မန္တလေးတွင် ဦးရွှေရိုး-ဒေါ်မိုးအက အပါအဝင် ယဉ်ကျေးမှု သရုပ်ဖော်ပြပွဲ တစ်ပတ်တစ်ကြိမ် ကျင်းပမည်

မန္တလေး၊ နိုဝင်ဘာ ၁၁

မြန်မာ့ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း တိုးတက်လာစေရန် အတွက် ရှေးဟောင်း ယဉ်ကျေးမှု မြို့တော်တစ်ခုဖြစ်သော မန္တလေးမြို့တော်တွင် ဦးရွှေရိုး-ဒေါ်မိုးအက အပါအဝင် မြန်မာ့ယဉ်ကျေးမှု သရုပ်ဖော်ပြပွဲများကို တစ်ပတ်တစ်ကြိမ်ခန့် ကျင်းပမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှု ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ကြူက The Voice သို့ ပြောကြားသည်။

ယင်းပြပွဲကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အပြီးတွင် စတင်နိုင်ရန် စီစဉ်ထားပြီး ပြသမည့် မြေနေရာကို ရွေးချယ်လျက် ရှိကြောင်း၊ ပြပွဲအစီအစဉ်များတွင် ဦးရွှေရိုး-ဒေါ်မိုးအက အပါအဝင် ဆီမီးကွက် ရုပ်သေး၊ မြနန္ဒာအငြိမ့်၊ ကရင်ဒုံးယိမ်းအက၊ ရှမ်းအိုးစည်အကနှင့် အခြားသင့်တော်သော ယဉ်ကျေးမှု အကများကို တစ်ပတ်တစ်ကြိမ် တစ်နာရီခန့် ကပြမည် ဖြစ်ကြောင်း ဝန်ကြီးက ထပ်မံပြောကြားသည်။

အဆိုပါ ကပွဲအတွက် ပြည်တွင်း ခရီးသွားများကို အခမဲ့ ကြည့်ရှုခွင့်ပေးပြီး နိုင်ငံခြား ခရီးသွားများကို ဒေါ်လာငွေဖြင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း၊ ယင်းပြပွဲ အစီအစဉ်များကို ပြန်ကြားရေး ဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနနှင့် ဟိုတယ် လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်သွားရန် အစီအစဉ်များ ရေးဆွဲနေကြောင်း ဝန်ကြီးက ထပ်လောင်း ပြောကြားသည်။

မန္တလေးမြို့ပေါ် ဟိုတယ်ကြီးများကလည်း ကမ္ဘာလှည့် ခရီးသွားများကို အခကြေးငွေယူ၍ ဒေါ်မမနိုင် ရုပ်သေးစင် အပါအဝင် မြန်မာ့ ယဉ်ကျေးမှုများကို ပြသလျက်ရှိသဖြင့် တိုင်းဒေသကြီးအစိုးရက အကောင်အထည် ဖော်မည့် ယင်းအစီအစဉ်သည် ကမ္ဘာလှည့် ခရီးသွားများအတွက် ဆွဲဆောင်စရာ နေရာတစ်ခု ဖြစ်လာနိုင်ကြောင်း မန္တလေးမြို့တော် အခြေစိုက် ခရီးသွား ဧည့်လမ်းညွှန်များက ပြောကြားသည်။

“ဟိုတယ်မှာ လာတည်းတဲ့ သူတွေကို တစ်နာရီ ယဉ်ကျေးမှုပြပွဲလေး သွားကြည့်နိုင်အောင် လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးထားမယ်၊ ကြည့်မကြည့်ကတော့ သူတို့ သဘောပါပဲ” ဟု မန္တလေး ရွှေဖြူဟိုတယ် အထွေထွေမန်နေဂျာ ဦးစိုးသူရက ဆိုသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အပါအဝင် အာဆီယံဥက္ကဋ္ဌ ရာထူးပါ လက်ခံရရှိမည် ဖြစ်သဖြင့် လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်းသို့ ကမ္ဘာလှည့် ခရီးသွားပေါင်း ၁၂ သန်းထိ ဝင်ရောက် နိုင်ကြောင်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ