချေပဂိုးကြောင့် (၁)မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။
မူလန်စတင်းက ယခုပွဲ သရေကျခဲ့ခြင်းသည် ယူနိုက်တက်၏ ယုံကြည်မှု ပျောက်ဆုံးနေခြင်းကြောင့် မဟုတ်ဟု မှတ်ချက်ပြုခဲ့သည်။

"ကျွန်တော်ကတော့ သူတို့တွေ ယုံကြည်မှု ပျက်ပြားနေတယ်လို့ မထင်ပါဘူး။ သူတို့အသင်းရဲ့ ပွဲအပေါ် ချဉ်းကပ်လာတဲ့ အစီအမံက ရှင်းလင်းလွန်းတယ်။ တောင်ပံတွေကို ဖြန့်မယ်။ အလယ်ထဲ ပြန်ချိုးမယ်။ ဒါပဲလေ။ ဒီတော့ ကျွန်တော်တို့ ကောင်းကောင်း ခုခံကစားနိုင်ခဲ့တယ်။ တကယ်လို့ ခံစစ်က ကောင်းကောင်း စုစည်းနိုင်မယ်၊ ဂိုးသမားကလည်း နေရာယူမှန်မှန် ရှိနေမယ်ဆိုရင် ဒါမျိုးကစားကွက်ကို ထိန်းရတာ လွယ်လွယ်လေးပါ။ တကယ်ဆို ပြိုင်ဘက်ကို ခွဲထုတ်ဖျက်ဆီးဖို့ဆိုရင် ဖန်တီးမှုရော၊ အပြောင်းအလဲတွေပါ လိုအပ်တယ်။ တကယ်တော့ သူတို့ဟာ အမှတ်ရသင့် ရထိုက်တဲ့ ပွဲစဉ်တွေကနေ ရမှတ်တွေ အများကြီး ဆုံးရှုံးခဲ့ပါတယ်"ဟုဆိုသည်။

၎င်းက "ယူနိုက်တက်ဟာ မန်နေဂျာက လိုချင်တဲ့ ပုံစံအတိုင်း အစွမ်းကုန် လိုက်ကစားခဲ့တယ် ထင်ပါတယ်။ ခင်ဗျားတို့ အနေနဲ့ သူတို့ရဲ့ ဖြတ်တင်ဘော အရေအတွက်၊ ဂိုးသွင်းဖို့ အားထုတ်မှု အရေအတွက်တွေကို မြင်နိုင်မှာပါ။ ကျွန်တော်တို့ဘက်က ဒီအခြေအနေကို အဆင်ပြေပြေဖြစ်အောင် ထိန်းကစားရတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းခဲ့တယ် ထင်ပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက်အတွက် အကောင်းတကာ့ အကောင်းဆုံး အခွင့်အရေးမျိုး ရခဲ့တယ်လို့ ကျွန်တော် မထင်မိဘူး။ သူတို့ ထောင့်ဖြတ်ဘောတွေ ရိုက်တင်ရင်းပဲ အချိန်ကုန်နေခဲ့ပါတယ်"ဟုလည်း မှတ်ချက်ပြုခဲ့သည်။

မူလန်စတင်းက "အိုးလ်ထရက်ဖို့ဒ်မှာ အသင်းတချို့ လာကစားပြီး ရလဒ်ကောင်းတွေ ပိုင်ဆိုင်သွားတာ ကျွန်တော် သိပါတယ်။ ပွဲအပြီး အဝတ်လဲခန်းထဲမှာတော့ အားလုံးက ခုပွဲကို နိုင်လိုက်သလို ပျော်ရွှင်နေကြတယ်။ ဒီစိတ်ဓာတ်က ရှေ့ပွဲစဉ်တွေမှာလည်း ဆက်ပြီး အဓွန့်ရှည်နေဖို့ မျှော်လင့်ပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။

ref:Goal.com,
Soccer Myanmar


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ