ငြိမ်းချမ်းရေးပွဲတော် Iron Cross ဖျော်ဖြေမည်


ရန်ကုန်၊ ဇူလိုင် ၂၂

ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် ဇူလိုင်လ ၂၇ ရက်နှင့် ၂၈ နေ့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးပွဲတော် ဒုတိယနေ့တွင် နာမည်ကျော် တေးသံရှင်များ ပါဝင်သည့် Iron Cross အဖွဲ့က သီးသန့်သီဆို ဖျော်ဖြေမည် ဖြစ်ကြောင်း ယင်းပွဲဖြစ်မြောက်ရေး စီစဉ်သူ တစ်ဦးဖြစ်သည့် ဦးသူရ (လူရွှင်တော် ဇာဂနာ) က ပြောကြားသည်။

မြန်မာငြိမ်းချမ်းရေးပွဲတော် ပထမရက်တွင် သဘင်သမဂ္ဂမှ ဦးနန်းဝင်း စီစဉ်သည့် ငြိမ်းချမ်းရေးရောဟိနီ ပြဇာတ်၊ ဒါရိုက်တာကျော်ဇောလင်း စီစဉ်သည့် မြေစာပင်ပြဇာတ်၊ ဂီတပညာရှင်တို့၏ တေးသီချင်း သီဆိုဖျော်ဖြေမှုများ၊ လူရွှင်တော်အဖွဲ့ ခြောက်ဖွဲ့၏ ဖျော်ဖြေမှုများအပြင် ဖိုးချစ်၏ နှစ်ပါးသွားတို့နှင့် ဖျော်ဖြေမည်ဖြစ်ပြီး ဒုတိယနေ့တွင်မူ Iron Cross အဖွဲ့မှ သီးသန့်သီဆို ဖျော်ဖြေမည်ဖြစ်ပြီး ဝင်ကြေးလက်မှတ်ကို ကျပ်သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်းနှင့် ခြောက်ထောင့်ငါးရာ သတ်မှတ်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ငြိမ်းချမ်းရေးပွဲတော်မှ ရရှိသောငွေ အားလုံးကို ယင်းပွဲတွင် ဝင်ရောက်ဖျော်ဖြေမည့် မည်သည့် အနုပညာရှင်ကမှ အသုံးပြုမည် မဟုတ်ဘဲ ဒုက္ခရောက်၍ လိုအပ်နေသော နေရာများကို လှူဒါန်းသွားမည် ဖြစ်ကြောင်း ဇူလိုင် ၁၈ ရက်က စင်ထရယ်ဟိုတယ်တွင် ပြုလုပ်သည့် Myanmar Peace Festival 2013 သတင်းစာရှင်းလင်းပွဲတွင် ဦးသူရက ပြောကြားသည်။

ငြိမ်းချမ်းရေးပွဲတော်မှ ရရှိသောငွေများကို ထိန်းသိမ်းရန်အတွက် သမိုင်းပါမောက္ခ ဦးထွန်းအောင်ချိန်၊ ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင်၊ ထွန်းဖောင်ဒေးရှင်းမှ ဦးသိန်းထွန်း၊ မြန်မာအမျိုးသမီး စီးပွား စွမ်းဆောင်ရှင်အသင်းဥက္ကဋ္ဌ ဒေါ်ဝါဝါထွန်း၊ ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ဂျာနန်၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့မှ အငြိမ်းစား အကြီးတန်းအရာရှိ ဒေါ်ရင်ရင်နွယ်တို့ ပါဝင်သော ငြိမ်းချမ်းရေး ပဒေသာပင် အဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့မှပင် ပွဲဝင်ကြေးနှင့် မည်သည့်နေရာများတွင် လှူဒါန်းမည်ကို စီစဉ်သွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

Iron Cross အဖွဲ့၏ ဖျော်ဖြေပွဲတွင် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့ ပါဝင်မည်ဖြစ်ပြီး ဇူလိုင်လ ၂၇ ရက်နေ့ည တွင်လည်း နာမည်ကျော် တေးသံရှင်များ ဖြစ်ကြသည့် ဇော်ပိုင်၊ Lလွန်းဝါ၊ မီးမီးခဲ၊ ချစ်သုဝေ၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ စောဖိုးခွား၊ Big Bag (ကျားပေါက်)၊ Project-One၊ Cyclone၊ Fire Cracker တို့ကလည်း Metal-Zone Band၊ PEACE Music Group တို့နှင့် ပူးပေါင်းဖျော်ဖြေမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

(ကောင်းဆက်နိုင်၊ စည်သူ)

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ