ရီယူနီယံ အပန်းဖြေကျွန်းတွင် ငါးမန်းကိုက်ခံရသဖြင့် မိန်းကလေးတစ်ဦး သေဆုံး


အသက်(၁၅)နှစ်သာ ရှိသေးသည့် မိန်းကလေးသည် မိသားစုနှင့်အတူ အားလပ်ရက် အပန်းဖြေခရီးအဖြစ် ရောက်ရှိနေစဉ် ယခုလို အဖြစ်ဆိုးနှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။

အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ သာယာလှပသော အပန်းဖြေ ကျွန်းလေးတစ်ခုအနီးတွင် ရေကူးနေသော ပြင်သစ် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး ငါးမန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း သိရှီရသည်။ မဒါဂါစကား ကမ်းလွန်ရှိ ရီယူနီယံ ကျွန်းလေးသည် လှပကျယ်ပြန့်သော ကမ်းခြေသောင်ပြင်ကြောင့် အပန်းဖြေ စခန်းလေးတစ်ခုအဖြစ် ထင်ရှားသည်။ အသက်(၁၅)နှစ်သာ ရှိသေးသည့် မိန်းကလေးသည် မိသားစုနှင့်အတူ အားလပ်ရက် အပန်းဖြေခရီးအဖြစ် ရောက်ရှိနေစဉ် ယခုလို အဖြစ်ဆိုးနှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။ သူမသည် ကမ်းခြေမှ (၁၅)ပေမျှသာ ဝေးကွာသော နေရာတွင် ရေကူးနေစဉ် ငါးမန်းတစ်ကောင်၏ ကိုက်ခဲမှုကို ကြုံခဲ့ရခြင်း ဖြစ်သည်။ ကလေးမလေး၏ ညီမဖြစ်သူသည် သူမကို ငါးမန်းကိုက်ခဲ၍ နှစ်ပိုင်းပြတ်သွားပုံ၊ သူမ၏ ခန္ဓာကိုယ် တစ်ပိုင်းကို ငါးမန်းက ဆွဲယူသွားပုံ ခြောက်ခြားစရာ မြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရသည်။

ဇူလိုင်လ (၁၅)ရက်နေ့၊ ညနေပိုင်းက ဖြစ်စဉ်ကို သေဆုံးသွားသည့် မိန်းကလေး၏ ညီမအပြင် အခြား တွေ့မြင်သူ အတော်များများလည်း ရှိခဲ့သည်။ ငါးမန်း၏ အစွယ်များကြောင့် မိန်းကလေးသည် ရင်ဘတ်နေရာမှ နှစ်ပိုင်းပြတ်သွားခဲ့သည်။ "အလောင်းရဲ့ တစ်ပိုင်းကိုပဲ ပြန်ရတယ်။ ကျန်တဲ့ တစ်ဝက်ကတော့ ငါးမန်းဆွဲသွားတယ်"ဟု ကျွန်း၏ အများပြည်သူ လုံခြုံရေးဌာန အကြီးအကဲ ဂီနာဟူရားက ပြောကြားခဲ့သည်။ သူမက "မိန်းကလေးက စိန့်ပေါလ် ပင်လယ်အော်နားမှာ ရေကူးနေတာပါ။ အဲဒီနေရာက တရားဝင် ရေကူးခွင့် မပြုဘူး။ ငါးမန်းတိုက်ခိုက်မှုမှာ သူဟာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ယူဆရပါတယ်။ သူ့ခန္ဓာကိုယ် အထက်ပိုင်းကို ပြန်ရဖို့တော့ ကြိုးစားနေတုန်းပဲ"ဟု ဆက်လက် ပြောဆိုသွားသည်။

စိန့်ပေါလ်မြို့ငယ်လေးမှ မြို့တော်ဝန် ဟူဂက်တိုဘယ်လိုက "ကလေးမလေးက အသက်(၁၅)နှစ်ပဲ ရှိသေးတယ်။ ပြင်သစ်က လာတာပါ။ ကျွန်းပေါ်က သူ့အဖေဆီ အားလပ်ရက်မှာ ရောက်လာတာ။ သူ့အဖေက စိန့်ပေါလ် ရွက်လှေအသင်းရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ အခင်းဖြစ်တုန်းက မိန်းကလေးရော၊ သူ့ညီမပါ ရေကူးနေတာပါ။ သူတို့မှာ မျက်နှာဖုံးတွေရော၊ အသက်ရှူပိုက်တွေပါ ရှိတယ်။ နှစ်ယောက်စလုံး ပင်လယ်ကွေ့ စားသောက်ဆိုင် ရှေ့ဘက်လေးမှာတင် ရှိနေတာပါ"ဟု ရှင်းပြခဲ့သည်။ ဘယ်လိုက ကမ်းခြေနှင့် နီးလွန်းသော နေရာတစ်ခုတွင် ငါးမန်းတိုက်ခိုက်မှု ကြုံရခြင်းမှာ ခဲယဉ်းလွန်းကြောင်းလည်း ဝန်ခံခဲ့သည်။

ရေနက်ပိုင်းတွင် လှိုင်းစီးနေသူများကို ငါးမန်းများက ရန်ပြုမှုမျိုး ကြုံရလေ့ ရှိသော်လည်း ရေတိမ်ပိုင်းနားထိ ချဉ်းကပ်မှုမျိုးသည် အလွန်သဘာဝ မကျသည့် အခြေအနေမျိုးဟု ယူဆနိုင်သည်။ အခင်းဖြစ်ပွားပြီးနောက် ပတ်ဝန်းကျင် ကမ်းခြေ စားသောက်ဆိုင်များကို ချက်ချင်းပိတ်စေပြီး ရေကူးခွင့်ကိုလည်း တားမြစ်ခဲ့သည်။ ထို့အပြင် လူသတ်ငါးမန်းကို အမဲလိုက်မှု လုပ်ငန်းစဉ်လည်း စတင်နေပြီ ဖြစ်သည်။ မေလကလည်း ရီယူနီယံ ကမ်းခြေနှင့် မနီးမဝေးတွင် ပြင်သစ် ရေလှိုင်းစီးသမားတစ်ဦး ငါးမန်းကိုက်ခဲမှုကြောင့် သေဆုံးခဲ့သေးသည်။

ထိုစဉ်က အသက်(၃၆)နှစ်ရှိ အမျိုးသား၏ အနီးတွင် ရေကူးနေသူ တစ်ဦးက ရေပြင်တွင် ပျံ့နှံ့လာသည့် သွေးများကို တွေ့မြင်သည့်နောက် ကယ်ဆယ်ရေးများကို တပ်လှန့်ခဲ့ရာ ၎င်းကို ရေထဲမှ ဆွဲတင်နိုင်ခဲ့သည်။ သို့သော်လည်း ကြီးမားသော ကိုက်ရာကြီး နှစ်ခုမှ သွေးအမြောက်အမြား ဆုံးရှုံးထားသလို နှလုံးနှင့် အသက်ရှူလမ်းကြောင်း ထိခိုက်မှုများကြောင့် ကမ်းခြေအရောက်တွင်ပင် အသက်ဆုံးရှုံးခဲ့သည်။ ၎င်း၏ ဇနီးမှာလည်း ပေါင်နှင့် လက်မောင်းမှ ကိုက်ရာကြီးများကို တွေ့မြင်ပြီးနောက် မူးမေ့သွားသဖြင့် အရေးပေါ် ကုသမှု ခံယူခဲ့ရသေးသည်။

အဆိုပါ ကျွန်းအနီးတွင် ယခုနှစ်အတွင်း ငါးမန်းတိုက်ခိုက်မှုကြောင့် လူသေမှု (၂)ခုထိ ရှိလာခြင်းသည် လုံခြုံရေးများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။ ယင်းဒေသ၌ လွန်ခဲ့သည့် (၂)နှစ်အတွင်း လူ(၃)ဦး ငါးမန်းကိုက်၍ သေဆုံးဖူးကြောင်းလည်း သိရသည်။ သုတေသီများက ငါးမန်းများသည် သာမန်အားဖြင့် လူသားစား သတ္တဝါများ မဟုတ်သော်လည်း ၎င်းတို့၏ သဘာဝ သားကောင်ဖြစ်သည့် ဖျံနှင့် လိပ်များဟု အမြင်မှား၍ တိုက်ခိုက်တတ်ခြင်းဟု ပြောကြားထားသည်။ တစ်ခါတစ်ရံတွင် ငါးမန်းများသည် လှိုင်းစီးဘုတ်ပြားကို မည်သည့်အရာဖြစ်ကြောင်း သိချင်စိတ်ဖြင့် ၎င်းတို့၏ သွားများကို အသုံးပြုလိုက်ခြင်းလည်း ဖြစ်တတ်ကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းတွင် ငါးမန်းတိုက်ခိုက်မှု (၇၈)ကြိမ်အတွက် သတင်းပေးပို့မှုများ ရှိခဲ့ပြီး လူ(၈)ဦး အသက်ဆုံးရှုံးခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ