ဖြစ်သင့်တာ မလုပ်ဘဲ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်နေရတဲ့ အပေါ် ကျေနပ်နေသူ ဖော်ကာ (Wanted)


Wanted အဖွဲ့က သူတို့ရဲ့ ပရိသတ်တွေ မျှော်လင့်နေတဲ့ “တစ်ယောက် တစ်နေရာမှ” ဆိုတဲ့ တတိယ စီးရီးကို မကြာမီလ အနည်းငယ် အတွင်းမှာ ထွက်ရှိတော့မယ် လို့ Wanted က အဆိုသမား ဖော်ကာ ထံမှ သိရပါ တယ်။ တတိယ စီးရီးထဲမှာ ဖော်ကာ က သူတအားကြိုက် နှစ်သက် ရတဲ့ အဆိုတော်ကြီး တစ်ဦး နဲ့လည်း တွဲ ဖက် သီဆိုဖို့ ရှိပြီး သီချင်း မပြီးသေးတဲ့ အတွက် အနည်းငယ် ကြန့်ကြာနေ တယ်လို့လည်း သိရပါတယ်။

“SIR အဖွဲ့သားတွေ ရေးပေး ထားတဲ့ သီချင်းတွေလည်း ရှိတယ်။ အတွဲ အနေနဲ့တော့ ဆိုမထားဘူး။ ကျွန်တော့်ရဲ့ ဆရာ လိုဖြစ်တဲ့ ဆရာကြီး တစ်ယောက် နဲ့တော့ တွဲဆို ဖို့ ရှိတယ်။ အဲဒီအပုဒ်လည်း စောင့်နေလို့။ ပြီးတော့ ကိုအောင်လတို့၊ ကိုရေမွန် တို့ရေးပေးမယ့် အချိန်ကိုလည်း စောင့်နေလို့ပါ” ဆိုပြီး အခွေ အနည်းငယ် ကြန့်ကြာနေ ရခြင်းကို ပြောပါတယ်။ ၂ဝ၁၂ နှစ်ကုန်ပိုင်း၊ ၂ဝ၁၃ နှစ်ဆန်းပိုင်းလောက်မှာ ဖော်ကာ နဲ့ပတ်သက်ပြီး ပြောစရာ အကြောင်းအရာတွေ ပိုများခဲ့သလို သူ့ပရိသတ် အင်အား ကိုလည်း အွန်လိုင်းမှာပါ ပိုမိုတွေ့လာရပါတယ်။ အခုလို Fan Page ပိုမိုများ ပြားလာပြီး ဖော်ကာ ကိုယ်တိုင်လည်း သူ့ပရိသတ်တွေ နဲ့အွန်လိုင်းမှာ စကား ပြောဖြစ် တာကို တွေ့ရပါတယ်။ fan Page တွေ များလာခြင်း အပေါ်မှာ ကော ဘယ်လို ခံစားမိလဲ ဆိုတော့..

“ပျော်ပါတယ်။ ကျွန်တော်ဖြစ်ချင်ခဲ့ တာလည်း အဲဒါပဲ။ ကျွန်တော် အားကျ၊ လေးစားတဲ့ ကိုလေးဖြူ တို့ဆို လည်း ပရိသတ် ကြိုက်တာ မဟုတ်ဘူး၊ ပရိသတ် ချစ်တာ။ အဲဒီလိုမျိုး ကျွန် တော်လည်း ပရိသတ် ချစ်တဲ့သူတစ် ယောက်ပဲ ဖြစ်ချင်တယ်။ ကြိုက်တဲ့သူ မဖြစ်ချင်ဘူး။ စိတ်ထဲမှာ ကိုယ့်အမျိုး ရင်း တစ်ယောက်လို ချစ်တာလေးပဲ လိုချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကြိုက်တယ် ဆိုရင် ပရိသတ် မကြိုက် တဲ့ အဝတ်အစားမျိုး၊ တစ်ခု ခုပေါ့ ဝတ်လိုက်ရင် မကြိုက်တော့ဘူးလေ။ အခု ကျွန်တော့် အမျိုး တွေက အဲဒီလို မဟုတ်ဘူး။ ကျွန် တော့်ကို ချစ်ကြ တယ်။ အဲဒါကို ပီတိ ဖြစ်ရတယ်။ အွန်လိုင်း မှာလည်း ကျွန် တော့်ပရိသတ် Group တွေတွေ့ရတယ်။ ကျွန် တော် လည်း စကားတွေ ဝင်ပြောဖြစ်တယ်။ ပြီးတော့ ကျွန်တော် စိတ်ညစ်နေပြီဆို လည်း ဝိုင်းဝန်း ဆွေးနွေးပေး တာတွေ့ရတော့ ကြက်သီးတောင် ထ တယ်။ ကိုယ့်ကို အဲဒီလောက်ကြီး ဂရုစိုက်ကြမယ် လို့မထင်ဘူး။ ဒါကလူဖြစ်ရတာ ပျော်ဖို့ ကောင်းပါတယ်” လို့ ပြောတဲ့ ဖော်ကာက သူကိုယ်တိုင် ပရိသတ် စစ်စစ်ဖြစ် ခဲ့ဖူး တယ်လို့ပြောပါတယ်။

ဆက်လက်ပြီး မေ ၂၉ ရက်၊ 9 Planet ၁ဝနှစ်ပြည့် ရှိုးပွဲမှာပါဝင် ဖျော်ဖြေမယ့် ဖော်ကာတို့ အဖွဲ့အနေနဲ့ ရှိုး တိုင်းလိုလိုမှာလည်း မဆိုဖြစ်တာကြောင့် တီးဝိုင်း တစ်ဝိုင်း အနေနဲ့ ရပ်တည်မှု ကကော ဖော်ကာ တို့အတွက် ခက်ခဲနေ လား ဆိုတော့ “ချမ်းချမ်းသာသာကြီး မနေနိုင်ဘူး ဆိုတာတော့သေချာတယ်။ ဒါပေမဲ့ စားဝတ်နေရေး ကတော့ မခက်ခဲ ပါဘူး။ ကျွန်တော်တို့ လိုချင်တာက လည်း ဂီတနဲ့ ကားအပျံစားကြီး စီးမယ်၊ တိုက် အကောင်းစားကြီး နဲ့နေမယ်လို့ မစဉ်းစားခဲ့ဘူး။ ကျွန်တော် သင်္ကြန် တုန်း ကပြောသလိုပဲ။ အဲဒီတုန်းက အောက်ကနေ အင်္ကျီတွေ၊ မျက်မှန် တွေ၊ ခါးပတ်တွေ အများကြီးပဲ ပစ်ပေးကြတယ်။ ကျွန်တော် အဲဒါတွေ အားလုံးပြီးတော့ ပြန်ပေး တယ်။ စင်ပေါ် ကနေပြန်ပစ်ပေးတယ်။ ပြီးတော့ ပြောပါတယ်။ အဲဒီလို ပေးစရာ မလိုဘူး လို့။ ထမင်းဝအောင် ကျွေးထားတဲ့ အတွက် ဗိုက်ပြည့်ပြီ။ ဗိုက်ပြည့်ရင် သီချင်းဆို လို့ရပြီ ။တော်ပြီလေ။ အေး ဆေးပေါ့။ သိပ်အများကြီး ခေါင်းထဲ မရှိဘူး။ အကောင်းစားကြီး နေချင်ရင် အစကတည်းက စီးပွားရေးတို့၊ ဘာ တို့သေချာလေ့လာ လိုက်စား ပြီး လုပ်မှာပေါ့။ အခုလို ကိုယ်လုပ်ချင်တာ လုပ်ခွင့် ရနေတာလေးကိုပဲ ကျေနပ်ပါတယ်။ ပျော်ပျော်လေး နဲ့ ဝါသနာ ဗီဇပါတဲ့ အလုပ်ကို ဖြစ်သင့် တာမလုပ် ဘဲ ဖြစ်ချင် တာ ကိုဖြစ် အောင် လုပ်နေရတဲ့ အတွက် ကျေနပ် ပါတယ်” လို့ ဖော်ကာက ပြောပြခဲ့ပါ တယ်။

ရဲရဲ - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ