မိကျောင်းတစ်ကောင်၏ အမဲလိုက်ခံရသူတစ်ဦးကို ကယ်တင်နိုင်ခဲ့

မိကျောင်းတစ်ကောင်၏ အမဲလိုက်ခံရသူတစ်ဦးကို ကယ်တင်နိုင်ခဲ့ ကျွန်းငယ်လေး တစ်ခုပေါ်တွင် ရှိနေခဲ့ပြီး ဩစတြေးလျ ကမ်းခြေသို့ ပြန်ရန် ပြင်ဆင်ချိန်တွင် ကြီးမားသော မိကျောင်းတစ်ကောင်၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်လာရသည်
ဩစတြေးလျ နိုင်ငံတွင် မိကျောင်းတစ်ကောင်၏ ချောင်းမြောင်း စောင့်ဆိုင်းနေမှုကြောင့် သီတင်း(၂)ပတ်ကြာ ပိတ်မိနေသူ တစ်ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ နယူးဇီလန် နိုင်ငံမှ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသွားသည် ဩစတြေးလျ အနောက်ပိုင်းတွင် အပျော်တမ်း ကယပ်လှေစီးရန် ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့နောက် ၎င်းသည် ကျွန်းငယ်လေး တစ်ခုပေါ်တွင် ရှိနေခဲ့ပြီး ဩစတြေးလျ ကမ်းခြေသို့ ပြန်ရန် ပြင်ဆင်ချိန်တွင် ကြီးမားသော မိကျောင်းတစ်ကောင်၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်လာရသည်။ ၎င်းသည် ကယပ်လှေပေါ် ပြန်တက်ကာ ကျွန်းပေါ်မှ ထွက်ခွာရန် ပြင်ဆင်သည်နှင့် အဆိုပါ ရေမုဆိုး သားစား သတ္တဝါကြီးက လှည့်ပတ် ချောင်းမြောင်းနေသဖြင့် သောင်တင် ပိတ်မိနေခြင်းဟု ကယ်ဆယ်ရေးဝန်ထမ်း ဒွမ်မက်လီယော့ဒ်က ABC သတင်းဌာနသို့ ပြောကြားသွားသည်။

မက်လီယော့ဒ်နှင့် အဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဂါဗန်နာ ကျွန်းပေါ်တွင် ထွန်းညှိထားသည့် အချက်ပြမီးကို တွေ့ရှိပြီးနောက် သောင်တင်နေသူကို ကယ်တင်နိုင်ခဲ့သည်။ သတင်းများက ပါးနပ်ကြမ်းကြုတ်လွန်းသည့် မိကျောင်းကြီးနှင့် ခြောက်ခြားဖွယ်ရာ အမဲလိုက်ခံရသည့် အတွေ့အကြုံကို ဖြတ်သန်းရင်ဆိုင်ရသူ နယူးဇီလန်သား၏ အမည်ကို ဖော်ပြခြင်း မရှိချေ။ "သူပြောပြတာတော့ မိကျောင်းကြီးက ပေ(၂၀)လောက် ရှိတယ်တဲ့။ ပထမတော့ သူက ကမ်းခြေဘက် လှေလှော်ပြီး ပြန်လာမလို့ပဲ။ ဒါပေမဲ့ လမ်းမှာတင် မိကျောင်းကြီးရဲ့ အာရုံကို မဆွဲဆောင်ဘဲ ပြန်လာဖို့ကတော့ မဖြစ်နိုင်မှန်း သဘောပေါက်သွားလို့ မပြန်ရဲတာပါ"ဟု မက်လီယော့ဒ်က ဆိုသည်။

၎င်းက "သူက လှေနဲ့ ခဏတော့ ထွက်လာသေးတယ်။ ဒါပေမဲ့ လှေနားမှာ မိကျောင်းကြီးက ချောင်းမြောင်းနေတာကို သိလာတော့ ကြောက်လန့်ပြီး ကျွန်းဆီ ပြန်သွားတာပါ"ဟုလည်း ရှင်းပြခဲ့သည်။ မက်လီယော့ဒ်က မိမိကိုယ်တိုင်လည်း အဆိုပါ မိကျောင်းကို မြင်ဖူးကြောင်း ဝန်ခံခဲ့သည်။ "တစ်နေ့ ကျွန်တော့်လှေနားက ရေမျက်နှာပြင်ပေါ်မှာတင် အဲဒီကောင်ကြီးကို တွေ့လိုက်ပါတယ်။ ကျွန်တော့်လှေကို ကျော်သွားတာ သိပ်မြန်တာပဲ။ ပြီးတော့ အနည်းဆုံး ပေ(၂၀)လောက် အသာလေးရှိတယ်"ဟု မက်လီယော့ဒ်က ပြောကြားခဲ့သည်။ ၎င်းက နယူးဇီလန်သား ကမ္ဘာလှည့် ခရီးသည် အသက်မသေခဲ့ခြင်းသည် ကံကောင်းလွန်းကြောင်း မှတ်ချက်ပြုခဲ့သည်။ "မိကျောင်းတွေဟာ ကမ်းခြေနားမှာ သူတို့ရဲ့ သားကောင်တွေကို ချောင်းမြောင်းတဲ့ အလေ့အထက နည်းသွားပါပြီ။ ဒါပေမဲ့ အရမ်း သက်တမ်းရင့်ပြီး ပါးနပ်တဲ့ အကောင်ကြီးတွေမှာတော့ ဒီလိုလုပ်ရပ်မျိုး ရှိနေတုန်းပဲ။ ပြောရရင် သူတို့က လွယ်ကူတဲ့ အစာမျိုးကို ချောင်းနေတာပေါ့။ ဒီလူ အသက်ရှင်နေတာ အင်မတန် ကံကောင်းတာပါ"ဟု ဝါရင့် ကယ်ဆယ်ရေးသမား မက်လီယော့ဒ်က ရှင်းပြသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ