ဥရောပ အကောင်းဆုံး ဆန်ခါတင် စာရင်းဝင် ဘောလုံး သမားများ


ဥရောပ ဘောလုံး အဖွဲ့ချုပ် ယူအီးအက်ဖ်အေက ၂ဝ၁၂-၂ဝ၁၃ ဘောလုံးရာသီ အတွက် အကောင်းဆုံး ကစားသမား ၁ဝ ဦး၏ ဆန်ခါတင် စာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
အဆိုပါ စာရင်းထဲတွင် ချန်ပီယံလိဂ် ဖလားရ ဘိုင်ယန်မြူးနစ် အသင်းမှ ကစားသမား လေးဦး ပါဝင်နေပြီး ပရီးမီးယား လိဂ်မှ ဗန်ပါစီနှင့် ဂါရတ်ဘေးလ်၊ လာလီဂါမှ မက်ဆီနှင့် စီရော်နယ်ဒို၊ ပြင်သစ်လိဂ်မှ အီဘရာဟီမိုဗစ်၊ ဂျာမန်ဘွန်ဒက်လီဂါမှ လီဝမ်ဒေါ့စကီးတို့ ပါဝင်နေသည်။ အဆိုပါ ဘောလုံးသမား များ၏ စွမ်းဆောင်မှုကို သုံးသပ် တင်ပြလိုက် ပါသည်။
သောမတ်မူလာ (ဂျာမနီ/ ဘိုင်ယန်မြူးနစ်)
ဘိုင်ယန်မြူးနစ် အသင်း၏ ငယ်မွေးခြံပေါက် ကစားသမား တစ်ဦးဖြစ်ပြီး  ပြီးခဲ့သည့် ဘောလုံး ရာသီက ခြေစွမ်း ပြနိုင်ခဲ့သည်။ အသက် ၂၃ နှစ်သာ ရှိသေး၍  တိုက်စစ်သန် ကွင်းလယ်နှင့်  တောင်ပံ နေရာများတွင် ကစားနိုင်သည်။ ဘိုင်ယန်မြူးနစ် အသင်းကြီးတွင် ၂ဝဝ၈  ခုနှစ်မှစ၍ ပါဝင် ကစားခဲ့ပြီး ၁၃၄ ပွဲတွင် ၄၅ ဂိုးသွင်းယူနိုင်ခဲ့သည်။ ဂျာမနီ လက်ရွေးစင် အသင်းတွင်လည်း ၄၁ ပွဲတွင် ၁၃ ဂိုး သွင်းယူထားပြီး ဖြစ်သည်။
ရှဝိုင်းစတိုင်ဂါ (ဂျာမနီ/ဘိုင်ယန်မြူးနစ်)
ဘိုင်ယန်မြူးနစ် အသင်း၏ ကွင်းလယ်ကို အဓိက ထိန်းချုပ် ကစားနိုင်ပြီး ချန်ပီယံ လိဂ်တွင် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင် နိုင်သော ဂျာမန် လက်ရွေးစင် ကစားသမား တစ်ဦးဖြစ်သည်။ ကွင်းလယ်တွင် ခံစစ်ရော၊  တိုက်စစ်ပါ လိုက်ပါ ကစားနိုင်သော   စွယ်စုံရ ကစားသမား တစ်ဦးဖြစ်သည်။  ဘိုင်ယန်မြူးနစ် အသင်း ၏ ဒုတိယ အသင်း ခေါင်းဆောင်လည်း ဖြစ်ပြီး  ဂျာမန် လက်ရွေးစင် အသင်းတွင်လည်း အရေးပါသော ကစားသမား တစ်ဦး ဖြစ်သည်။  ဘိုင်ယန်မြူးနစ်တွင် ၂ဝဝ၂ ခုနှစ်မှစ၍ ပွဲပေါင်း ၂၉၉ ပွဲ ကစားခဲ့ပြီး ၃၆ ဂိုး သွင်းယူ ထားနိုင်ခဲ့သည်။
ဗန်ပါစီ (ဟော်လန်/မန်ယူ)
မန်ယူအသင်းသို့ ပြီးခဲ့သည့် ရာသီကမှ ပြောင်းရွှေ့ လာခဲ့သူ ဗန်ပါစီသည် မန်ယူအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိစေရန် အဓိက အထောက်အကူ ပေးခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ် ၃၈ပွဲတွင် ၂၆ ဂိုး သွင်းယူ နိုင်ခဲ့သည်။ နယ်သာလန် လက်ရွေးစင် အဖြစ် ၂ဝဝ၅ ခုနှစ်ကမှ စတင်ပါဝင် ကစားခဲ့ပြီး ၇၆ ပွဲတွင် ၃၅ ဂိုး သွင်းယူ ထားခဲ့ပြီး ဖြစ်သည်။  ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ဆုကို နှစ်ရာသီ ဆက်တိုက် ရရှိ ထားသူလည်း ဖြစ်သည်။ဟော်လန် လက်ရွေးစင် အသင်း၏ အသင်း ခေါင်းဆောင်လည်း ဖြစ်သည်။
အာဂျန်ရော်ဘင် (ဟော်လန်/ဘိုင်ယန်မြူးနစ်)
ရှဝိုင်းစတိုင်ဂါ ကဲ့သို့ပင် ဘိုင်ယန်မြူးနစ် အသင်း ယခုရာသီ၌ ချန်ပီယံလိဂ် ဖလား ရရှိခဲ့မှုတွင် အဓိက စွမ်းဆောင်ပေးခဲ့သူ ကစားသမား ဖြစ်သည်။ နောက်ဆုံး ဗိုလ်လုပွဲတွင် ဒေါ့မွန်ဘက်သို့ အရေးပါသော အနိုင်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့သည်။
ဂရိုနင်ဂျင်၊ ပီအက်ဗွီ၊ ချယ်လ်ဆီးနှင့် ရီးယဲလ် မက်ဒရစ် အသင်းများတွင် ကစားခဲ့ဖူးပြီး ဘိုင်ယန်မြူးနစ် အသင်းသို့ ၂ဝဝ၉ ခုနှစ်တွင် ရောက်ရှိလာခဲ့သည်။  ဘိုင်ယန် အတွက် ၇၈ ပွဲ ကစားထားပြီး ၄၅ ဂိုး သွင်းယူ ပေးထား နိုင်ခဲ့သည်။ ဟော်လန် လက်ရွေးစင် အသင်းအတွက်လည်း ၆၄ ပွဲတွင် ၁၈ ဂိုးသွင်း ယူထားခဲ့သည်။
လီယွန်နယ်မက်ဆီ (အာဂျင်တီးနား/ဘာစီလိုနာ)
ကမ္ဘာ့ အကောင်းဆုံး ဆုကို လေးကြိမ်ဆက်တိုက် ရရှိထားခဲ့ပြီး  ဥရောပ အကောင်းဆုံး ဘောလုံး သမားဆုကိုလည်း  ၂ဝ၁၁ခုနှစ်က ရရှိထားသည်။ ၂ဝ၁၂ခုနှစ်တွင်မူ ဒုတိယ နေရာသာ ရရှိခဲ့သည်။ ဘာစီလိုနာ အသင်းအတွက် ၂ဝဝ၄ ခုနှစ်မှစ၍ ပါဝင် ကစားခဲ့ပြီး ၂၄၆ ပွဲတွင် ၂၁၅  ဂိုး သွင်းယူထားပြီး ဖြစ်သည်။
အာဂျင်တီးနား လက်ရွေးစင် အဖြစ် ယူ-၂ဝ၊ ယူ-၂၃ အသင်းများတွင် ပါဝင် ကစားခဲ့ပြီး လက်ရွေးစင် အသင်းကြီးတွင် ၂ဝဝ၅ ခုနှစ်မှစ၍ ၈၂ ပွဲတွင် ၃၅ ဂိုး သွင်းယူ ထားခဲ့သည်။
စီရော်နယ်ဒို (ပေါ်တူဂီ/ရီးယဲလ်မက်ဒရစ်)
ပေါ်တူဂီ လက်ရွေးစင် နာမည်ကြီး ဘောလုံးသမား တစ်ဦး ဖြစ်ပြီး ရီးယဲလ် မက်ဒရစ်သို့ ၂ဝဝ၉ ခုနှစ်တွင် စတင် ရောက်ရှိလာကာ ၁၃၅ ပွဲတွင် ၁၄၆ ဂိုး သွင်းယူ ထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၂-၂ဝ၁၃ ရာသီတွင်မူ လာလီဂါ၊ ချန်ပီယံလိဂ်နှင့် စပိန် ဘုရင့်ဖလား ပွဲစဉ်များတွင် အောင်မြင်မှု မရရှိဘဲ ဖလားလက်မဲ့ ဖြစ်သော ရာသီကို ဖြတ်သန်း ခဲ့ရသည်။ ၂ဝ၁ဝ-၂ဝ၁၁ နှင့် ၂ဝ၁၁-၂ဝ၁၂ ရာသီတို့တွင် ဥရောပ တတိယ အကောင်းဆုံး ဘောလုံးသမား အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။
ဖရန့်ရစ်ဘာရီ (ပြင်သစ်/ဘိုင်ယန်မြူးနစ်)
ယမန်နှစ် ဘောလုံး ရာသီတွင် ဖလားသုံးလုံးရ ဘိုင်ယန်အသင်း အတွက် အရေးပါသော တောင်ပံ ကစားသမား တစ်ဦးဖြစ်သည်။ အသက် ၃ဝ ရှိပြီး အရပ် ၅ ပေ ၇ လက်မ ရှိသည်။ ပြင်သစ် လက်ရွေးစင် ကစားသမား တစ်ဦးဖြစ်ပြီး ဘိုင်ယန်မြူးနစ်သို့ ၂ဝဝ၇ ခုနှစ်တွင် ပြောင်းရွှေ့ ရောက်ရှိခဲ့သည်။ ဘိုင်ယန် အသင်းအတွက်  ၅၃ ဂိုး သွင်းယူ ထားနိုင်ခဲ့သည်။ ပြင်သစ် လက်ရွေးစင် အသင်းတွင်လည်း ၂ဝဝ၆ ခုနှစ်မှ စတင် ကစားခဲ့ပြီး ၇၂ ပွဲတွင် ၁၂ ဂိုးသွင်းယူ ထားနိုင်ခဲ့သည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ