လိင်စိတ်ခံယူမှု ကွဲပြားသူများ အတွက် အထက်မြန်မာပြည် Miss Rainbow Ribbon Contest ကျင်းပမည်

မန္တလေး၊ နိုဝင်ဘာ ၅

လိင်စိတ်ခံယူမှု ကွဲပြားသူများအတွက် အထက်မြန်မာပြည် Miss Rainbow Ribbon Contest 2013 ကို Rainbow Ribbon Network (Myanmar) က ဦးစီးကာ မန္တလေးမြို့တော် ဟိုတယ်မန္တလေးတွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ မှ ည ၉ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ Network တာဝန်ရှိသူ မကြီးပွင့်ထံမှ သိရသည်။

အဆိုပါ Miss ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဦးရေ ၅၀ ဦး ကန့်သတ်ထားပြီး နမ့်ခမ်း၊ ရွှေဘို၊ မြင်းခြံ၊ ဗန်းမော်နှင့် ရန်ကုန်မြို့တော် တို့မှ ပန်းပညာရှင်၊ မိတ်ကပ်အလှ ဖန်တီးရှင်၊ ကျောင်းသားနှင့် NGO အဖွဲ့အစည်း များမှ ၄၃ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်ထားပြီး ဖြစ်ကြောင်း ၄င်းကပြောကြားသည်။

"လျှောက်လွှာတင်တဲ့သူ အားလုံးကို ယှဉ်ပြိုင်ခွင့် ပေးမှာမဟုတ်ပါဘူး။ ရီဟာဇယ် ခေါ်တဲ့ အချိန်လာရမယ်၊ ဒီ Network က လုပ်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ သင်တန်း ငါးရက် လာတက်ရမယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီရမယ်။ ဒီသုံးချက်နဲ့ ညီတဲ့သူတွေ ကိုပဲ ယှဉ်ပြိုင်ခွင့် ပေးမှာပါ" ဟု ၄င်းကဆိုသည်။

အဆိုပါပွဲကို Network အတွက် ရန်ပုံငွေရရှိရန်၊ မန္တလေးမြို့ခံ များနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများကြား ခွဲခြားဆက်ဆံခံရမှု ပပျောက်စေရန် ၄င်းတို့၏ စွမ်းရည်များကို ထုတ်ဖော် ပြသနိုင်ရန်နှင့် နိုင်ငံတကာမှ မြန်မာလိင်တူ ချစ်သူများကို အသိအမှတ်ပြုလာရန် အဆိုပါ တင်ဆက်မှုကို စီစဉ်ပြုလုပ်ရခြင်း ဖြစ်ကြောင်း Rainbow Ribbon Network (Myanmar) မှ ဆည်းဆာညီညီ က ပြောကြားသည်။

"ဒိုင်လူကြီးတွေ ကလည်း မန္တလေးနဲ့ ရန်ကုန်က တကယ့်နာမည်ကြီး ဒီဇိုင်နာတွေ၊ မိတ်ကပ်ပညာရှင် တွေနဲ့ နာမည်ကြီး အနုပညာရှင် တွေလည်း ပါဝင်မှာပါ။ ဒီပြိုင်ပွဲ မှာရရှိလာမယ့် Miss ကို ထိုင်းနိုင်ငံမှာ လုပ်မယ့် ၂၀၁၄ Miss International Queen မှာဝင်ပြိုင်ခိုင်းမှာပါ" ဟု ဆည်းဆာညီညီက ဆိုသည်။

အဆိုပါပြိုင်ပွဲတွင် Miss Award၊ 1st Runner Up၊ 2nd Runner Up ဆုများနှင့် Title ဆုပေါင်း ၁၀ ဆုကို ချီးမြှင့်မည်ဖြစ်ပြီး ရန်ပုံငွေပွဲ ဖြစ်သည့်အတွက် လက်မှတ်ရောင်းချမည် ဖြစ်ကာ ဈေးနှုန်းများမှာ ၅၀၀၀ ကျပ်၊ ၁၀,၀၀၀ ကျပ်ဖြစ်ကြောင်း၊ Rainbow Ribbon Network (Myanmar) အနေဖြင့် ယခုပြိုင်ပွဲသည် ပထမဆုံးအကြိမ် ဖြစ်ပြီး နှစ်စဉ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။


The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ