ဘူလ်ဂေးရီးယား ကစားသမား အိုင်ဗန်အား စာချုပ် ဖျက်သိမ်းခဲ့ ရခြင်းကို မကွေးအက်ဖ်စီ သတင်းစာ ရှင်းလင်း



မကွေးအက်ဖ်စီ အသင်းသည် ယခုနှစ် MNL Myanmar 2013 ပြိုင်ပွဲအတွက် ခေါ်ယူခဲ့သော ဘူလ်ဂေးရီးယား ကွင်းလယ် ကစားသမား အိုင်ဗန် ခါရာ မာနောဗ့် အား စာချုပ် ဖျက်သိမ်းမှုနှင့် ပက်သတ်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ဇူလိုင် ၂၀ ရက်နေ့ က တောင်ဥက္ကလာပ မြို့နယ်ရှိ မကွေးအက်ဖ်စီ အသင်း အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။ မကွေး အက်ဖ်စီ အသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အိုင်ဗန်မှ မီဒီယာအချို့ကို တစ်ဖက်သတ် စွပ်စွဲ ပြောကြားခဲ့ မှုများအား ပြန်လည် ရှင်းလင်းသည့် အနေဖြင့် အထက်ပါ အတိုင်း သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သတင်းစာ ရှင်းလင်းပွဲတွင် မကွေးအသင်း နည်းပြချုပ် ဦးကြည်လွင်က အသင်းအနေဖြင့် ပြည်တွင်းပြည်ပ ကစားသမား များကို အဆောင်တွင် အတူတကွ နေထိုင် စေခြင်းအား မူဝါဒ တစ်ရပ်အဖြစ် ၂၀၀၉ ခုနှစ် MNL ပြိုင်ပွဲ စတင်ချိန် ကပင် ကျင့်သုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုအချက်အား သဘောတူ လက်ခံမှသာ စာချုပ် ချုပ်ဆို ခေါ်ယူခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားသား ကစားသမား များကို အသင်း တာဝန်ရှိ သူများမှ ပြည်တွင်း ကစားသမား များထက် ပိုမို ဂရုတစိုက် ထားရှိ ခဲ့ကြောင်း၊ အဲကွန်း တပ်ဆင် ထားသည့် တစ်ယောက် အိပ်ခန်းနှင့် အခြား လိုအပ်သည့် Facilities စုံလင်စွာ  ပေးထားကြောင်း၊ အိုင်ဗန်ကို အသည်းရောင် အသားဝါ စဖြစ်ကတည်းက အထူးကု ဆရာဝန်ကြီး များနှင့် ဆေးရုံ သီးသန့်ခန်းတွင် ကုသ ပေးခဲ့ပါကြောင်း၊ သို့သော် ဆရာဝန် ညွှန်ကြားသည့် ဆေးဝါးများ သောက်သုံးခြင်း မရှိခဲ့ကြောင်း၊ ပြည်ပ ကစားသမား အချို့မှာ အဆောင်တွင် နေထိုင်ရမည့် စည်းကမ်းအား မလိုက်နာ ခဲ့သည်များ ရှိကြောင်း၊ ညအချိန်လွန်မှ ပြန်လာသည်များ ရှိကြောင်း၊ အိုင်ဗန်ကို ယခင် မန်ယူ ကစားသမား ဟောင်း မက်ခရီရီ နေထိုင်သည့် အခန်းအား ပေးထားခြင်း ဖြစ်ပြီး လိုအပ်သည့် အသုံး အဆောင်များ ဖြည့်ဆည်း ပေးထားကြောင်း၊ ဆေးရုံ တက်နေရစဉ် ကာလအတွင်း မိမိတို့ အသင်း မန်နေဂျာနှင့် အဖွဲ့ နေ့စဉ် သွားရောက်ပေးသလို ဘာသာစကား တက်ကျွမ်းသည့် ကစားသမား တစ်ဦးကိုလည်း အနားတွင် ထားရှိ ပေးထားကြောင်း၊ အသင်း အဆောင်ကို စနစ်တကျ ထားရှိပြီး နေ့စဉ် သန့်ရှင်းရေး ၀န်ထမ်း ၅ ဦးမှ တာဝန်ယူ ရှင်းလင်း ပေးနေကြောင်း၊ အ၀တ်အထည် များကအစ ကိုယ်တိုင် လျော်ဖွတ်ရန်ပင် မလိုကြောင်း စသဖြင့် အကျယ်တ၀ံ့ ရှင်းလင်းသွားခဲ့သည်။

" အဆောင်မှာ နေရမယ်ဆိုတဲ့ စည်းကမ်းချက်ကို သဘောတူမှသာ စာချုပ် ချုပ်ဆိုခေါ်ယူ တာပါ။ ဒါကလည်း အသင်းရဲ့ မူဝါဒ ဖြစ်ပါတယ်။ ကစားသမား တွေနဲ့အသင်း တစ်သားတည်း ဖြစ်အောင် အခုလို အတူတကွ နေထိုင် စေတာပါ။ နိုင်ငံခြား ကစားသမား တွေ အများကြီး အဆောင်မှာ နေသွားကြတယ်။ ဘာမှမဖြစ်ခဲ့ဘူး။ အဓိက ကတော့ ဘယ်သူမဆို ကိုယ့် ကျန်းမာရေး အတွက် ကိုယ့်ဘာသာ အနေအထိုင် ဆင်ခြင်ဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက် ရမှာပါ။ အိုင်ဗန်ကို တစ်လစာပဲ လျော်မယ်လို့ ပြောတာ မရှိခဲ့ပါဘူး။ တကယ်တော့  အသင်း တာဝန်ရှိသူတွေ သဘောထား ကြီးစွာနဲ့ သူတောင်းတဲ့ ၂ လစာ အပြင် တစ်လစာ ထပ်တိုးပြီး စုစုပေါင်း ၃ လစာ လျော်ကြေးပေး စာချုပ် ဖျက်လိုက်တာပါ" ဟု မကွေး အက်ဖ်စီ နည်းပြချုပ် ဦးကြည်လွင်က ပြောကြားသည်။ အိုင်ဗန်သည် တစ်လလျင် လစာငွေ အမေရိကန် ဒေါ်လာ ၄၀၀၀ ရရှိနေသော ကစားသမား ဖြစ်ပြီး မကွေးအသင်းမှ ၃ လစာအဖြစ် ဒေါ်လာ ၁၂၀၀၀ ပေးခဲ့ခြင်းဖြစ်သည်။

မကွေးအက်ဖ်စီ အသင်းတွင် အခြားသော နိုင်ငံခြားသား ကစားသမား များမှာလည်း စည်းကမ်း မလိုက်နာမှုများ၊ အသင်းပေါ် သစ္စာမဲ့မှုများ ရှိနေကြောင်း အသင်း တာဝန်ရှိသူများက ဆိုသည်။  မကွေးအက်ဖ်စီ အသင်းသည် နိုင်ငံခြားသား ကစားသမား (၄)ဦး ခေါ်ယူထားပြီး ယခုနှစ် ရာသီအတွင်း ကစားသမား (၄)ဦးစလုံး အသုံးပြု ခဲ့ရသည့် ပွဲမှာ တစ်ပွဲသာ ရှိကြောင်း၊ အချို့ပွဲများတွင် တစ်ဦးမျှ မသုံးစွဲနိုင် ခဲ့ကြောင်း၊ အေးဂျင့် များ၏ မရိုးသားမှု များကို သိထားကြောင်း၊ မိမိတို့ အသင်းအတွက် သာမက  နိုင်ငံ လက်ရွေးစင် အသင်းကိုပါ ထိခိုက်စေ ကြောင်း နည်းပြချုပ် ဦးကြည်လွင်က ဆိုသည်။

မကွေးအက်ဖ်စီ အသင်းသည် ယခုနှစ် ရာသီအတွက် အိုင်ဗန်(ဘူလ်ဂေးရီးယား)၊ ကာဇူကီ (ဂျပန်)၊ အယ်လ်မေးဒါး(တီမော)နှင့် ဆတ် အာမို့ရှ် (ဂါနာ)တို့ကို ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နိုင်ဂျီးရီးယား၊ ကင်မရွန်း၊ လက်ဘနွန်၊ ဂီနီ၊ အိုင်ဗရီကိုစ်၊ ဘူလ်ဂေရီးယား၊တီမော၊ဂျပန်၊ ဂါနာ စသည့် နိုင်ငံများမှ ကစားသမား ၁၉ ဦး ခေါ်ယူသုံးစွဲခဲ့သည်။

Written by Okocha

Myanmar Football Federation

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ